/
news/အလှအပနှင့်ကျန်းမာရေး/ပြီးပြည့်စုံသော-အသားအရေအတွက်-အစားအစာ၉မျိုး-0

ပြီးပြည့်စုံသော အသားအရေအတွက် အစားအစာ(၉)မျိုး

Category
အလှအပနှင့်ကျန်းမာရေး

အသားအရေလှပစေဖို့အတွက် ဈေးကြီးတဲ့အလှကုန်ပစ္စည်းများကို သုံးစရာမလိုဘဲ အစားအစာများဖြင့် အသားအရေလှပအောင် လုပ်လို့ရပါတယ်။ အောက်ဖော်ပြပါ အစားအစာများသည် အသားအရေကိုလှပစေရုံသာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အများကြီးအထောက်ကူပြုပါတယ်။

၁။ ရေနွေးကြမ်း

ရေနွေးကြမ်းမှာ အမိုက်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့ L-theanine ဓာတ် ပါ၀င်တာကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကို လျှော့ချပေးနိုင်ပါတယ်။ Antioxidant ဓာတ်များစွာပါ၀င်တာကြောင့် အရေပြားကိုလှပစေ ပါတယ်။ ရောင်ရမ်းမှုကိုဟန့်တားပေးနိုင်ပြီး အရေပြားကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ရေနွေးကြမ်းကို တစ်ရက်လျှင် ၃ ခွက်လောက် သောက်သုံးသင့်ပါတယ်။

၂။ မုန်လာဥနီ

မုန်လာဥနီမှာဗီတာမင် A နဲ့ ဗီတာမင် C ပါ၀င်တာကြောင့် မျက်လုံးနဲ့အရေပြားကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပါတယ်။ ၀က်ခြံတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပြီး Vitamin A က အရေပြားကင်ဆာ ဖြစ်ပွားနှုန်းကိုလျော့နည်းစေပါတယ်။ ဒါ့အပြင်မုန်လာဥနီဖျော်ရည်ကို နေ့စဉ်သောက်ပါက အသားရေကိုသဘာ၀အတိုင်း ၀င်းပစေပါတယ်။

၃။ သင်္ဘောသီး

သင်္ဘောသီးမှာအံ့သြစရာကောင်းတဲ့ အာဟာရတန်ဖိုးတွေရှိနေပါတယ်။ ကယ်လိုရီနည်းပါးစွာပါ၀င်ပြီး ကိုလက်စထရောပါ၀င်မှု လုံး၀မရှိပါဘူး။ ဖရက်တို့ (fructose) သကြားပါ၀င်မှုနည်းပါးတာကြောင့် အစာခြေစနစ်အတွက် အထောက်အကူပြုပါတယ်။ သင်္ဘောသီးမှာ ကြွယ်၀စွာပါ၀င်တဲ့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီးနဲ့ Antioxidant တွေဟာ ကြည်လင်စေပြီးမျက်နှာမှာရှိတဲ့ အမည်းစက်တွေနဲ့ ၀က်ခြံတွေကိုဖယ်ရှား ရှင်းလင်းပေးပါတယ်။

၄။ ဟင်းနုနယ်

ဟင်းနုနယ်မှာ အသားအရေအတွက် အရမ်းကောင်းတဲ့ ဗီတာမင် A, C, E နှင့် သွေးအားကောင်းစေတဲ့ သံဓာတ်၊ ဖောလစ်အက်ဆစ်တို့ ပါ၀င်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်၀စွာ ပါ၀င်တာကြောင့် အစာခြေစနစ်နဲ့ အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။

၅။ တရုတ်နံနံ

စိတ်ဖိစီးမှုများခြင်းဟာ အသားအရေကိုညစ်နွမ်းစေပြီး ကင်ဆာဖြစ်ပွားနှုန်းကို အားပေးပါတယ်။ တရုတ်နံနံဟာ စိတ်ဖိစီးမှုလျှော့ချပေးနိုင်ပြီး အသားအရေအစိုဓာတ်ကို ထိန်းထားနိုင်ပါတယ်။ ဗီတာမင် k ပါ၀င်တာကြာင့် သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပြီး သွေးပေါင်ကျစေတာကြောင့် သွေးတိုးရောဂါရှိသူများ ပုံမှန်စားပေးသင့်ပါတယ်။

၆။ ဆယ်လမွန်ငါး

ဆယ်လမွန်ငါးဟာ စိတ်ဖိစီးမှု၊ စိတ်ပူပင်မှုနှင့် စိတ်ကျေ၀ဒနာခံစားနေရသူတွေအတွက် အလွန်ကောင်းတဲ့ အစားအစာဖြစ်ပါတယ်။ အိုမင်းမှုကိုဟန့်တားနိုင်တဲ့ ဆယ်လမွန်ငါးမှာအရိုး၊ ဦးနှောက်နဲ့ နှလုံးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin D ဓာတ်ပါ၀င်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်ဆစ်လည်း ပါ၀င်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အရေးအကြောင်းဖြစ်တာတွေနဲ့ အရေပြားလျော့တွဲတာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်ပြီး ဦးရေပြားကို အစိုဓာတ်ဖြည့်ပေးတာကြောင့် ကျန်းမာသန်းစွမ်းတဲ့ ဆံကေသာကိုပါ ပိုင်ဆိုင်ရရှိစေပါတယ်။

၇။ အုန်းဆီ

အုန်းဆီမှာလောရစ်(Lauric) အက်ဆစ်ပါ၀င်ပြီး ပိုးမွှားများကိုသေစေနိုင်တာကြောင့် ၀က်ခြံများကိုသက်သာစေ ပါတယ်။ ဒါ့အပြင် အုန်းဆီမှာပါ၀င်တဲ့ ဖက်တီး (Fatty)အက်ဆစ်နဲ့ ဗီတာမင်အီးဟာအရေးအကြောင်းကင်းပြီး နူးညံ့စိုပြေ တဲ့ အသားအရေကိုဖန်တီးပေးနိုင်ပါတယ်။

၈။ ချောကလက်အခါး (Dark Chocolate)

ချောကလက်အခါး (Dark Chocolate) ဟာအရေပြားကျန်းမာရေးအတွက် စူပါအစားအစာဖြစ်ပါတယ်။ ကိုကိုးဟာသွေးကြောများကို ပြေလျော့စေပြီးသွေးလှည့်ပတ်မှု ကောင်းမွန်တာကြောင့် ပါးမို့မှာပန်းရောင်သန်းပြီး လှပစေ ပါတယ်။ အင်တီအောက်ဆီးဒင့်၊ ဖက်တီးအက်ဆစ်နဲ့ ဖလေဗာနော (Flavanols) တွေကြွယ်၀တာကြောင့် အသားရေကို ချောမွေ့စေပြီး နေလောင်ဒဏ်များကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၉။ အစေ့အဆန်များ

နေကြာစေ့၊ ဖရုံစေ့နဲ့ နှမ်းစေ့စတာတွေမှာဇင့်(သွပ်ဓာတ်)၊ ဆယ်လီနီယမ် (Selenium)၊ မဂ္ဂနီဆီယမ်နဲ့ Vitamin E တို့ ကြွယ်၀စွာပါ၀င်နေတာကြောင့် အရေးအကြောင်းများကို သက်သာလျော့ပါးစေပြီး အရေပြားကိုစိုပြေ၀င်းပစေပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)