ဆောင်းရာသီမှာ ဆံပင်ကို ဒီလိုတွေ မလုပ်ပါနဲ့
ဆောင်းတွင်းရဲ့ ရာသီဥတုက ဆံသားတွေရဲ့ စိုစွတ်မှုကို စုပ်ယူလိုက်ပြီးတော့ ဆံပင်တွေကို ပိုကျွတ်လွယ်စေပါတယ်။ ခြောက်သွေ့အေးမြတဲ့လေက အသားအရေအတွက်လည်း ရန်သူဖြစ်သလို ဆံပင်အတွက်လည်း မကောငး်ပါဘူး။ ဆောင်းရာသီကြောင့် ဆံပင်တွေ ခြောက်သွေ့ပျက်စီးနိုင်သလို ဒီအလေ့အကျင့်တွေကြောင့် ဆံပင်ကို ပိုပြီးပျက်စီးစေနိုင်ပါတယ်။
ဒီတော့ မှားနေတဲ့အလေ့အကျင့်တွေကို သိပြီး ရှောင်နိုင်ဖို့အတွက် ပြောပြချင်ပါတယ်။
1. ဆံပင်စိုစိုနဲ့ အပြင်ထွက်ခြင်း
ဆံပင်စိုစိုနဲ့ အပြင်ထွက်ရင် အအေးမိမယ်နော်ဆိုပြီး လူကြီးတွေ ပြောတာကို ကြားဖူးမှာပါ။ တကယ်တော့ ဆံပင်စိုစိုနဲ့ အပြင်မထွက်သင့်တဲ့ အခြားအကြောင်းအရင်းတွေ ရှိပါတယ်။ ရေကနေ ရေခဲအဖြစ် ပြောင်းတဲ့အခါမှာ ကျယ်ပြန့်လာပါတယ်။ ဒီလိုပဲ ဆံပင်တွေ ရေစိုနေတဲ့အချိန်မှာ အပြင်က လေအေးအေးကြီးနဲ့ ထိတွေ့လို်ကတဲ့အခါမှာ ရေတွေကြောင့် ဆံပင်တွေကိုကျွတ်စေပါတယ်။ ဒီလိုမဖြစ်ဖို့အတွက် ခေါငး်လျှော်ပြီးရင် ဆံပင်ကို တဘက်နဲ့ (သို့) dryer နဲ့ သေချာ ခြောက်အောင်မှုတ်ပါ။
ဆံပင်ကို အပူတစ်ခုခုနဲ့ ထိတွေ့တိုင်းမှာတော့ အကာအကွယ်ပေးတဲ့ spray လေး ဖြန်းပေးဖို့ မမေ့နဲ့နော်။ ဆံပင်ကောက်ထားတဲ့သူတွေအတွက် ထုတ်ထားတဲ့ ဆံပင်လိမ်း creams နဲ့ balms တွေက ဆံသားကို ရေဓာတ်ပိုမိုဖြည့်ပေးဖို့အတွက် အစိုဓာတ် ထည့်ပေးထားတဲ့အတွက်ကြောင့် အထူးသဖြင့် ဆံပင်တွေခြောက်ပြီးတော့ ကျွတ်လွယ်တယ်လို့ ထင်တဲ့သူတွေမှာ သုံးသင့်ပါတယ်။ ဆံသားကောင်းတဲ့သူတွေက နည်းနည်းပဲသုံးပါ။
2. ဆံပင်ပျော့ဆေး လုံလုံလောက်လောက် မသုံးခြင်း
အေးမြခြောက်သွေ့တဲ့ရာသီဥတုမှာ ဆံပင်တိုင်းအတွက် ရေဓာတ်ဖြည့်ပေးတဲ့ ကုထုံးတွေကို ရရှိသင့်ပါတယ်။ ဆံပင်ပျော့ဆေးတွေ၊ serums တွေ သုံးပေးဖို့ လိုပါတယ်။ အဆီတွေလည်း လိမ်းပေးပါ။
3. အရမ်းပူနေတဲ့ရေနဲ့ ခေါင်းလျှော်ခြင်း
အရမ်းပူတဲ့ရေက အသားအရေ၊ ဆံသားနဲ့ ဦးရေပြားတွေကို ခြောက်သွေ့စေပါတယ်။ အနည်းငယ် နွေးတဲ့ရေနဲ့ ရေချိုး၊ ခေါင်းလျှော်ခြင်းဖြင့် ဆံသားတွေကို ကျန်းမာအောင် ထိန်းပေးနိုင်ပါတယ်။ အရမ်းပူ၊ အရမ်းအေးလွန်းတဲ့ ရေတွေက ဆံသားတွေက စိုစွတ်မှုတွေကို စုပ်ယူသွားပြီးတော့ ရေဓာတ်ခမ်းခြောက်ကာ ဆံသားတွေကို ခြောက်သွေ့ပျက်စီးစေပါတယ်။
4. ခေါင်းအလျှော်လွန်ခြင်း
ခေါင်း ခဏခဏလျှော်လွန်းရင်လည်း ဆံသားတွေနဲ့ ဦးရေပြားကို ခြောက်သွေ့ပျက်စီးစေပြီးတော့ ဆံပင်တွေ ကျွတ်စေပါတယ်။ ခေါင်းလျှော်လွန်းတဲ့အခါမှာ ဦးရေပြားမှာရှိတဲ့ အဆီဂလင်းတွေကို လှုံ့ဆော်မှုများပြီးတော့ အဆီတွေ ပိုထွက်လာစေပါတယ်။ ခေါင်း ဘယ်လောက် လျှော်သင့်တယ် ဆိုတာကတော့ ဆံပင်အမျိုးအစားအပေါ်မှာ မူတည်ပါတယ်။ ယေဘုယျအားဖြင့် ဖြောင့်တဲ့ဆံပင်၊ လှိုင်းနည်းနည်းရှိတဲ့ ဆံသားပိုင်ရှင်တွေက ၂ ရက် ၃ ရက်ခြား တစ်ကြိမ်၊ ဆံပင်ကောက်တဲ့သူတွေက ၄-၅ ရက်တစ်ကြိမ် လျှော်သင့်ပါတယ်။
5. Alcohol အများကြီးပါတဲ့ အလှကုန်တွေသုံးခြင်း
ဆံသားရဲ့စိုစွတ်မှုကို ထိန်းထားချင်ရင် alcohol အများကြီးပါတဲ့အလှကုန်တွေ မသုံးသင့်ပါဘူး။ ဆောင်းတွင်းကာလမှာ alcohol ကို အခြေခံထားတဲ့ hair spray, heat protecting sprays, texture sprays နဲ့ salt sprays တွေ အသုံးများတတ်ပါတယ်။ ဆံပင်တွေကို spray ဖျန်းတဲ့အခါမှာ ဆံပင်ပုံ မပျက်ခင်မှာ အမြန်ခြောက်ဖို့အတွက် အရက်ပြန်ကို ထည့်ထားတာပါ။ ဆောင်းတွင်းမှာတော့ ဒါကိုရှောင်ရပါမယ်။
6. ကိုယ်နဲ့ကိုက်ညီတဲ့ဦးထုပ် မဆောင်းခြင်း
အေးမြတဲ့ဆောင်းရာသီိမှာ ခေါငး်လေး နွေးနေစေဖို့ ဦးထုပ်ဆောင်းထားဖို့ လိုပါတယ်။ ဒီလိုကာကွယ်ပေးတဲ့ ဦးထုပ်တွေကြောင့် ဆံပင်ကို ပျက်စီးနိုင်သလာား။ ဦးထုပ်တွေနဲ့ ထပ်ခါတလဲလဲ ပွတ်တိုက်မိတဲ့အခါမှာ ဆံပင်တွေ ကျွတ်စေနိုင်ပါတယ်။ ပြီးတော့ ဦးထုပ် အမြဲဆောင်းထားတဲ့အခါမှာ ဦးရေပြားကို လေဝင်လေထွက် မကောင်းတော့ဘဲ အဆီပိုထွက်စေပါတယ်။
ဒါပေမဲ့ အရမး်တော့လည်း စိတ်မပူပါနဲ့။ ဦးထုပ်ကို လုံးဝမချွတ်ဘဲ တစ်ချိန်ကုန် ဆောင်းထားတာမဟုတ်ရင် ဆံပင် အရမ်းမပျက်စီးစေပါဘူး။ ဦးထုပ်မဆောင်းခင်မှာ ဆံပင်တွေ ပိပြားမနေစေဖို့ နည်းနည်း မ,တင်ပေးပါ။ ပြီးရင် leave-in conditioner သုံးပါ။ သိုးမွေး၊ ချည်စတဲ့ ဦးထုပ်တွေကို အချိန်အကြာကြီး ဆောင်းတာမျိုးကို ရှောင်ပါ။ ဖြစ်နိုင်ရင် ပိုးသားနဲ့လုပ်ထားတဲ့ ဦးထုပ်တွေကို ရွေးဆောင်းပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























