/
news/အလှအပနှင့်ကျန်းမာရေး/ဆောင်းရာသီမှာ-အရေပြားပြဿနာ

ဆောင်းရာသီမှာ အရေပြားပြဿနာ

Category
အလှအပနှင့်ကျန်းမာရေး

ခရမ်းလွန်ရောင်ခြည်ဆိုတာ ဘယ်လိုအခြေအနေမျိုးမှာမဆို ကမ္ဘာမြေပေါ်ရောက်နိုင်တဲ့ လှိုင်းရှည်ရောင်ခြည်တွေပါပဲ။ ဒီရောင်ခြည်တွေဟာ အပေါ်ယံအရေပြားကနေ အတွင်းလွှာအထိကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ကြောက်စရာဆိုးကျိုးအန္တရာယ်တွေပို ပေးစွမ်းနိုင်ပါတယ်။ ဒီခရမ်းလွန်ရောင်ခြည်တွေဟာ ပြင်းလွန်းလို့ အဝတ်တွေ၊ မှန်တွေကိုပါ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်နော်။
သိထားဖို့တစ်ခုက ဘယ်အသားအရေအမျိုးအစားမဆို နေရောင်နဲ့မထိရင်တောင် ခရမ်းလွန်ရောင်ခြည်နဲ့တော့ ထိတွေ့နေရတယ်ဆိုတာပါပဲ။
အသားဖြူသူတွေမှာ နေရောင်ကို ကာကွယ်နိုင်တဲ့ သဘာဝအကာအကွယ် ပိုနည်းတဲ့အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုခံရပါတယ်။ ဒီလိုပြောလို့လည်း အသားညိုသူတွေက ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မခံရဘူးလို့ မဆိုလိုပါဘူး။ အသားညိုသူတွေမှာ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ကြာကြာတော့ ပိုခံနိုင်တယ်ဆိုပေမယ့် ဝက်ခြံတို့၊ အသားခြောက်တာတို့စတဲ့ အရေပြားပြဿနာတွေ ဖြစ်နိုင်ပါသေးတယ်။
နောက်တစ်ချက်က မှဲ့ခြောက်၊ အမည်းစက်တွေ ရှိနေတယ်ဆိုတာ အရင်တုန်းက နေရောင်ဒဏ်ကို ခံခဲ့ရတယ်ဆိုတာကို ပြသနေတာမို့ သတိထားဖို့လိုပါတယ်။
ကဲ ... ဒီတော့ ဆောင်းတွင်းမှာဆိုရင်
●  ရေအကြာကြီးမချိုးပါနဲ့။ ရာသီဥတုအေးအေးလေးမှာ ရေပူပူနဲ့ချိုးချင်ပေမယ့် တတ်နိုင်ရင် ရေနွေးနွေးလေးနဲ့ပဲ ချိုးပေးပါ။
●  ဆပ်ပြာအပြင်းစားကြီးတွေ မသုံးပါနဲ့။ အသားအရေအတွက်ကောင်းတဲ့ အစိုထိန်းဆပ်ပြာမျိုးတွေကို သုံးပေးပါ။
●  ဖွဖွသုတ်ပါ။ မပွတ်ဆွဲပါနဲ့။ ခြောက်သွေ့တာ ပိုဆိုးလာပြီး အရေပြားကို ထိခိုက်လာနိုင်ပါတယ်။
●  အိမ်မှာ အစိုဓာတ်ကိုထိန်းပါ။ ရေငွေ့ပေးစက်ဖွင့်ပေးထားပြီး အစိုဓာတ်ကို ၃၀-၅၀% မှာ ထိန်းပေးနိုင်ရင် အကောင်းဆုံးပါ။
●  အစိုထိန်းခရင်မ်ကို လိမ်းဖြစ်အောင်လိမ်းပါ။ ရေချိုးပြီးထွက်လာချိန် လိမ်းပေးတာ အကောင်းဆုံးပဲနော်။
●  အင်္ကျီအသားကို ရွေးတတ်ပါစေ။ အဝတ်အစား ပေါ့ပေါ့ပါးပါးကို ရွေးဝတ်တတ်ပါစေ။
●  ကိုယ်ခံအားကောင်းအောင်နေပါ။ ဘက်တီးရီးယား၊ မှိုပိုး၊ ဗိုင်းရပ်စ်ပိုးတွေကို ရှောင်ရှားနိုင်ဖို့ ကျန်းမာအောင်နေဖို့ လိုပါတယ်။ အရေပြားပြဿနာတွေကင်းစင်စေဖို့ ကျန်းမာရေးကောင်းအောင်နေ၊ အိပ်ရေးဝဝအိပ်၊ ကျန်းမာအောင်စား၊ လေ့ကျင့်ခန်းလုပ်ပါ။
●  စိတ်ဖိစီးမှုကင်းဝေးအောင်နေပါ။ စိတ်ဖိစီးမှုတွေရှိနေတယ်ဆိုရင် စိတ်ကို အတတ်နိုင်ဆုံးဖြေလျော့ပါ။ လေ့ကျင့်ခန်းလုပ်၊ တရားထိုင်၊ ယောဂဆော့ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)