မယ်စကြဝဠာတွေရဲ့ ကျန်းမာလှပ သော့ချက်များ
● ဗင်နီဇွဲလား အလှမယ် ကေစီဆာယာဂိုကတော့ အသားအရေကို ရေဓာတ်ပြည့်ဝနေအောင် ရေများများ သောက်ပါသတဲ့။ အိပ်ရာမဝင်ခင် မိတ်ကပ်တွေ အကုန်အစင် ဖျက်ပစ်လိုက်ပြီး အစိုဓာတ်ထိန်းဆေးတစ်ခု လိမ်းအိပ်ပါတယ်။
● ပီရူး အလှမယ် ပရီဆဲလ်လာဟောဝပ်ကတော့ အပြင်ပန်းအလှဆိုတာ အတွင်းစိတ်အလှနဲ့ တည်ငြိမ်ပညာရှိမှုရဲ့ ရောင်ပြန်ဟပ်ချက်ပါတဲ့။ သူမဟာ နေ့စဉ် စာတစ်အုပ် ဖတ်လေ့ရှိပြီး ဗဟုသုတ ရှာမှီးတဲ့အပြင် လေ့ကျင့်ခန်း ခန်းမသွားဖို့လည်း မပျင်းသူပါ။
● မက္ကဆီကို အလှမယ် ဒန်နဆီဖရန်စကိုကတော့ အပြုံးဟာ အလှဆုံး အပြုအမူပါတဲ့။ အမြဲပြုံးနေတဲ့အပြင် သူမရဲ့ ဆွဲဆောင်မှုဟာ သမင်မလေးလို ရွှင်လန်းတက်ကြွနေပါသတဲ့။ သူမက ဆံပင်အတွက်လည်း အကြံပြုထားပါသေးတယ်။ တစ်ပတ်ကိုတစ်ခါ အုန်းဆီ ရွှဲနေအောင် လိမ်းပြီး သူမရဲ့ ရှည်လျားသွယ်လျတဲ့ဆံပင်ကို အားဖြည့်ပေးပါတယ်။
● ဘရာဇီး အလှမယ် မိုနယ်ဆာကတော့ တစ်ရက်ကို ရှစ်နာရီ အနည်းဆုံးထား အိပ်စက်ခြင်းဟာ သူမဘဝနဲ့ အလှအပအတွက် အရေးအပါဆုံးပါတဲ့။ ရေဓာတ်ပြည့်ဝဖို့ ရေကို တစ်စိုက်မတ်မတ် သောက်သုံးတတ်သူပါ။
● ကိုလံဗီယာ အလှမယ် လော်ရာကတော့ ကိုယ့်ကိုယ်ကိုယ် လက်ခံ အကောင်းမြင်တာကို အဓိကလို့ ယူဆပါသတဲ့။ သူမဟာ မှန်ကြည့်ပြုံးပြပြီး မိမိကိုယ်မိမိ အားနည်းချက်တွေပါမကျန် ကိုယ့်ဘာသာ အားပေး လက်ခံပေးခြင်းကို လုပ်ဆောင်ပါတယ်။
● ပူရီတိုရီကို အလှမယ် ဒါနာကတော့ သူနာပြုဆရာမရဲ့သမီးပီပီ ပင်လယ်စာ၊ အိုမီဂါ၊ အသီးအရွက် လတ်လတ်ဆတ်ဆတ်တွေ ပိုစားသုံးပြီး အရေပြားကို အစဉ်ကျန်းမာအောင် ထိန်းသိမ်းပါသတဲ့။
● ဒိုမေနီကန် အလှမယ်လေး ကာရန်မေကတော့ လှပစိုပြေတဲ့ အသားအရေအတွက် သူမကိုယ်ပိုင် ခရင်မ်လေးတစ်ခု တီထွင်ပြီး သုံးပါသတဲ့။ သခွားသီး၊ ဒိန်ချဉ်နဲ့ သံလွင်ဆီတွေကို ကြိတ်ချေ ရောနှောပစ်လိုက်ပြီး အဲဒီခရင်မ်ကို ကိုယ်လုံးနဲ့ မျက်နှာပေါ်မှာ လိမ်းကျံပြီး ရေနွေးနွေးနဲ့ ဆေးချပစ်ပါသတဲ့။
● စပိန် အလှမယ် ဆိုဖီယာကတော့ သူမက မိမိကိုယ်ကိုယ် ယုံကြည်မှုကို ပျိုးထောင်ပြီး အဲဒါကို အပြင်ပန်းအလှမှာ ထင်ဟပ်လာဖို့ ကြိုးစားပါသတဲ့။ မနက်တိုင်းမှာ အစိုဓာတ်လိမ်းဆေးလေး တစ်ခုသုံးပြီး အသားအရေကို စိုပြေကျန်းမာဖို့ ကြိုးစားလေ့ ရှိပါတယ်။
● ဟွန်ဒူးရပ်စ် အလှမယ် ဧပရယ်ကတော့ ကော်ဖီမှုန့်နဲ့ နွားနို့ကို ရောစပ်ပြီး တစ်ကိုယ်လုံးကို လိမ်းကျံလေ့ ရှိပါတယ်။ သွေးလည်ပတ်မှု ကောင်းသွားစေပြီး ပိုမိုငယ်ရွယ် လှပလာတယ်လို့ ခံစားရပါသတဲ့။
● ဂွာတီမာလာ အလှမယ်လေး အစ်ဇယ်ကတော့ အရေပြားအတွက် ဒိန်ချဉ် သုံးပြီး ဆံပင်ကိုတော့ ထောပတ်သီးနဲ့ သံလွင်ဆီ သုံးပြီး ပေါင်းတင်လေ့ ရှိပါတယ်။ သူမဟာလည်း အပြုံးရဲ့ စွမ်းပကားကို ယုံကြည်သူပါ။
မာလာခင် (စိန်ပန်း) (www.drmyanmar.com)






























