ခြေသည်း၊ လက်သည်းလေးတွေကို ဂရုစိုက်ပြီး ထိန်းသိမ်းကြမယ်
လက်သည်း၊ ခြေသည်းတွေကို သေချာ ဂရုတစိုက် ထိန်းသိမ်းတာက လက်လေးတွေ၊ ခြေထောက်လေးတွေ လှနေဖို့အတွက်ပဲ မဟုတ်ဘဲနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။
1. ခြေသည်း၊ လက်သည်းတွေ ရှည်လာတဲ့အခါမှာ ညှပ်ပေးပါ။ ကိုယ့်အတွက် ရှည်လာပြီဆိုတဲ့ အနေအထားကို ရောက်လာရင် ညှပ်လိုက်ပါ။ တကယ်လို့ မညှပ်ဘဲထားမယ်ဆိုရင် လက်သည်း ကျိုးပဲ့သွားတာ ဒါမှမဟုတ် တခြားပစ္စည်းတွေနဲ့ ငြိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပိုဆိုးလာရင် ကုတ်ခြစ်မိနိုင်ပါသေးတယ်။
ခြေသည်းတွေကိုလည်း သေချာညှပ်ပါ။ ခြေသည်းညှပ်တာ နည်းမမှန်ရင် ခြေထောက်ကို ထိုးမိပြီး ဒဏ်ရာရတာတွေ ဖြစ်နိုင်သလို ခြေသည်းထိုးလို့ ရှူးတွေ၊ ဘွတ်ဖိနပ်ထောင့်တွေမှာ ပေါက်ပြဲတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ခြေစွယ်လည်း ငုပ်နိုင်ပါသေးတယ်။
2. လက်သည်း၊ ခြေသည်းတွေအတွက် အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝရအောင် စားသောက်ပေးပါ။ လက်သည်း ကျိုးလွယ်၊ ပဲ့လွယ်တာက သံဓာတ်ချို့တဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတော့ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသည်း၊ အနီရောင်အသား၊ ငါး၊ ပဲပိစပ်ဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ပဲ၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်၊ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ကြက်ဆင်သား၊ အခံွမာသီး၊ ကြက်ဥအနှစ်၊ နဲ့ သစ်သီးခြောက်တွေစားပေးပါ။ မုန်လာဥနီမှာလည်း လက်သည်းတွေ ကြီးထွားဖို့အတွက် လိုအပ်တဲ့ ကယ်ဆီယမ်နဲ့ ဗီတာမင် D တွေ ပိုမိုပါဝင်တဲ့အတွက် နေ့စဉ်စားသုံးပေးခြင်းဖြင့် လက်သည်း၊ ခြေသည်းလေးတွေကို ကျန်းမာစေပါလိမ့်မယ်။
3. လက်သည်းတွေ သန့်ရှင်းစေဖို့နဲ့ အရောင်စွဲနေတာကို ကျွတ်စေဖို့အတွက် - ရေတစ်ခွက်ထဲကို သံပုရာသီး လတ်လတ်ဆတ်ဆတ်တစ်လုံး အရည်ညှစ်ထည့်ပြီးတော့ ဒီရေထဲကို လက်သည်း (သို့) ခြေသည်းတွေ မိနစ်အနည်းငယ်ကြာအောင် နှစ်ထားပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ သေချာဆေးပေးပြီး အစိုဓာတ်ထိန်းဆေး (moisturizer) လိမ်းပေးပါ။ ဒီနည်းက လက်သည်း၊ ခြေသည်းတွေမှာ အရောင်စွဲနေတာတွေအတွက် တကယ်ကောင်းတဲ့နည်းလမ်းပါ။
နောက်တစ်နည်းကတော့ ခြေသည်း၊ လက်သည်းတွေကို ကြက်သီးနွေးလောက် နွေးနေတဲ့ မုန်ညင်းဆီထဲမှာ ၈-၁၀ မိနစ်လောက် စိမ်ထားပါ။ ပြီးရင်တော့ သွေးလှည့်ပတ်မှု ပုံမှန်ဖြစ်စေဖို့အတွက် တစ်ချောင်းချင်းစီကို ဖြည်းဖြည်းချင်း ပွတ်ပေးပါ။ ဒီနည်းကလည်း လက်သည်း၊ ခြေသည်းတွေကို ကျန်းမာသန်စွမ်းစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။
လက်သည်းတွေကို သံလွင်ဆီနွေးနွေးလေးထဲကို ၁၅-၃၀ မိနစ်ခန့် တစ်ရက်ခြား တစ်ကြိမ် စိမ်ပေးခြင်းက လက်သည်းပျော့နေတာကို မာလာစေပါတယ်။
4. လက်သည်း၊ ခြေသည်းတွေကို နှိပ်နယ်ပေးပါ - လတ်ဆတ်တဲ့သံပယိုရည်ထဲကို နှစ်ထားတဲ့ဂွမ်းလုံးလေးကို သုံးပြီး လက်သည်း၊ ခြေသည်းတွေကို ညင်သာစွာ ပွတ်တိုက်ပေးပါ။ အချိန်အနည်းငယ်ကြာရင် သေချာဆေးချလိုက်ပါ။ ဒီနည်းလမ်းလေးကတော့ လက်သည်း၊ ခြေသည်းတွေ မာပြီး တောက်ပြောင်လာစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)





























