/
news/အလှအပနှင့်ကျန်းမာရေး/ပိတ်ရက်မှာ-ကြေးချွတ်ကြမယ်

ပိတ်ရက်မှာ ကြေးချွတ်ကြမယ်

Category
အလှအပနှင့်ကျန်းမာရေး

          အရေပြားပေါ်ရှိ ဆဲလ်သေများဟာ အသားအရေကို ညိုညစ်ပြီး အရောင်အဆင်း ကင်းမဲ့စေပါတယ်။ ဒါကြောင့် ဒီလိုအသားအရေကို ညစ်ညူးစေတဲ့ ဆဲလ်သေများကို ပုံမှန်ဖယ်ရှားပေးဖို့ လိုအပ်ပါတယ်။ အပေါ်မှာ ဖုံးလွှမ်းနေတဲ့ ဆဲလ်သေများကို ဖယ်ရှားပေးမှသာ အောက်မှာ ဖုံးကွယ်နေတဲ့ နုနယ်စိုပြေတဲ့ အရေပြားအသစ်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

          ဒီလို ဆဲလ်သေများကို ဖယ်ရှားဖို့အတွက် အကောင်းဆုံး နည်းလမ်းကတော့ အပြင်အရေပြားလွှာကို ပွတ်တိုက်ကြေးချွတ် (Exfoliate) လုပ်တာပဲဖြစ်ပါတယ်။ Exfoliate ကြေးချွတ် သန့်စင်ခြင်းက အပေါ်ယံ သေနေတဲ့ဆဲလ်တွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်လေးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာရော မျက်နှာမှာပါ ချေးချွတ်သန့်စင်နိုင်ပြီး လုပ်ရတာ လွယ်ကူမြန်ဆန်လှပါတယ်။ ဆဲလ်သေတွေဟာ အေးမြတဲ့ဆောင်းရာသီများမှာ ပိုမိုစုပုံလာနိုင်တဲ့အတွက် နွေဦးပေါက်တိုင်းမှာ သေချာပေါက် ကြေးချွတ်သန့်စင်ပေးသင့်ပါတယ်။

          ဒီလိုကြေးချွတ်ရာမှာလည်း အဓိကရည်ရွယ်ချက်က အပေါ်ယံအလွှာကိုသာ သန့်စင်စေလိုတာ ဖြစ်တဲ့အတွက် အောက်က ဆဲလ်အသစ်တွေကိုပါ ဖယ်ရှားပစ်တတ်တဲ့ ကြမ်းတမ်းတဲ့ အလှကုန်ပစ္စည်းများကို မရွေးချယ်မိဖို့ သတိပြုသင့်ပါတယ်။ ဈေးကွက်ထဲမှာ ကိုယ်ခန္ဓာရော၊ မျက်နှာပါ ကြေးချွတ်သန့်စင်နိုင်တဲ့ ပစ္စည်းကောင်းများ အများအပြား ရှိပါတယ်။ အသုံးများတဲ့ ကြေးချွတ်သန့်စင်ပစ္စည်းများကတော့ Scrub လို့ခေါ်တဲ့ ကြေးချွတ်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ သကြား ဒါမှမဟုတ် နာနတ်သီးလိုမျိုး အသီးအက်ဆစ်ဓာတ်ပါတဲ့ scrub မျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ မျက်နှာမှာရော ခန္ဓာကိုယ်မှာပါ အသုံးပြုနိုင်ပြီး မျက်နှာဟာ နူးညံ့တဲ့အတွက် မျက်နှာအတွက် ထုတ်လုပ်တဲ့ပစ္စည်းများဟာ ပိုပျော့တတ်ပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို scrub နဲ့ အသာအယာပွတ်တိုက်ပြီး ဖြည်းဖြည်းချင်း ပြန်လည်ဆေးချပေးပါ။

          ကြေးချွတ်သန့်စင်ခြင်းကို ပုံမှန်လုပ်ပေးသင့်ပြီး ပူနွေးတဲ့ရာသီတွေမှာ တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ လုပ်ပေးနိုင်ပါတယ်။ အသုံးပြုတဲ့ Scrub ပစ္စည်းမှာ ပါဝင်တဲ့ အသုံးပြုပုံနည်းလမ်းကို သေချာဖတ်ပြီး လိုက်လုပ်ရပါမယ်။ အသုံးပြုရာမှာ ပမာဏအနည်းငယ်မျှသာ လိုအပ်ပါတယ်။ ဆဲလ်သေတွေဟာ ခန္ဓာကိုယ်မှာ အလွယ်တကူ စုပုံလာတတ်တဲ့အတွက် ပုံမှန်ကြေးချွတ်သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ပုံမှန် မဖယ်ရှားတဲ့အခါ ဆဲလ်သေတွေဟာ ကွာမကျတော့ဘဲ အရေပြားမှာ ကပ်နေပြီး ချွေးပေါက်တွေကိုလည်း ပိတ်စေနိုင်ပါတယ်။ အများကြီး စုပုံလာတဲ့အခါ အရေးအကြောင်းတွေကိုတောင် ဖြစ်စေလာနိုင်ပါတယ်။

          ကြေးချွတ်သန့်စင်နည်း နောက်တစ်မျိုးကတော့ ရေချိုးတိုင်းမှာ ဘရပ်ချ်တစ်ခုနဲ့ ပွတ်တိုက်ပေးပါ။ ဒီလိုပြုလုပ်ပေးခြင်းဖြင့် ဆဲလ်ဟောင်းတွေကို ခွာချပေးပြီး သူ့အလိုလို ကွာကျသွားစေနိုင်ပါတယ်။ ခြေထောက်တွေနဲ့ အထူးသဖြင့် ခြေဖနောင့်တွေမှာ အသားမာတွေ မဖြစ်အောင် ကြေးချွတ်ကျောက်တုံးဖြင့် ပွတ်တိုက်ပေးနိုင်ပါသေးတယ်။ ဒီကျောက်တုံးတွေကို အသုံးမပြုမီ ခြေထောက်ကို ရေနဲ့ အရင်စွတ်ပြီး နူးနေအောင် အရင်လုပ်ရပါမယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)