/
news/အလှအပနှင့်ကျန်းမာရေး/မိမိရဲ့ရုပ်ရည်သွင်ပြင်ကို-ထိခိုက်စေနိုင်တဲ့-အပြုအမူများ

မိမိရဲ့ရုပ်ရည်သွင်ပြင်ကို ထိခိုက်စေနိုင်တဲ့ အပြုအမူများ

Category
အလှအပနှင့်ကျန်းမာရေး

          မိမိလက်ရှိရောက်ရှိနေတဲ့အသက်အရွယ်မှာ ပိုင်ဆိုင်ထားတဲ့အသွင်အပြင်ဟာ မျိုးရိုးဗီဇနဲ့များစွာ သက်ဆိုင်နေပါတယ်။ ဒါပေမယ့်လည်း မိမိကိုယ်တိုင်ရဲ့အပြုအမူအချို့ကြောင့်လည်း အိုမင်းရင့်ရော်မှုကို ပိုမိုလျင်မြန်စွာ ဖြစ်စေနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

1. ဆံပင်ကိုအမြဲတစေ စည်းနှောင်ထားခြင်း

        ဆံပင်ရဲ့အမြစ်ကနေ ဆွဲပြီးတင်းကြပ်စွာချည်နှောင်ခြင်းဟာ ဆံပင်ပေါက်ရာလမ်းကြောင်းကို နောက် သို့ရောက်စေနိုင်တာကြောင့် နောက်ပိုင်းမှာ ထိပ်ပြောင်ခြင်းဖြစ်လာနိုင်ပါတယ်။ ထိုကဲ့သို့ဖြစ်ခြင်း ကိုရှောင်ကြဉ်ရန် ဆံပင်ကိုအခြားနည်းလမ်းများဖြင့်သာ ထုံးဖွဲ့ပြင်ဆင်သင့်ပါတယ်။

2. နေရောင်ကာကို မျက်နှာတွင်သာလိမ်းခြင်း

        အမျိုးသမီးအများစုဟာ နေရောင်ကာခရင်မ်ကို တစ်နှစ်ပတ်လုံးလိမ်းဖို့လိုအပ်တယ်ဆိုတာ သိလာကြပေမယ့်လည်း လက်တွေ့ကိုလိမ်းဖို့ကိုတော့ မေ့လျော့နေကြဆဲပါ။ တကယ်တော့ အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ဟာ လက်တွေမှာပိုမိုစောလျင်စွာ ဖြစ်စေတဲ့အပြင် အဆီတွေဆုံးရှုံး တာကြောင့် သွေးကြောတွေပိုမိုထင်ရှားလာစေပါတယ်။ ထို့ပြင် ခရမ်းလွန်ရောင်ခြည်ဟာ လက်အရေပြားတွေမှာ အမဲစက်နဲ့ တင်းတိတ်တွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အပြင်သွားတဲ့အခါတိုင်း လက်တွေကိုလည်း နေရောင်ကာခရင်မ်လိမ်းဖို့မမေ့ပါနဲ့။ နွေရာသီအခါမှာတော့ လည်ပင်းနဲ့ ရင်ဘတ်နေရာတွေကိုပါ လိမ်းပေးသင့်ပါတယ်။

3. ခြေချိတ်ထိုင်ရတာကို သဘောကျခြင်း

        ခြေထောက်မှာ သွေးပြန်ကြောတွေထုံးရခြင်းမှာ သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေနဲ့ သွေးကြောများ ဖိမိခြင်းကြောင့် ဖြစ်ပါတယ်။ ခြေထောက်ချိတ်ထိုင်ခြင်းသည် ဆီးခုံရိုးနားတစ်ဝိုက်ရဲ့ သွေးစီးဆင်းမှုကို ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုမိုဖြစ်လေ့ရှိပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ကတော့ အဲလိုပုံစံမျိုးထိုင်းခြင်းဟာ အလွန်ပင်အန္တရာယ်များလှပါတယ်။ တစ်ခါတစ်ရံမှာ သတိလက်လွတ်ဖြစ် တတ်တယ်ဆိုပေမယ့်လည်း သက်တောင့်သက်သာရှိမယ့် ကွန်ပျူတာထိုင်ခုံတစ်လုံးဝယ်ပြီး တန်းပေါ်မှာခြေထောက်တင်ထိုင်တတ်တဲ့ အလေ့အကျင့်ကိုတော့ ကြိုးစားပြီးပြုသင့်ပါတယ်။

4. ရေစိုနေတဲ့အချိန်မှာ ဆံပင်ဖြီးခြင်း

        ဤကဲ့သို့ပြုလုပ်ခြငး်ဟာ ဆံပင်အဖျားနှစ်ခွဖြစ်နိုင်တာကြောင့် ဆံပင်ထိန်းသိမ်းရာမှာ မှားယွင်းတဲ့အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ ဆံသားပျက်စီးမှုကိုကာကွယ်ရန် မျက်နှာသုတ်ပုဝါဖြင့် ဆံပင်ကိုဖွဖွလေးသုတ်၍ လေမှုတ်စက်ဖြင့် အခြောက်ခံပြီးနောက်မှသာ ခေါင်းဖြီးခြင်း၊ ပုံသွင်းခြင်းများကို ပြုလုပ်သင့်ပါတယ်။

5. မိတ်ကပ်မလိမ်းမီ မျက်ခုံးမွှေးများကိုနှုတ်၍ ပုံဖော်ခြင်း

        မျက်ခုံးမွှေးများကိုနှုတ်၍ ပုံဖော်လိုပါက ညဘက်မျက်နှာသစ်ပြီးနောက်ပိုင်းတွင် ပြုလုပ်နိုင်ပါတယ်။ ဤနည်းအားဖြင့် ဘက်တီးရီးယားပိုးများဝင်ရောက်ခြင်းကို လျှော့ချနိုင်ရုံသာမက မျက်ခုံးနားတစ်ဝိုက် ပူစပ်ပူလောင်ဖြစ်ခြင်းကိုလည်း ရှောင်ရှားနိုင်ပါတယ်။

6. ဆံပင်ပုံသွင်းကိရိယာများကို အမြင့်ဆုံးအပူချိန်မှာထားခြင်း

        ဆံပင်သည် မြင့်မားတဲ့အပူချိန်တစ်ခုခုနဲ့ ထိတွေ့လိုက်ရတဲ့အခါ (ဥပမာ - ဆံပင်အခြောက်ခံစက်၊ ဆံပင်ဖြောင့်စက်၊ ဆံပင်ကောက်စက်) ဆံပင်အတွင်းမှာ လေပူဖောင်းတွေဖြစ်လာတော့ ဆံသားကိုခြောက်သွေ့၍ ကြမ်းတမ်းစေပါတယ်။ ထိုကဲ့သို့ဖြစ်ခြင်းမှရှောင်ကြဉ်ရန် ဆံပင်မှုတ်စက်ကို 15 စင်တီမီတာခန့်အကွာတွင်သာထား၍ အသုံးပြုခြင်း၊ ဆံပင်ကာကွယ်ဆေးများသုံးစွဲခြင်းနဲ့အပူချိန်ကို အလယ်အလတ်တွင်သာထားရှိခြင်းတို့ပြုလုပ်နိုင်ပါတယ်။

7. မျက်လုံးကိုမကြာခဏပွတ်ခြင်း

        ဒီမကောင်းတဲ့အကျင့်ဆိ်ုးကြောင့် မျက်တောင်မွှေးတွေဟာ ခံနိုင်ရည်အားနည်းလာကာ မကြာခဏကျွတ်စေပါတယ်။ ထို့ပြင် မျက်လုံးအောက်မှာရှိတဲ့ အရေပြားကိုလည်း နီရဲကာနွမ်းလျသဟောင်ဖြစ်စေပါတယ်။ မျက်စိကိုပွတ်မယ့်အစား 20-20-20 နည်းလမ်းကိုအသုံးပြုကြည့်ပါ။ မိနစ် 20 ကြာတိုင်းအဝေးကို စက္ကန့် 20 ခန့်ကြည့်ပေးပါ။

8. ဒေါသဖြစ်လွယ်ခြင်း

        သုတေသနပြုလုပ်ချက်တွေအရ ခွင့်လွှတ်သည်းခံခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ခြင်းတို့ဟာ ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ မိမိရဲ့မကောင်းတဲ့စိတ်ကို မိမိမထိန်းချုပ်နိုင်ပါက သုံး၊ လေးနှစ်ခန့် ပိုမိုအိုမင်းရင့်ရော်စေနိုင်ပါတယ်။ အကြောင်းအရင်းကတော့ စိတ်ဖိစီးမှုဟော်မုန်း (cartisol) တွေဟာ ခန္ဓာကိုယ်မှာ စုပြုံလာပြီးတော့ ကိုယ်အလေးချိန်တိုးခြင်း၊ သွေးတိုးခြင်း၊ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

9. မျက်နှာကို မကြာခဏကိုင်တွယ်ခြင်း

        မိမိကိုယ်တိုင်သတိမပြုမိဘဲ ပါးပေါ်လက်တင်မိခြင်း၊ နှာခေါင်းပွတ်ခြင်း၊ မေးစေ့ပွတ်ခြင်း စတာတွေကိုပြုလုပ်မိနိုင်ပါတယ်။ ထိုကဲ့သို့ပြုမူခြင်းဖြင့် အရေပြားကိုပွတ်ဆွဲသလိုဖြစ်တာကြောင့် အရေးအကြောင်းတွေ စောစောစီးစီးပေါ်လာစေရုံသာမက မသန့်ရှင်းတဲ့လက်နဲ့ပွတ်မိပါက ပိုးဝင်ပြီး ဝက်ခြံတွေပေါက်လာစေနိုင်ပါတယ်။ ထိုကဲ့သို့ဖြစ်ခြင်းကို ကာကွယ်နိုင်ဖို့တစ်ခုတည်းသောနည်းလမ်းကတော့ မိမိကိုယ်ကို မိမိသတိထားဖို့ပါပဲ။

10. မကြာခဏမျက်နှာကို ပေါင်ဒါပုတ်ခြင်း

        မျက်နှာမှာနည်းနည်းအဆီပြန်လာပြီဟုထင်တာနဲ့ တစ်နေ့ကို အခါတစ်ရာလောက် ပေါင်ဒါလိမ်းခြင်းဟာ ချေွးပေါက်တွေကို ပိတ်ဆို့စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အဆီစုတ်စက္ကူအသုံးပြုတာဖြစ်ပြီး အလွန်လိုအပ်တဲ့အခါမှသာ ပေါင်ဒါအနည်းငယ် ပုတ်လိမ်းသင့်ပါတယ်။

11. မိမိဘေးလွယ်အိတ်ထဲမှာ ပစ္စည်းအစုံထည့်၍ သယ်ယူခြင်း

        မိမိရဲ့အိတ်ထဲမှာ ထီး၊ အရေးပေါ်သုံးပစ္စည်းများ၊ ဖိနပ်အပိုတစ်စုံ၊ စာအုပ်ထူထူတစ်အုပ် စတဲ့မိမိလိုအပ်သမျှအရာတွေ အားလုံးနဲ့ပြည့်နှက်နေပြီဆိုပါက ကိုယ်နေဟန်ထားကို ထိခိုက်စေတော့မည်မှာ မလွဲဧကန်ဖြစ်ပါတယ်။ ဒါကြောင့် လက်တစ်ဖက်နဲ့တစ်ဖက်ပြောင်းကိုင်ခြင်း၊ ပခုံးတစ်ဖက်နဲ့ တစ်ဖက်ပြောင်းလွဲခြင်းတို့ ပြုလုပ်ရန်မမေ့လျော့ပါနှင့်။

12. အသားအရည်အာဟာရဖြည့်ပေးတဲ့ ခရင်မ်တွေကို အလွန်အကျွံလိမ်းခြင်း

        အကောင်းဆုံးလို့ဆိုထားတဲ့ ခရင်မ်တွေတောင်မှ အလွန်အကျွံအသုံးပြုပါက အန္တရာယ်ရှိနိုင်ပါတယ်။ အလွှာအထူကြီး လိမ်းထားတဲ့အရေပြားဟာ အောက်စီဂျင်ကောင်းစွာမရတာကြောင့် ရောင်ရမ်းခြင်း၊ မျက်ကွင်းညိုခြင်းနဲ့ မျက်နှာအသားအရောင်မမှန်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ပိုလျှံနေတဲ့ ခရင်မ်တွေကို တစ်သျှူးနဲ့ဖျက်ပစ်လိုက်ပါ။

Dr. Thinzar Wynn

www.drmyanmar.com