နေ့စဉ်လုပ်မိတဲ့အမှားတွေကြောင့် မြန်မြန်အိုမင်းလာစေ
1. အန္တရာယ်ရှိသောအချက်များကို လျစ်လျှူရှူထားခြင်း
သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီဓာတ်များခြင်း စတာတွေကိုမသိဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ကိုပိုပြီးပျက်စီးစေပါတယ်။ ပြဿနာကတော့ နှလုံးရုတ်တရက်ရပ်ခြင်း၊ လေဖြတ်ခြင်း စတာတွေဖြစ်မှရောဂါရှိမှန်းသိပြီးတော့ ဒီအချိန်မှာအသိနောက်ကျနေပါပြီ။ ဒါကြောင့်စစ်ဆေးမှုတွေပြုလုပ်ဖို့နဲ့ ရောဂါလက္ခဏာတွေကို စောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။
2. ကျန်းမာရေးနှင့်မညီညွတ်သော အစားအစာများ
ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေကို အမြဲစားသုံးနေရင် (သို့) အလွန်အကျွံစားမယ်ဆိုရင် အိုမင်းရင့်ရော်မှုကို ပိုပြီးလျှင်မြန်စေပါတယ်။ ဒါကြောင့် ကယ်လိုရီတွေလျှော့ချဖို့နဲ့ အာဟာရဓာတ်ပြည့်ဝဖို့အတွက် သဘာဝအတိုင်းရတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ကောက်ပဲသီးနှံတွေနဲ့ အသားတွေကိုစားသောက်ပါ။ ဆား၊ သကြားနဲ့ ကြာရှည်ခံပစ္စည်းတွေထည့်ထားတဲ့ အသင့်လုပ်အစားအစာတွေကိုရှောင်ကြဉ်ပါ။
3. အိပ်စက်ချိန်နည်းပါးခြင်း
နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်ရင် (သို့) အိပ်ချိန်မလုံလောက်ရင် ခန္ဓာကိုယ်တစ်ခုလုံးကိုထိခိုက်စေပါတယ်။ ကျန်းမာပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့အတွက် အိပ်စက်ခြင်းကအလွန်အရေးကြီးပါတယ်။ အိပ်စက်ခြင်းက ဦးနှောက်ကိုအတွေးအမြင်သစ်တွေရရှိအောင်အားပေးပြီး ကိုယ်ခန္ဓာစနစ်တွေကိုလည်း ပြန်လည်အားဖြည့်စေပါတယ်။
အိပ်ချိန်မလုံလောက်ရင် ကိုယ်အလေးချိန်တက်ခြင်း၊ ကင်ဆာရောဂါနဲ့ အခြားကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။
4. စိတ်ဖိစီးမှု
တစ်ခါတစ်လေတော့ စိတ်ဖိစီးမှုက အလုပ်လုပ်ချင်စိတ်ကိုလှု့ံဆော်ပေးတဲ့အတွက်ကောင်းပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုအနေနဲ့ adrenaline ဟော်မုန်းတွေပိုထွက်လာစေပြီး ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း နဲ့ နှလုံးအောင့်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဒီစိတ်ဖိစီးမှုခံစားရတာကြာလာရင်တော့ ပြဿနာတွေအများကြီးကြုံတွေ့ရစေနိုင်ပါတယ်။
5. လှုပ်ရှားမှုမရှိခြင်း
ထိုင်နေခြင်းဖြင့် ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ ကြွက်သားတွေလှုပ်ရှားမှုနည်းပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် စားပွဲမှာထိုင်ပြီးအလုပ်လုပ်ရတဲ့သူဆိုရင် မကြာခဏထရပ်ခြင်း၊ လှုပ်ရှားမှုပြုခြင်း၊ လမ်းထလျှောက်ခြင်းတွေပြုလုပ်ပါ။
6. အဆိပ်အတောက်များ
အဆိပ်တွေကို တမင်တကာစားနေတာမဟုတ်ပေမယ့် ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်း အဆိပ်သင့်နေစေပါတယ်။ ခဲ၊ ပြဒါး၊ အာဆင်းနစ် စတာတွေနဲ့ ထိတွေ့မှုများရင် အဆိပ်ဖြစ်စေနိုင်သလို ယခုအခါမှာဆိုရင်တော့ အရည်အသွေးနိမ့်တဲ့ အဆိပ်ဖြစ်စေသောဓာတုပစ္စည်းတွေနဲ့ ရေရှည်ထိတွေ့မှုကြောင့် ကျန်းမာရေးထိခိုက်စေနိုင်ပါတယ်။ ဒီအဆိပ်ဓာတ်တွေက သွေး၊ အဆီနဲ့ အခြားတစ်သျှူးတွေထဲမှာစုပုံလာပြီးတော့ ဟော်မုန်းနဲ့ခန္ဓာကိုယ်စနစ်တွေကို ထိခိုက်ပျက်စီးစေပါတယ်။
7. မူးယစ်စေတတ်သောအရာများစွဲခြင်း
အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်နဲ့ မူးယစ်ဆေးစွဲခြင်းတွေကြောင့် ခန္ဓာကိုယ်ကိုမြန်မြန်ပျက်စီးစေပါတယ်။ လေ့လာမှုတစ်ခုအရ စီးကရက် 15 မိနစ်သောက်ရုံနဲ့ DNA ပျက်စီးစေပြီး ဘဝသက်တမ်းတစ်လျှောက်မှာ ပျက်စီးမှုတွေဆက်ဖြစ်နေစေပါတယ်။ အရက်၊ ဆေးလိပ်အလွန်အကျွံသောက်သုံးသူတွေက မသောက်တဲ့သူတွေနဲ့ယှဉ်ရင် 3 ဆပိုပြီး သေနိုင်ချေရှိပါတယ်။
Dr. Mya Myo Myo Swe






























