/
news/အလှအပနှင့်ကျန်းမာရေး/ဒိန်ချဉ်ရဲ့အသုံးဝင်ပုံ

ဒိန်ချဉ်ရဲ့အသုံးဝင်ပုံ

Category
အလှအပနှင့်ကျန်းမာရေး

ဒိန်ချဉ်ဟာ ကျန်းမာရေးအတွက် အကျိုးပြုတယ်ဆိုတာကို အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါပေမဲ့ အလှအပရေးရာအတွက်ရော ဘယ်လောက်အထောက်အကူပြုလဲဆိုတာ  သင်သိပါရဲ့လား။ ဒါကြောင့် အလှအပကြိုက်တဲ့ ပျိုမေလေးတွေအတွက် ဒိန်ချဉ်ရဲ့အသုံးဝင်ပုံလေးတွေကို ဝေငှလိုက်ပါရစေ။

1.  Hair mask အဖြစ် အသုံးပြုနိုင်
ခေါင်းလျှော်ပြီးလို့ conditioner အသုံးပြုမယ့်နေရာမှာ ဒိန်ချဉ်ကို အသုံးပြုပါက ဆံသားကို ပိုးသားလေးလို နူးညံ့လှပစေပြီး ဦးရေပြားရောင်ရမ်းခြင်းမှ သက်သာစေနိုင်ကာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်နှစ်ခွဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အပြင် ဆံသားအရောင်ကိုလည်း တောက်ပစေပါတယ်။

2.  သဘာဝနည်းနဲ့ scrub လုပ်နိုင်
ဒိန်ချဉ်ကို အုတ်ဂျုံမှုန့် ဒါမှမဟုတ် ရှောက် (သို့) သံပရာသီးအခွံနဲ့ရောပြီး ခန္ဓာကိုယ်တစ်ကိုယ်လုံး scrub လုပ်ပေးပြီး နှိပ်နယ်ပေးပါက အသားရေကို စိုပြည်ချောမွေ့စေနိုင်ပါတယ်။ ဒါ့အပြင် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါမှာလည်း ဒီလို scrub လုပ်ပေးပါက အရေပြားကို ချောမွတ်စေပြီး အစိုဓာတ် ထိန်းပေးထားနိုင်ပါတယ်။

3.  သွားတွေကို ဖြူစေနိုင်
နေ့စဉ် ဒိန်ချဉ်နဲ့ သွားတိုက်ပေးပါက နှစ်ပတ်အတွင်းမှာ သွားလေးကို ဖြူဖွေးတောက်ပလာစေမှာပါ။ ဒါဟာ ဒိန်ချဉ်မှာပါတဲ့ Phosphorous နဲ့ Calcium ဓာတ်တွေကြောင့် ဖြစ်ပါတယ်။

4.  နေလောင်ဒဏ်ကို သက်သာစေနိုင်
နေလောင်ခံထားရတဲ့ အရေပြားပေါ်မှာ ဒိန်ချဉ်ထူထူလေး လိမ်းပြီးမိနစ် ၂၀ လောက် အကြာမှာ ရေအေးနဲ့ ဆေးပေးပါက နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားယားယံခြင်း၊ နေလောင်ကွက်များ ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေနိုင်ပါတယ်။

5.  ကလေးငယ်များ ပန်းချီဆွဲရာမှာ အသုံးပြုနိုင်
ဒိန်ချဉ်ကိုအသုံးပြုပြီး ကလေးငယ်တွေ လက်ချောင်းပန်းချီဆွဲဖို့အတွက် စီစဉ်ပေးနိုင်ပါသေးတယ်။ ဒိန်ချဉ်ထဲကို အစားအသောက်သုံး အရောင်တင်ဆီ 1-2 စက် ထည့်လိုက်ပါ။ အရောင်တင်ဆီ 5 မျိုးနဲ့ ဒိန်ချဉ်နည်းနည်းစီကို ခွက်လေးတွေထဲမှာ ခွဲထည့်ပေးလိုက်ရင် ကလေးတွေလည်း အရောင်စုံနဲ့ စိတ်ကြိုက်ဆော့နိုင်ပြီး မတော်တဆ ပါးစပ်ထဲ ဝင်သွားရင်လည်း မိဘတွေအနေနဲ့ စိတ်ပူပန်စရာ မလိုတော့ပါဘူး။

6.  မျက်နှာပေါင်းတင်နိုင်
ဒိန်ချဉ်နဲ့မျက်နှာပေါင်းတင်ပါက အသားရေကို ကြည်လင်ဝင်းပစေပြီး၊ မျက်ကွင်းညိုတာ၊ အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းမှ လျှော့ချပေးနိုင်ပါတယ်။ ဒိန်ချဉ်၊ အုတ်ဂျုံမှုန့်နဲ့ ပျားရည်တို့ကိုရောပြီး မျက်နှာပေါ်မှာ လိမ်းကာ ညင်သာစွာ နှိပ်ပေးပါ။ ၁၀ မိနစ်လောက်ကြာရင်တော့ ရေနဲ့ ဆေးလိုက်လို့ရပါပြီ။

CMS (www.drmyanmar.com)