ကိုယ်အလေးချိန် ကျဖို့အတွက် သံပရာရည် သောက်နေသူတွေ သိထားဖို့ ...
ကိုယ်အလေးချိန် ကျဖို့အတွက် အခြေခံအကျဆုံးနဲ့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုကတော့ မနက်စောစောမှာ သံပရာရည်နွေးနွေးလေးတစ်ခွက် သောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက ကျွန်ုပ်တို့အားလုံးနဲ့ ရင်းနှီးနေတဲ့ နည်းလမ်းဖြစ်ပြီး တော်တော်များများလည်း စမ်းလုပ်ကြည့်ဖူးကြပါလိမ့်မယ်။ ဒီသံပရာရည် သောက်တာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
♦ ရင်ပူခြင်းကို ဖြစ်စေနိုင်ပါတယ်။
သံပရာသီးမှာ အက်ဆစ်ဓာတ် ပါဝင်တဲ့အတွက် သောက်တာ များသွားရင် ရင်ပူစေနိုင်ပါတယ်။ ဒါကြောင့် အက်ဆစ်တွေ ပြန်ကန်တက်တယ်လို့ သံသယဖြစ်ရင် သံပရာရည် အများကြီး မသောက်ပါနဲ့။
♦ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။
သံပရာသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က သွားရဲ့ကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။ အက်ဆစ်ဓာတ်က သွားထဲကို ထိုးဖောက်ဝင်ရောက်ပြီး သံပရာသီးမှာ ပါဝင်တဲ့ သဘာဝသကြားဓာတ်က သွားကို ထပ်ပြီးပျက်စီးစေပါတယ်။ ဒါကြောင့် သံပရာရည် သောက်ခြင်းက သွားခေါင်းနဲ့ သွားရဲ့ခံနိုင်ရည် နှစ်မျိုးစလုံးကို ပျက်စီးစေပါတယ်။
♦ ပျို့အန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
သံပရာသီးမှာ ကျွနု်ပ်တို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်စီ ကြွယ်ဝပေမယ့် အလွန်အကျွံ စားသုံးရင်တော့ ကျန်းမာရေးပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အစာအိမ် မအီမသာဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
♦ ဆီး မကြာခဏ သွားစေနိုင်ပါတယ်။
သံပရာရည်သောက်တာ များရင် နောက်ထပ် ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ ဆီး မကြာခဏသွားပြီး ရေဓာတ် ခန်းခြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရေဓာတ် ခန်းခြောက်ခြင်းကို တွန်းလှန်နိုင်ဖို့ ရေ များများသောက်ပေးဖို့ လိုပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























