ခြောက်သွေ့တဲ့ဆံသားတွေကို ပြုပြင်ပေးမယ့် အချက် 10 ချက်
ဆံပင်ခြောက်သွေ့ခြင်းက ပြဿနာတစ်ရပ်ပါ။ ဆံသားခြောက်သွေ့ခြင်းက ဆံသားမှာ သဘာဝအဆီကင်းမဲ့ခြင်းကြောင့်ဖြစ်ပြီး အချို့ကတော့ မျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ်။ ခြောက်သွေ့တဲ့ဆံသားတွေက ကျန်းမာမှုမရှိဘဲပျက်စီးပြီးတော့ ဆံပင်ကျွတ်ခြင်းကိုလည်းဖြစ်စေပါတယ်။ ဒါကြောင့် ခြောက်သွေ့တဲ့ဆံကေသာရှိသူတွေအနေနဲ့ ဆံပင်ကိုဂရုစိုက်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများ စားသုံးခြင်း၊ ဆံပင်ပျော့ဆေးများသုံးခြင်းဖြင့် ဆံပင်ကိုသေချာထိန်းသိမ်းသင့်ပါတယ်။ ခြောက်သွေ့တဲ့ဆံကေသာတွေအတွက် သဘာဝနည်းလမ်းကောင်းတွေအများကြီးရှိပါတယ်။ အသုံးဝင်တဲ့ နည်း 10 နည်းကို ဖော်ပြပေးလိုက်ပါတယ်။
1. ဆံပင်ပုံသွင်းတဲ့ပစ္စည်းတွေ နည်းနိုင်သမျှနည်းနည်းသုံးပါ။
ဆံပင်ပုံသွင်းတဲ့ပစ္စည်းတွေကြောင့် ဆံသားခြောက်သွေ့နိုင်ပါတယ်။ ဆံပင်ဖြန်းဆေးတွေက ဆံသားခြောက်သွေ့စေတဲ့ အဆိုးဆုံးပစ္စည်းပဲဖြစ်ပါတယ်။ ဆံပင်ပုံသွင်းဆေးတွေက ဆံပင်ရဲ့အစိုဓာတ်ကိုစုပ်ယူလိုက်ပါတယ်။ ဒါကြောင့် ဒီပစ္စည်းတွေကို ရက်အနည်းငယ်လောက် လုံးဝမသုံးဘဲထားပြီးတော့ ဆံပင်အခြေအနေကိုပြန်သုံးသပ်ကြည့်ပါ။
2. ဆံပင်ကို အပူနဲ့ထိတွေ့မှုနည်းပါစေ။
ဆံပင်ကိုအပူပေးတာတာများရင်လည်း ခြောက်သွေ့စေနိုင်ပါတယ်။ အရမ်းပူတဲ့ရေတွေက ဆံသားမှာသဘာဝအတိုင်းရှိတဲ့အဆီတွေကို ထွက်သွားစေနိုင်လို့ ရေနွေးပူပူနဲ့ခေါင်းလျှော်မယ့်အစား ရေကြက်သီးနွေးလောက်နဲ့ပဲလျှော်ပါ။ လျှော်ပြီးရင်လည်း သဘာဝအတိုင်းအခြောက်ခံပါ၊ ဆံပင်ပုံသွင်းဖို့အတွက် ဆံပင်မှုတ်စက်တွေမသုံးပါနဲ့။ ရေနွေးပူပဲဖြစ်ဖြစ် အပူပေးတဲ့ကိရိယာတွေပဲဖြစ်ဖြစ် ဘယ်လိုအပူမျိုးမဆို ဆံသားကိုခြောက်သွေ့စေပါတယ်။
3. ခေါင်းနေ့တိုင်းမလျှော်ပါနှင့်။
ဒါကတော့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုပါ။ အမှန်တော့ နေ့တိုင်းခေါင်းလျှော်ဖို့မလိုအပ်ပါဘူး၊ ဒါကြောင့် တစ်ရက်ခြားတစ်ခါပဲလျှော်ပါ။ ပိုပြီးကောင်းတာကတော့ သုံးရက်တစ်ကြိမ်ပဲလျှော်ပါ။ တကယ်လို့ ခေါင်းအမြဲလျှော်ချင်တယ်ဆိုရင်တော့ ခေါင်းလျှော်ရည်မသုံးဘဲ ဆံပင်ပျော့ဆေးနဲ့ပဲလျှော်ပါ။ အလွန်အကျွံခေါင်းလျှော်ခြင်းက ဆံသားကိုပိုပြီးခြောက်သွေ့စေပါတယ်။
4. ဆံပင်ကိုနဂိုအရောင်အတိုင်းထားပါ။
ဒီအချက်ကိုမနှစ်သက်နိုင်ပေမယ့် ဆံပင်အရောင်ဆိုးမလား၊ ကျန်းမာပြီးတောက်ပြောင်တဲ့ဆံပင်ကိုရယူမလားဆိုတာကတော့ ကိုယ့်ရဲ့ရွေးချယ်မှုပါပဲ။ ဆံပင်ဆိုးဆေးတွေမှာပါဝင်တဲ့ ချွတ်ဆေးတွေနဲ့ အခြားဓာတုပစ္စည်းတွေက ဆံသားကိုခြောက်သွေ့စေလို့ ဆံပင်ဆိုးခြင်းကိုနားထားပြီး နဂိုအရောင်အတိုင်းပြန်ထားခြင်းက ဆံသားကိုပိုမိုကောင်းမွန်စေပါလိမ့်မယ်။
5. သဘာဝပစ္စည်းများများသုံးပါ။
သဘာဝပစ္စည်းများများပါဝင်တဲ့ ခေါင်းလျှော်ရည်နှင့် ဆံပင်ပျော့ဆေးများပြောင်းသုံးခြင်းဖြင့် ဆံသားခြောက်သွေ့ခြင်းကို ကင်းစင်စေပါလိမ့်မယ်။ အချို့သောခေါင်းလျှော်ရည်အမျိုးအစားတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေ အထူးသဖြင့် ဆာလ်ဖိတ်တွေက ဆံပင်ကိုခြောက်သွေ့ပျက်စီးစေတဲ့အတွက် တတ်နိုင်ရင်လုံးဝမသုံးပါနဲ့။ သဘာဝပစ္စည်းတွေပါဝင်တဲ့အမျိုးအစားတွေအများကြီးရှိပြီး ဈေးနှုန်းလည်းမကွာခြားလှပါဘူး။
6. သံလွင်ဆီပူပူလေးနဲ့ ကုသနည်းကို တစ်ပါတ်တစ်ခါလုပ်ပါ။
ဒီနည်းက ခြောက်သွေ့တဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်စေပြီး အံ့အားသင့်လောက်အောင် တောက်ပလာစေပါမယ်။ သံလွင်ဆီမှာ အင်တီအောက်ဆီးဒင့်နဲ့ ဗီတာမင် E တွေ ပေါကြွယ်ဝစွာပါဝင်တာကြောင့် ပျက်စီးနေတဲ့ဆံသားတွေကိုပြုပြင်ပေးပြီး ခြောက်သွေ့နေတဲ့ဆံသားတွေကို အစိုဓာတ်ပြည့်ဝပြီးတောက်ပစေပါတယ်။ အပူပေးထားတဲ့ သံလွင်ဆီတစ်ခွက်ကို ဆံပင်နဲ့ ဦးရေပြားတွေကိုလိမ်းပေးပါ။ အနည်းဆုံး နာရီဝက်လောက်ထားပြီး ခေါင်းလျှော်နို်င်ပါတယ်။
7. ထောပတ်သီး
ထောပတ်သီးမှာ ကျန်းမာရေးအတွက်သင့်တော်တဲ့ ပြည့်ဝဆီ၊ ဗီတာမင်နဲ့ သတၳုဓာတ်များစွာပါ၀င်တာကြောင့် ဆံသားကိုပျော့ပြောင်းစေပြီး ပျက်စီးနေတဲ့ဆံသားတွေကိုလည်း ပြုပြင်ပေးပါတယ်။ တစ်ပတ်ကို နှစ်ကြိမ် ဆံပင်ကို ထောပတ်သီးသုတ်လိမ်းပေးပါ။ ပိုကောင်းချင်ရင်တော့ ထောပတ်သီးအမှည့်တစ်လုံးကို သံလွင်ဆီ စားပွဲတင်ဇွန်း 2 ဇွန်းနဲ့ရောပြီး ကြိတ်ချေပါ။ ဆံပင်ကိုသုတ်လိမ်းပြီး မိနစ် 30 ထားထားပြီးမှ ခေါင်းလျှော်ပါ။
8. ကြက်ဥသုတ်လိမ်းပါ။
ကြက်ဥတစ်လုံးလုံးကို သံလွင်ဆီ စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ရောမွှေပါ။ ဆံပင်ကိုသုတ်လိမ်းပြီး 15 မိနစ်ခန့်ထားထားပါ။ ပြီးမှရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပါ။ အရိုးရှင်းဆုံးနဲ့ အကျိုးအရှိဆုံးနည်းတစ်နည်းဖြစ်ပါတယ်။
9. ငှက်ပျောသီး
ငှက်ပျောသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်က ခြောက်သွေ့ပျက်စီးနေတဲ့ဆံသားကိုပြုပြင်ပေးပြီး အဖျားနှစ်ခွဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီးအမှည့်တစ်လုံးကိုချေပြီး ဆံပင်ကိုန့ှံအောင်သုတ်လိမ်းပါ။ တစ်နာရီခန့်ထားပြီး ခေါင်းလျှော်ရည်ပျော့ပျော့နဲ့ လျှော်ချပါ။
10. ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အနှစ်မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်၊ ဗီတာမင်နဲ့ သတၳုဓာတ်တွေက ခြောက်သွေ့နေတဲ့ဆံသားတွေကို ပြန်လည်ရှင်သန်လာစေပါတယ်။ ရှားစောင်းလက်ပတ်အနှစ် ခွက်တစ်ဝက်ကို ကြက်ဆူဆီ လက်ဘက်ရည်ဇွန်း 2 ဇွန်းနဲ့ရောပြီး ဆံပင်ကိုလိမ်းပါ။ ရေချိုးခန်းသုံးခေါင်းစွပ်,စွပ်ပြီး တစ်ညလုံးနေပါ။ မနက်မှ ခေါင်းလျှော်ရည်ပျော့ပျော့နဲ့လျှော်ချပါ။ တစ်ပတ်တစ်ခါလုပ်မယ်ဆိုရင် ဆံပင်တွေသိသာစွာ ပြောင်းလဲလာတာကိုတွေ့ရပါလိမ့်မယ်။
Dr. Mya Myo Myo Swe






























