/
news/အလှအပနှင့်ကျန်းမာရေး/ဗီတာမင်အေနဲ့-အရေးအကြောင်း

ဗီတာမင်အေနဲ့ အရေးအကြောင်း

Category
အလှအပနှင့်ကျန်းမာရေး

ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် မှန်ထဲကြည့်ချိန် အရေးအကြောင်းတွေ မြင်နေရတာကို သိပ်မကြိုက်တတ်ကြဘူးပေါ့။ လတ်တလော အမေရိကန်လေ့လာမှုအရ အသက် ၃၅ နှစ်နဲ့ ၄၄ နှစ်ကြား အမျိုးသမီး ၅၄% လောက်ဟာ အရေးအကြောင်းတွေ၊ အရေပြားအတွန့်တွေ၊ အသားတွဲနေတာတွေကို တွေ့ရတတ်တယ်လို့ ဆိုတယ်။
သတင်းကောင်းတစ်ခုက ဗီတာမင်အေပါပဲ။ retinol လို့ခေါ်တဲ့ ဗီတာမင်အေဟာ ဆဲလ်တွေ ပုံမှန်အတိုင်း ထုတ်လုပ်နေနိုင်အောင် အကူအညီပေးနိုင်လို့ အရွယ်တင်စေတဲ့ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်လာတယ်။

>>  ဗီတာမင်အေ အလှအပပစ္စည်းတွေက တကယ်ရော အလုပ်ဖြစ်ရဲ့လား?
၂၀၁၂ မှာ ထုတ်ခဲ့တဲ့ အရေပြားနဲ့ ဟော်မုန်းရောဂါဂျာနယ်မှာ ဗီတာမင်အေကို ခရင်မ်လိမ်းဆေးအနေနဲ့ လိမ်းပေးခြင်းက ကော်လဂျင်ထုတ်လုပ်ရေး၊ ဆန့်ကျုံ့ကြွက်သားတွေကို လှုံ့ဆော်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ကော်လဂျင်ဆိုတာဟာ အရေပြားကို တင်းစေတဲ့ပရိုတင်းတစ်မျိုးပါ။
ဒီလေ့လာမှုမှာပဲ ဖော်ပြထားတာက retinol ဟာ ပြင်ပကနေ အရွယ်ကျစေတဲ့ အကြောင်းရင်းတွေဖြစ်တဲ့ လေထုညစ်ညမ်းခြင်းတွေ၊ ဓာတုပစ္စည်းတွေကိုလည်း တွန်းလှန်နိုင်စွမ်းရှိသလို မျိုးရိုးဗီဇ၊ ဟော်မုန်း စတဲ့ ကိုယ်တွင်းအရွယ်ကျစေတဲ့ အကြောင်းရင်းတွေကိုလည်း ပြုပြင်ပေးနိုင်တယ်လို့ သိရတယ်။

>>  ဗီတာမင်အေက အရေးအကြောင်းတွေကို ဘယ်လိုတိုက်ထုတ်ပေးသလဲ?
၂၀၁၆ ခုနှစ်မှာ မီချီဂန်တက္ကသိုလ်က လေ့လာသူတွေက Retinoic နဲ့ retinol ကုသမှုတွေကို ၄ ပတ်တိတိ လိမ်းပေးခြင်းက အရေပြားအပေါ်ယံလွှာကိုရော၊ ကော်လဂျင်ကိုပါ ထူထဲစေတာကို တွေ့ရတယ်လို့ ဆိုတယ်။ နောက်တစ်မျိုးပြောရရင် ဗီတာမင်အေဟာ အရေပြားကို တင်းရင်းစေတယ်လို့ ဆိုနိုင်တယ်။
နောက်လေ့လာမှုတစ်ခုမှာလည်း retinol ကို ၁၂ ပတ်လောက် လိမ်းပေးခြင်းက အရေးအကြောင်း၊ အရေတွန့်တွေကို သိသိသာသာ လျော့စေတယ်လို့ တွေ့ရတယ်။
ဗီတာမင်အေအကျိုးကို အပြည့်ရဖို့အတွက် ညဘက်မှာ လိမ်းပေးပါ။ ဘာကြောင့်လဲဆိုတော့ နေ့ဘက် နေအလင်းရောင်က ဗီတာမင်အေကို ဖြိုခွဲပစ်တာကြောင့် အာနိသင်ကျသွားတတ်ပါတယ်။ Retinol ဟာ အရေပြားအဟောင်းတွေကို ရှင်းထုတ်ပစ်နိုင်တဲ့အစွမ်း ရှိတာကြောင့် နေ့ဘက်မှာ အပြင်ကို လိမ်းသွားရင် နေထိခိုက်မှုကိုလည်း ပိုများစေနိုင်တယ်။

>>  အားဆေးတွေမှာရော ဒီလိုအကျိုးကျေးဇူးတွေ ရနိုင်သလား?
ဗီတာမင်အေ အားဆေးတွေကလည်း ရင့်နေတဲ့အသားအရေကို အပြောင်းအလဲကောင်းတွေ ဖြစ်စေနိုင်တယ်။
၂၀၁၂ မှာ ဂျာမန်အရေပြားဆရာဝန်တွေရဲ့ လေ့လာမှုအရ ဗီတာမင်အေအားဆေးတွေကို ဘီတာကယ်ရိုတင်းအနေနဲ့ ၃ လကျော်ကျော်လောက် သောက်စေတဲ့အခါ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားနီရဲရောင်ရမ်းခြင်းကို ကျစေတယ်လို့ တွေ့ရတယ်။ အထူးသဖြင့် ဗီတာမင်အီးနဲ့ တွဲသောက်ပေးရင်ပေါ့။
သဘာဝအားဖြင့် ဗီတာမင်အေကို မုန်လာဥနီ၊ ရွှေဖရုံသီး၊ ကန်စွန်းဥ၊ သရက်သီး စတဲ့ အသီးတွေမှာ တွေ့နိုင်သလို ဗီတာမင်အီးကိုလည်း သစ်ချသီး၊ ထောပတ်သီး၊ နေကြာစေ့တွေမှာ တွေ့နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)