ဆား၀က်ခြံတွေ မဖြစ်အောင် ထိထိရောက်ရောက် ကာကွယ်မယ်
ဆား၀က်ခြံတွေ ရှိတဲ့အခါ၊ အမာရွတ်တွေ ကျန်တဲ့အခါ၊ ညှစ်လို်က်ပြီး အမည်းစက်တွေ ကျန်တဲ့အခါ တစ်ချိန်လုံး စိတ်ညစ်ရသူ ပျိုမေတို့အတွက် အခြေခံကာကွယ်နည်းလေးတွေ လင်းပြပါရစေ။ အရေပြားလေး ကြည်လင်သန့်စင်နေစေဖို့၊ ဆား၀က်ခြံတွေ အမည်းစက်တွွေ ကာကွယ်ဖို့ ...
(1) စိတ်ပိုင်းဆိုင်ရာ
(2) ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ရမယ့်အချက်လေးတွေ အကြံပြုပါရစေနော်။
စိတ်ပို်င်းဆိုင်ရာ ကျန်းမာနေမှ အရေပြားကလည်း အလိုလို ကြည်လင်လာတယ်လို့ ဆိုပါတယ်။ ဒီတော့ ကျန်းမာရွှင်လန်းပြီး ကျေနပ်မှု အပြည့်အ၀ရှိတဲ့စိတ်ကို ပျိုးထောင်ကြရအောင်။
● နေ့စဉ် ဆယ်မိနစ်ခန့် တရားထိုင်ပါ။ တရားထိုင်သူတွေ အသားအရေ လှတယ်နော်။
● သဘာ၀ကို မြတ်နိုးပါ။ လှပသာယာတဲ့ရှုခင်းတွေကို အချိန်ပေး ခံစားကြည့်ရှုပါ။
● ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့၊ တန်ဖိုးထားဖို့ အရေးအကြီးဆုံးလို့ အရင်တွေးပါ။
● လှပတဲ့အရာတွေကို ချီးကျူးသလို လောကကို ကျေးဇူးတင်ပါ။
● အရေးမပါတာတွေ သိပ်မတွေးပါနဲ့။
● အတွေးများတာဟာ ဆား၀က်ခြံ များတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။
● တင်းတိမ်ရောင့်ရဲ လွယ်ပါစေ။ မကျေနပ်တာတွေ များလေ၊ အရေပြားက တုံ့ပြန်ပြီး အဆီ ပိုထွက်လာတဲ့အတွက် ဆား၀က်ခြံတွေ တိုးလာပါတယ်။
>> ရုပ်ပို်င်းဆိုင်ရာ ဘာပြုပြင်ရမလဲ?
● ညကို ဖုန်းမဆော့၊ ဂိမ်းမစွဲဘဲ စောစောအိပ်ပါ။ တစ်ရက် 8 နာရီ အိပ်တဲ့သူတွေဟာ အရေပြားကျန်းမာပြီး ဆား၀က်ခြံ အထွက်နည်းပါတယ်။
● ညကို ဗိုက်ဆာတိုင်း တ၀တပြဲ ထမဆွဲပါနဲ့။ သိပ်ဆာရင် ဖျော်ရည်သောက်ပါ။ အသီးစားပါ။ ညဥ့်နက်သန်းခေါင် ထမင်း၊ ဟင်း၊ မုန့်တွေ တနင့်တပိုး ဝါးပြီး အနားယူနေတဲ့ အူလမ်းကြောင်းကို အလုပ်ပေးလေလေ အရေပြားမှာ ဆိုးကျိုး တန်ပြန်သက်ရောက်လာလေပါပဲ။
● လတ်ဆတ်တဲ့ အသီးဖျော်ရည် သောက်ပါ။ သကြား မထည့်ပါနဲ့။ ဆား၀က်ခြံ မပေါက်ချင်ရင် အချို မကြိုက်ချင်ပါနဲ့။
● အဆီအဆိမ့် လျှော့ပါ။ ၀က်သား၊ အမဲသား၊ ငါး ဆီရွှဲရွှဲမှ ကြိုက်သူတွေ ဆား၀က်ခြံ ကာကွယ်ဖို့ သိပ်မဖြစ်နို်င်ပါဘူး။
● နေပူထဲသွားတိုင်း အမိုးအကာ၊ လက်ရှည်၊ နေကာမျက်မှန်တွေနဲ့ အရေပြားကို အတတ်နိုင်ဆုံး ကာကွယ်ထားပါ။ နေလောင်ထားတဲ့ အသားအရေဟာ အမည်းစက်နဲ့ ၀က်ခြံတွေကို ကြိုဆိုလေ့ရှိပါတယ်။
● မပျင်းပါနဲ့။ ညအိပ်ရာ ၀င်ခါနီးတိုင်း ဆပ်ပြာအပျော့စားတစ်ခုခုနဲ့ မျက်နှာသစ်ပါ။ မသစ်ဘဲနေတဲ့ ညတွေ များလာလေ ဆား၀က်ခြံတွေ ဖိတ်ခေါ်လေပါပဲ။ မျက်နှာအရေပြားလေးကို သေချာသန့်စင်ပြီးမှ အိပ်ခြင်းဖြင့် အသားအရေလေး တစ်ညတာ အနားရပါစေ။
တကယ်လို့ ကို်ယ်က ဆယ်ကျော်သက်အရွယ် ဆိုရင်တော့ ဟော်မုန်းမညီမျှဘဲ အပြောင်းအလဲ ရှိလာလို့ ဆား၀က်ခြံတွေ ထွက်လာတတ်ပါတယ်။ ဒါဆိုရင်တော့ ဘာမှသိပ်လုပ်လို့ မရပေမယ့် အသက် 20 ကျော်သွားရင် သွေးသား တည်ငြိမ်သွားပြီး သူ့အလိုလို ၀က်ခြံတွေ ကင်းလာပြီး အရေပြား ပြန်ကောင်းလာတတ်ပါတယ် ဆိုတာလေးပါ မှတ်သားကြဖို့ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























