ဆောင်းရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းကြမလဲ
ဆောင်းရာသီမှာ အေးပြီး နေလို့ကောင်းပေမယ့် အသားအရေကတော့ ပျက်စီးလွယ်ပါတယ်။ ဆောင်းလေအေးက အရေပြားအစိုဓာတ်ကို လျော့နည်းစေလို့ အသားအရေ ခြောက်သွေ့ပြီး ယားယံတာတွေ ဖြစ်စေပါတယ်။ အရမ်းဆိုးရင် အသားအရမ်းအက်ကွဲခြင်း၊ နှင်းခူရောဂါနဲ့ Psoriasis လို့ခေါ်တဲ့ အသားထူရောဂါတွေအထိ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဆောင်းရာသီရောက်ရင် အသားအရေထိန်းသိမ်းဖို့က အင်မတန်အရေးကြီးပါတယ်။
ဆောင်းတွင်းမှာ ကြည်လင်တဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ကြစေဖို့ အောက်ဖော်ပြပါအချက်တွေကို ဂရုတစိုက်နဲ့ ဆောင်ရွက်ပေးသင့်ပါတယ်။
၁။ မျက်နှာသစ်တဲ့အခါ၊ ရေချိုးတဲ့အခါ ရေကြက်သီးနွေးလေး သုံးပါ။
အရမ်းအေးတဲ့အခါ ရေနွေးပူနဲ့ပဲ ရေချိုးချင်ကြပါလိမ့်မယ်။ ဒါပေမဲ့ ရေနွေးပူဟာ အသားအရေကို မြန်မြန် ခြောက်သွေ့စေလို့ Moisturizer (သို့) အသားအရေ ထိန်းသိမ်းမှု အဆီတစ်မျိုးမျိုးကိုသာ အချိန်မီမလိမ်းပေးရင် အသားအက်ကွဲတာတွေ၊ နှင်းခူတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ရေကြက်သီးနွေးကိုပဲ အသုံးပြုပါ။ မျက်နှာသစ်ပြီး၊ ရေချိုးပြီးရင်လည်း Moisturizer (သို့) အသားအရေ ထိန်းသိမ်းမှု အဆီတစ်မျိုးမျိုးကို အမြဲလိမ်းပေးပါ။
၂။ လေထုစိုထိုင်းမှုကို ထိန်းပေးပါ။
ဆောင်းတွင်းလေဟာ စိုထိုင်းမှုနည်းပြီး ခြောက်သွေ့လို့ အရေပြားရှိရေဓာတ်ကို မြန်မြန်အငွေ့ပြန်စေပြီး အသားခြောက်စေပါတယ်။ ဒါ့ကြောင့် အိမ်မှာ လေထုစိုထိုင်းမှုကို ထိန်းပေးတဲ့စက် (Humidifier) သုံးပေးပါ။
၃။ Skin Care ပစ္စည်းတွေကို စနစ်တကျ ရွေးချယ်သုံးစွဲပါ။
ဆောင်းတွင်းမှာ အသားအရေကြည်လင်ဖို့ဆိုရင် ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ အပျော့စားပစ္စည်းတွေကိုသာ အသုံးပြုပေးပါ။ Moisturizer ပါဝင်တဲ့ မျက်နှာသစ်၊ ရေချိုးဆပ်ပြာတို့ကို သုံးပါ။ ဝက်ခြံတွေရှိခဲ့မယ်ဆိုရင် Ceramides, Hyaluronic acid, Glycerin ပါဝင်တဲ့ ပစ္စည်းတွေကို သုံးပါ။ အရက်ပြန် (alcohol) ပါဝင်တဲ့ ဘယ်ပစ္စည်းကိုမဆို မသုံးပါနဲ့။
၄။ အရေပြားကို ကာကွယ်ပါ။
ဆောင်းရာသီမှာ အပြင်ထွက်ရင် အေးစက်တဲ့လေနဲ့နှင်းတွေ အရေပြားနဲ့ မထိတွေ့စေဖို့ လက်အိတ်ဝတ်ပေးပါ။ ဦးထုပ်ဆောင်းပေးပါ။ ဆောင်းတွင်းမှာ နေရောင်ခြည်နဲ့ ထိတွေ့တာဟာ နွေးထွေးပြီး နေလို့ကောင်းပေမယ့် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ပျက်စီးနိုင်ပါတယ်။ ဒါ့ကြောင့် နေဒဏ်ကာကွယ်တဲ့လိုးရှင်းကို သုံးပေးပါ။
Bio-Oil 1

၅။ မကြာခဏ Exfoliation မလုပ်ပါနဲ့။
Exfoliation ဆိုတာ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ နည်းလမ်းတစ်မျိုးဖြစ်လို့ အသားအရေကို ကြည်လင်စေပြီး ဆဲလ်သစ်ဖြစ်ပေါ်ခြင်းနဲ့ လိမ်းလိုက်တဲ့ skin care တွေ စုပ်ယူမှုကို ပိုကောင်းစေပါတယ်။ ဒါပေမဲ့ ဆောင်းတွင်းမှာတော့ အေးပြီးခြောက်သွေ့တဲ့လေကြောင့် အရေပြားအလွှာတွေ လွယ်လွယ်နဲ့ ပျက်စီးတတ်လို့ ဂရုတစိုက်နဲ့ လုပ်ပေးသင့်ပါတယ်။ တစ်ပတ်တစ်ကြိမ် လုပ်ပေးရင်ပဲ အဆင်ပြေပါတယ်။
၆။ လက်အရေပြားကို ဂရုစိုက်ပါ။
လက်အရေပြားဟာ ကျန်တဲ့နေရာတွေနဲ့ယှဉ်လိုက်ရင် အဆီဂလင်းတွေနည်းလို့ အစိုဓာတ်မြန်မြန်ဆုံးရှုံးပြီး အသားအက်ကွဲခြင်းနဲ့ နှင်းခူတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် အပြင်ထွက်ရင် Moisturizer ပါဝင်တဲ့ hand cream (သို့) အသားအရေ ထိန်းသိမ်းမှု အဆီတစ်မျိုးမျိုး သုံးပေးပါ။
၇။ ခြေထောက်အရေပြားကို ဂရုစိုက်ပါ။
လက်လိုပဲ ခြေထောက်ကိုလည်း ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ခြေထောက်အရေပြားကို အစိုဓာတ်ဖြည့်ပေးဖို့ Glycerin ပါဝင်တဲ့ ခရင်မ် (သို့) အသားအရေ ထိန်းသိမ်းမှုအဆီတစ်မျိုးမျိုး သုံးပေးပါ။ တစ်ခါတလေ ခြေထောက်ကို exfoliation လုပ်ပေးပါ။
၈။ စိုစွတ်တဲ့အဝတ်အစားတွေကို အကြာကြီး မဝတ်ပါနဲ့။
စိုစွတ်တဲ့အဝတ်အစားတွေဟာ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေပြီး ယားယံစေပါတယ်။ ဒါ့ကြောင့် အဝတ်အစားတွေ နှင်းရည်နဲ့ စိုစွတ်နေခဲ့မယ်ဆိုရင် ချက်ချင်းလဲပေးပါ။
Bio-Oil 2

၉။ အရေပြားကို ဓာတ်မတည့်မှုဖြစ်စေတဲ့ ဘယ်အရာကိုမဆို မထိတွေ့ပါနဲ့။
နှင်းခူလိုမျိုး အရေပြားပြဿနာရှိရင် ဒါဟာ အထူးသတိထားရမယ့်အချက်ပါ။ ဆောင်းတွင်းမှာ အရေပြားခြောက်သွေ့တာကြောင့် ဓာတ်မတည့်တာတွေနဲ့ ထိတွေ့ရင် အရေပြားပြဿနာတွေကို ပိုဆိုးစေပါတယ်။ လူအများစုဟာ သိုးမွေးနဲ့ဓာတ်မတည့်တာ ဖြစ်တတ်ပါတယ်။ အကယ်၍ ကိုယ်က သိုးမွေးနဲ့ ဓာတ်မတည့်ဘူးဆိုရင် သိုးမွေးအင်္ကျီ မဝတ်ပါနဲ့။
၁၀။ နေကာမျက်မှန်တပ်ပါ။
နေကာမျက်မှန်ဆိုတာ နွေရာသီမှာပဲတပ်ဖို့ မဟုတ်ပါဘူး။ ဆောင်းတွင်းနေရောင်ခြည်နဲ့ နှင်းတွေက မျက်လုံးပတ်ပတ်လည်အရေပြားကို ပျက်စီးစေပြီး အမည်းစက်နဲ့ အရေးကြောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ဆောင်းတွင်းမှာလည်း အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပေးပါ။
၁၁။ နေ့စဉ်ပုံမှန် အသားအရေ ထိန်းသိမ်းပါ။
တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပေးပါ။ မျက်နှာသစ်ပြီးတိုင်း Moisturizer လိမ်းပါ။ ညဘက်မှာ ညလိမ်းခရင်မ် လိမ်းပေးပါ။
၁၂။ အစားအသောက်ကို ဂရုစိုက်ပါ။
ရာသီပေါ်အသီးအနှံများနဲ့ ဟင်းသီးဟင်းရွက်များ စားပေးပါ။ ဗီတာမင်နဲ့ ဓာတ်တိုးကာကွယ်ပစ္စည်းတွေပါဝင်တဲ့ ဘယ်ရီသီးအုပ်စုတွေ များများစားပေးပါ။ ရာသီဥတုအေးရင် ရေနည်းနည်းပဲ သောက်တတ်ကြပါတယ်။ ရေသောက်တာနည်းရင် စွပ်ပြုတ်၊ အသီးဖျော်ရည်၊ နွားနို့ စတာတွေကို ပိုပြီးတော့ သောက်သုံးပေးပါ။
၁၃။ လေ့ကျင့်ခန်းလုပ်ပါ။
ဆောင်းမနက်ခင်းတွေမှာ ရာသီဥတုအေးအေးနဲ့ စောင်ပုံထဲ ကွေးနေချင်ပေမယ့် ကိုယ့်အသားအရေကို မြတ်နိုးတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ ဆောင်းတွင်းမှာ သွေးကြောတွေကျဉ်းလေ့ရှိတာကြောင့် အဆီဂလင်း၊ ချွေးဂလင်းတွေဟာ အညစ်အကြေးတွေကို ကောင်းကောင်းမစွန့်ထုတ်နိုင်ဘဲ အရေပြား ညစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် သွေးလှည့်ပတ်မှုကောင်းလို့ အရေပြားဆီ သွေးရောက်တာများပြီး အညစ်အကြေးတွေကို ကောင်းကောင်းစွန့်ပစ်နိုင်ကာ ကြည်လင်တဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























