/
news/အလှအပနှင့်ကျန်းမာရေး/ခြောက်သွေ့အသားအရေအတွက်-မျက်နှာပေါင်းတင်နည်းများ

ခြောက်သွေ့အသားအရေအတွက် မျက်နှာပေါင်းတင်နည်းများ

Category
အလှအပနှင့်ကျန်းမာရေး

      အမျိုးသမီးတိုင်းလှပချောမွေ့ပြီး ပြီးပြည့်စုံတဲ့အသားအရေကို ပိုင်ဆိုင်လိုကြပါတယ်။ ဒါပေမဲ့ အသားအရေက ခြောက်သွေ့နေတယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့အသားရေကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အသားအရေကို စိုပြေစေမယ့် မျက်နှာပေါင်းတင်နည်းတွေကို ဖော်ပြလိုက်ပါတယ်။

 

1. ပျားရည်နဲ့ ကြက်ဥအနှစ်

          အသားရေခြောက်သွေ့သူတွေအတွက် ပိုက်ဆံလည်းမကုန် အကျိုးလည်းရှိတဲ့ နည်းလမ်းလေးပါ။ ပျားရည်ရော ကြက်ဥအနှစ်မှာပါ အသားရေကို အစိုဓာတ်ပေးနိုင်တဲ့ အာနိသင်တွေရှိပါတယ်။ ပျားရည်နဲ့ ကြက်ဥအနှစ်ကို မျက်နှာပေါ်သုတ်လိမ်းပြီး ၁၅ မိနစ်ကြာမှ ရေဖြင့်ဆေးကြောလိုက်ပါ။

 

2. ရှားစောင်းလက်ပတ်နှင့် နွားနို့

          ရှားစောင်းလက်ပတ်က အသားအရေကိုစိုပြေစေပြီး နွားနို့ကတော့ နူးညံ့စေပါတယ်။ ရှားစောင်းလက်ပတ်အနှစ် လက်ဘက်ရည်ဇွန်းနဲ့ နှစ်ဇွန်းကို နို့မှုန့် နှစ်ဇွန်းနဲ့ရောမွှေပြီး မျက်နှာပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ ခြောက်သွားတဲ့အခါ ဂွမ်းဖြင့်သုတ်ပြီး ရေနွေးဖြင့်ဆေးကြောလိုက်ပါ က နူးညံ့စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 

3. မုန်လာဥနီနဲ့ ထောပတ်သီး

          လွယ်ကူပြီး တကယ်လည်းကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာအသားအရေဟာ သိသိသာသာ စိုပြေ၀င်းမွတ်နေမှာပါ။ သုံးစွဲပုံကတော့ ထောပတ်သီးတစ်ခြမ်း၊ အခွံနွှာထားတဲ့ မုန်လာဥနီ တစ်လုံး၊ သံလွင်ဆီ အနည်းငယ်၊ သံပုရာရည်အနည်းငယ်၊ ကြက်ဥအနှစ်နဲ့ ပျားရည်တို့ကိုရောပြီး ကြိတ်ချေပေးပါ။ ထို့နောက် မျက်နှာပေါ်တွင်သုတ်လိမ်းပြီး ၁၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးဖြင့်ဆေးကြောပေးပါ။

 

4. ပျားရည်နဲ့ ထောပတ်သီး

          ထောပတ်သီးကို ကြိတ်ချေပြီး ပျားရည်လက်ဖက်စားဇွန်း ၂ ဇွန်းနဲ့ရောလိုက်ပါ။ မျက်နှာပေါ်မှာ လိမ်းကျံပြီး ၁၅ မိနစ်လောက် ထားလိုက်ပါ။ ပြီးရင် ရေနွေးဖြင့်မျက်နှာကို ဆေးကြောပေးပါ။ မျက်နှာကို အစိုဓာတ်ပေးစွမ်းနိုင်တဲ့ ပစ္စည်းများထဲမှာ ပျားရည်နဲ့ထောပတ်သီးလောက် ကောင်းတာမရှိပါဘူး။ ဒါပေမဲ့ ပျားရည်မှာ ချေး(ဂျီး)ချွတ်နိုင်တဲ့ အာနိသင်ရှိတာကြောင့် တစ်ပတ်မှာတစ်ကြိမ်လောက် လုပ်ပေးရင် သင့်တော်ပါတယ်။

 

5. ဒိန်ချဉ်နဲ့ ငှက်ပျောသီး

          ဒိန်ချဉ်ဟာ အစိုဓာတ်ကိုပေးစွမ်းနိုင်သလို ငှက်ပျောသီးကလည်း အရေပြားရဲ့ ကျုံ့ဆန့်အား (Elasticity) ကို ကောင်းမွန်စေပြီး နူးညံ့စေပါတယ်။ ငှက်ပျောသီးတစ်၀က်ကို ကြိတ်ချေပြီး ဒိန်ချဉ်နဲ့ရောမွှေပါ။ ပြီးရင် မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် သုတ်လိမ်းပြီး ရေနွေးဖြင့်ဆေးကြောပေးပါ။ ဆဲလ်သေများ ကွာကျ သွားပြီး နူးညံ့ချောမွတ်တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 

6. ဒိန်ချဉ်နဲ့ပျားရည်

          နေလောင်ထားတဲ့ အသားအရေများအတွက်သင့်တော်တဲ့ မျက်နှာပေါင်းတင်နည်း ဖြစ်ပါတယ်။ ဒိန်ချဉ်ရဲ့ အေးမြမှုနဲ့ ပျားရည်ရဲ့အစိုဓာတ်ထိန်းနိုင်စွမ်းတို့ကိုအသုံးချပြီး အေးမြစိုပြေတဲ့ အသားအရေကို အရယူလိုက်ပါ။ ဒိန်ချဉ်နဲ့ပျားရည်အရောကို မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် သုတ်လိမ်းပြီး ရေနွေးဖြင့် ဆေးကြောလိုက်ပါ။

 

7. နွားနို့နဲ့ ပျားရည်

          နွားနို့က အသားအရေကို ဖြူ၀င်းစေပြီး ပျားရည်ကတော့ အသားအရေကိုကြည်လင်စေပြီး ၀က်ခြံများကို ဖယ်ရှားရှင်းလင်းပေးပါတယ်။ နွားနို့နှင့်ပျားရည်အရောကို မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့် သုတ်လိမ်းပြီး ရေဆေးချလိုက် ပါ။ ခြောက်သွေ့သောအသားအရေကို အမြန်ဆုံးရေဓာတ် ဖြည့်ပေးနိုင်တဲ့ ပေါင်းတင်လွှာ ဖြစ်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)