ဗိုက်အစူလျော့စေပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်စေသောနည်းလမ်း (10) မျိုး
၀ဖြိုးသူအများစုအနေနဲ့ ခန္ဓာကိုယ်တွင်းမှာ အဆီပိုတွေစုပုံလာတတ်ကြပါတယ်။ ယင်းအဆီပိုတွေဟာ ၀မ်းဗိုက်ပိုင်းမှာ အများဆုံးစုပြုံစေတာကြောင့် ဗိုက်စူခြင်းဒုက္ခကို ခံစားရစေတာပါ။ ဒါကြောင့် အ၀တ်အစား၀တ်တိုင်း မိမိကိုယ်ဟန်အနေအထား ကြည့်မကောင်းခြင်းအပေါ် စိတ်သောကရောက်နေရတဲ့ သူတွေအတွက် ဗိုက်အဆီတွေကို အထိရောက်ဆုံး လျော့ချပေးနိုင်သော နည်းလမ်းကောင်းတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
1. ပရိုတင်းများများစားပါ။
အသက်အရွယ်ရလာတာနဲ့အမျှ ခန္ဓာကိုယ်မှ အင်ဆူလင်ထုတ်လုပ်မှု ပိုများလာပြီး ကြွက်သားနဲ့ အဆီဆဲလ်တို့ဟာ ၎င်းကိုထိန်းညှိပေးနိုင်စွမ်းမရှိတော့ပါဘူး။ အင်ဆူလင်များဟာ အဆီသိုလှောင်မှုကို အားကောင်းစေပြီး အဓိကအားဖြင့် ၀မ်းဗိုက်အဆီများကို ဖြစ်တည်စေနိုင်ပါတယ်။ ပရိုတင်းဓာတ်ဟာ အင်ဆူလင်အလွန်အမင်းထုတ်လုပ်မှုကို ကာကွယ်ပေးနိုင်တာကြောင့် ပရိုတင်းပါ၀င်သော အသား၊ ငါး၊ ပဲအမျိုးမျိုး စတာတွေကို မဖြစ်မနေစားသုံးပေးသင့်ပါတယ်။
2. မပြည့်၀ဆီပါ၀င်တဲ့ အစားအစာတွေကိုရွေးချယ်ပါ။
အဆီထူအသား၊ မလိုင်အပြည့်ပါသောနို့ထွက်ပစ္စည်း၊ ထောပတ်၊ ၀က်ဆီ၊ စားအုန်းဆီ၊ အမြန်ပြင်အစားအစာ၊ ပြုပြင်ထုတ်ပိုးထားသော အစားအစာစသည်တို့တွင် ပြည့်၀ဆီများပြည့်နှက်နေပြီး ကျန်းမာရေးအတွက် ဆိုးကျိုးများကိုသာပေးနိုင်ကာ ခန္ဓာကိုယ်တွင် အဆီပိုများစုဆောင်းလာစေနိုင်ပါတယ်။ မပြည့်၀ဆီပါ၀င်သော အစားအစာတွေဖြစ်တဲ့ နေကြာဆီ၊ ပြောင်းဖူးဆီ၊ ပင်လယ်ငါး၊ အခွံမာသီး၊ အစေ့အဆန်တွေကို စားသုံးခြင်းဖြင့် သွေးတွင်းရှိ ကိုလက်စထရောပမာဏကို မတက်စေတဲ့အပြင် ကြွက်သားများ သန်မာအားကောင်းလာစေနိုင်မှာဖြစ်ပါတယ်။
3. အစားအသောက်ထဲတွင် ပန်းသီးရှာလကာရည် (Apple Cider Vinegar) ထည့်ပါ။
ပန်းသီးရှာလကာရည်မှာပါ၀င်တဲ့ အက်ဆီးတစ်အက်ဆစ်ဟာ အဆီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်စားသောက်တဲ့ အစားအသောက်ထဲမှာ ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ဒါမှမဟုတ် နှစ်ဇွန်းခန့်ပါ၀င်အောင် ထည့်သွင်းစားသုံးပေးပါ။
4. ယောဂကျင့်ပါ။
လေ့လာမှုအရသွေးဆုံးပြီး အမျိုးသမီးတွေအနေနဲ့ 16 ပတ်ကြာမျှ ယောဂကျင့်ပြီးနောက်မှာ ခန္ဓာကိုယ်အဆီများ လျော့ကျသွားကြောင်းသိရှိရပါတယ်။ စိတ်အပန်းပြေစေတဲ့ မည်သည့်လေ့ကျင့်ခန်းမဆို စိတ်ဖိစီးမှုကိုဖြစ်စေသော Cortisol ဟော်မုန်းအဆင့်ကို လျော့ကျစေပြီး ၀မ်းဗိုက်အဆီများကို လျော့ချရာမှာလည်း များစွာအထောက်အကူပြုပေးနိုင်ပါတယ်။
5. လေ့ကျင့်ခန်းလုပ်ပါ။
နေ့စဉ်ပုံမှန်အားကစားလုပ်ခြင်းကြောင့် သွေးတွင်းရှိမကောင်းသောအဆီ (LDL) ကိုနည်းစေပြီး ကောင်းသောအဆီ (HDL) ကိုမြင့်တက်စေပါတယ်။ ခန္ဓာကိုယ်၀ဖြိုးသူများကို အဆီကျစေပြီး ပိုနေတဲ့အဆီများကို လျော့စေနိုင်ပါတယ်။ ဒါကြောင့် အေရိုးဗစ်ကစားခြင်း၊ ရွရွပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းစတဲ့ လေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးသင့်ပါတယ်။
6. ပြည့်ပြည့်၀၀အနားယူပါ။
တစ်ညတာအိပ်စက်ချိန် 5 နာရီဒါမှမဟုတ် 5 နာရီအောက်လျော့နည်းကာ အိပ်စက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းအဆီပိုများ တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် တစ်ညတာအိပ်စက်ချိန် 7 နာရီဒါမှမဟုတ် 8 နာရီ အချိန်ပေးကာ အပြည့်အ၀အနားယူ အိပ်စက်ပေးသင့်ပါတယ်။
7. အချိန်မှန်အိပ်စက်ပါ။
ပုံမှန်အိပ်စက်တဲ့ အလေ့အကျင့်မရှိဘဲ အိပ်စက်ချိန်အမျိုးမျိုး ပြောင်းလဲအိပ်စက်ခြင်းကြောင့် အဆီသိုလှောင်မှုပျက်ပြယ်စေသော ဟော်မုန်းတွေကိုပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန်အိပ်စက်ချိန်ထားတဲ့ အလေ့အကျင့်မွေးမြူပါ။
8. လက်ဖက်စိမ်းလက်ဖက်ရည်သောက်ပါ။
လက်ဖက်စိမ်းလက်ဖက်ရည်မှာ အင်တီအောက်ဆီးဒင့်ပါ၀င်တာကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပြီး ခန္ဓာကိုယ်အဆီပိုတွေကို လောင်ကျွမ်းစေကာ ၀ဖြိုးသူကို အလေးချိန်ကျစေပါတယ်။ လေ့လာမှုအရ လက်ဖက်စိမ်းလက်ဖက်ရည်သောက်ပြီး အားကစားလုပ်သူတွေဟာ လက်ဖက်စိမ်းလက်ဖက်ရည်မသောက်သူတွေထက် ၀မ်းဗိုက်အဆီပိုကျစေကြောင်းသိရှိရပါတယ်။
9. အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာများပိုစားပါ။
အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေဟာ ၀မ်းဗိုက်ကို အချိန်ကြာကြာပြည့်နေစေတဲ့အတွက် လိုအပ်တာထက်ပိုမစားမိအောင် ဟန့်တားပေးပါတယ်။ ဒါကြောင့်အမျှင်ဓာတ်ကြွယ်၀တဲ့ သစ်သီး၀လံ (ဥပမာ-ထောပတ်သီး၊ မာလကာသီး၊ ကီ၀ီသီး၊ လိမေ္မာသီး) တွေနဲ့ ဟင်းသီးဟင်းရွက် (ဥပမာ- ပဲအမျိုးမျိုး၊ ပဲပိုးတီ၊ ပန်းဂေါ်ဖီစိမ်း) တွေကို များများစားပေးသင့်ပါတယ်။
10. သကြားစားသုံးမှုလျော့ချပါ။
သကြားပါ၀င်မှုများတဲ့ အစားအစာတွေဟာ ဆာလောင်မွတ်သိပ်ခြင်းကို လျင်မြန်စွာပြန်လည်ဖြစ်ပေါ်စေပြီး အစာစားချင်စိတ်ကို ထပ်မံဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အဆီပိုတွေစုစည်းကာ ၀ဖိုင့်လာစေနိုင်ပါတယ်။
CMS






























