/
news/အလှအပနှင့်ကျန်းမာရေး/ထောပတ်သီးတစ်နေ့တစ်လုံးစားခြင်းဖြင့်-ရရှိနိုင်သောအကျိုးကျေးဇူးများ

ထောပတ်သီးတစ်နေ့တစ်လုံးစားခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

Category
အလှအပနှင့်ကျန်းမာရေး

         ထောပတ်သီးဟာအရသာရှိပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါအပြင် ထောပတ်သီးကို အသားညှပ်ပေါင်မုန့်မှစပြီး ဟင်းပွဲအမျိုးမျိုးမှာအသုံးပြုနိုင်ပါတယ်။ ထောပတ်သီးရဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကောင်းကျိုးအချို့နဲ့ တစ်နေ့တစ်လုံးစားရင်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

1. နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။

နှလုံးရောဂါဟာ ဖြစ်ပွားမှု အများဆုံးရောဂါထဲမှ တစ်ခုအပါအ၀င်ဖြစ်ပြီး အခြားရောဂါတွေရဲ့ရှေ့ပြေးလည်းဖြစ်နေတတ်ပါတယ်။

ဒါပေမယ့် ဒါကိုကြောက်ရွံ့ပြီးတော့ ဘာမှမတတ်နိုင်ဘူးဆိုပြီးထိုင်နေမယ့်အစား ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို လိုက်နာရပါမယ်။ နှလုံးရောဂါဖြစ်နိုင်မှုကိုလျော့ကျစေတဲ့ နည်းလးမ်းများစွာအနက်က အလွယ်ကူဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးခြင်းပဲဖြစ်ပါတယ်။

ထောပတ်သီးမှာ နှလုံးနဲ့သွေးကြောစနစ်အတွက် ကောင်းကျိုးများစွာရှိပါတယ်။ ဒီအသီးမှာကောင်းမွန်တဲ့ ဆီအမျိုးအစားဖြစ်တဲ့ မပြည့်ဝဆီကြွယ်ဝစွာပါဝင်ပြီးတော့ မကောင်းတဲ့အဆီဓာတ်ပါဝင်မှုနည်းပါတယ်။ မကောင်းတဲ့ အဆီဓာတ်များများစားရင် LDL ကိုလက်စထရောလ် (မကောင်း) များလာပါမယ်။ မပြည့်ဝဆီစားသုံးခြင်းကတော့ ကိုလက်စထရောလ်ပမာဏကိုလျော့ကျစေတဲ့အပြင် အင်ဆူလင်တုန့်ပြန်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ဒါ့အပြင် ထောပတ်သီးမှာ နှလုံးကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ အင်တီအောက်စီးဒင့်၊ phenols နဲ့ carotenoids စတာတွေ ပါဝင်ပါတယ်။

2. မှတ်ဉာဏ်ပိုကောင်းလာစေပါတယ်။

ထောပတ်သီးမှာ omega-3 fatty acid နဲ့ ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့အတွက် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ ဒါကတော့ စဉ်းစားဆင်ခြင်ဉာဏ် ကောင်းမွန်စေတဲ့ Pre-frontal cortex လို့ခေါ်တဲ့ ဦးနှောက်အစိတ်အပိုင်းကို သွေးထောက်ပံ့မှု ကောင်းစေလို့ဖြစ်ပါတယ်။

3. ခန္ဓာကိုယ်အချိုးအစားကို ထိန်းသိမ်းထားနိုင်ပါတယ်။

ထောပတ်သီးမှာ အဆီဓာတ်ပါဝင်သော်လည်း ကောင်းမွန်တဲ့အဆီဖြစ်လို့ ကိုယ်အလေးချိန်လျော့ကျလိုသူတွေ စားသင့်ပါတယ်။ ထောပတ်သီးက အချိန်အတော်ကြာအောင် ဗိုက်ပြည့်နေစေလို့ အလွန်အကျွံစားသုံးခြင်းကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ထောပတ်သီးတစ်လုံးမှာ အမျှင်ဓာတ် 14 ဂရမ်ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။

4. ကင်ဆာဖြစ်နိုင်ချေကိုလျော့ကျစေပါတယ်။

ကင်ဆာက ကမ်ဘာပေါ်မှာကြောက်စရာအကောင်းဆုံးရောဂါတစ်ခုဖြစ်ပြီး မိသားစုတွေကိုဝေးကွာစေရုံသာမက ဘဝအရည်အသွေးကိုလည်း ကျဆင်းစေပါတယ်။ ဒီရောဂါက တစ်ခါတစ်ရံမှာ အစားအစာတွေကြောင့်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုရွေးချယ်စားသောက်ခြင်းဖြင့် ကင်ဆာဖြစ်နိုင်ချေကို လျှော့ချကြပါစို့။

ထောပတ်သီးမှာ ကင်ဆာရောဂါဖြစ်နို်င်ချေကို လျော့ကျစေတဲ့ phytochemicals များစွာပါဝင်ပါတယ်။ ပါးစပ်ကင်ဆာဖြစ်နိုင်ချေနည်းစေတဲ့ xanthophyll lutien နဲ့ glutathione ဆိုတဲ့ ပရိုတင်းဓာတ်လည်း ပါဝင်ပါတယ်။             ထောပတ်သီးက ဆီးကျိတ်နဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့နည်းစေတယ်ဆိုတဲ့လေ့လာမှုတွေကို လုပ်နေဆဲဖြစ်ပေမယ့် ဦးဆုံးတွေ့ရှိထားတဲ့အချက်တွေကတော့ လျော့ကျစေတယ်လို့ ဆိုပါတယ်။

အစောပိုင်းလေ့လာမှုတွေအရ ထောပတ်သီးမှာပါဝင်တဲ့ အချို့သောဓာတ်ပေါင်းတွေက acute myeloid leukemia cells (သွေးဖြူဥကင်ဆာဆဲလ်) တွေကို တိုက်ဖျက်နိုင်တယ်လို့ ဆိုပါတယ်။

5. မျက်လုံးကို ပိုပြီးကျန်းမာစေပါတယ်။

နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ ထောပတ်သီးပုံမှန်စားခြင်းဖြင့် မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ lutein နဲ့ zeaxanthin တွေက အလင်းရောင်ကြောင့် မျက်လုံးပျက်စီးမှုနှင့် မျက်လုံးပြဿနာအမျိုးမျိုးကို ကာကွယ်ပေးနိုင်လို့ ထောပတ်သီး တစ်နေ့တစ်လုံးစားခြင်းဖြင့် မျက်လုံးကျန်းမာရေးကိုဂရုစိုက်ကြရပါမယ်။

6. အသားအရည်ပိုပြီး ကောင်းမွန်လာစေပါတယ်။

လူသားအားလုံးကတော့ တစ်နေ့တစ်ချိန်မှာ အိုမင်းခြင်းကို ရင်ဆိုင်ရမှာဖြစ်ပေမယ့် အချို့လူတွေက သူတို့ရဲ့လူနေမှုနဲ့ စားသောက်မှုပုံစံတွေကြောင့် ပိုပြီးလျှင်မြန်စွာ အိုမင်းရင့်ရော်တတ်ကြပါတယ်။

ထောပတ်သီးမှာပါဝင်တဲ့ carotenoid နဲ့ lutein ဓာတ်တွေက ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်းမှကာကွယ်ပေးပြီး အသားအရည်ကို ကျန်းမာတောက်ပနုပျိုစေပါတယ်။ ဒါတွေအပြင် ထောပတ်သီးမှာပါဝင်တဲ့ carotenoid ကို ခန္ဓာကိုယ်မှ စုပ်ယူမှုအားကောင်းတဲ့အတွက် အခြားအသီးတွေထက်ပိုပြီး ရွေးချယ်သင့်ပါတယ်။

7. ခန္ဓာကိုယ်မှ လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ်ကို ရရှိစေပါတယ်။

ပိုတက်ဆီယမ်လို့ပြောလိုက်ရင် ငှက်ပျောသီးစားခြင်းက အကောင်းဆုံးနည်းလမ်းလို့ ထင်ကြပါတယ်။ သို့သော်လည်း ငှက်ပျောသီးမှာ ကစီဓာတ်များစွာပါဝင်ပြီးတော့ ထောပတ်သီးမှာတော့မပါဝင်ပါဘူး။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ်လိုချင်ရင်တော့ ဒီအချက်ကိုကြည့်ပြီး ရွေးချယ်နိုင်ပါတယ်။

ထောပတ်သီး 100 ဂရမ်မှာ ခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်တဲ့ ပိုတက်ဆီယမ်ပမာဏရဲ့ 14% ပါဝင်ပါတယ်။ ငှက်ပျောသီးမှာတော့ 10% ပဲပါဝင်ပါတယ်။

ပိုတက်ဆီယမ်က သွေးပေါင်ချိန်ကိုချပေးပြီး နှလုံးရပ်ခြင်းနဲ့ လေဖြတ်ခြင်းဖြစ်နိုင်ချေကို လျော့ကျစေတဲ့အတွက် အလွန်အရေးကြီးပါတယ်။

 

Dr. Mya Myo Myo Swe

www.drmyanmar.com