မိုးရာသီတွင်း အရေပြားမှိုရောဂါများ မဖြစ်ပွားစေဖို့
စွတ်စိုထိုင်းမှိုင်းသော မိုးရာသီအတွင်း အရေပြားနှင့်ဦးရေပြားပေါ်တွင် ပွေးညှင်း၊ ဒက် အစရှိသည့် မှိုရောဂါများ ဖြစ်ပွားလေ့ရှိသည့်အတွက် အောက်ပါအကြံပြုချက်များကို လိုက်နာနိုင်ရန်ဖော်ပြအပ်ပါသည်။
1. အရေပြားကို တစ်နေ့လျှင် သုံးကြိမ်ခန့် အဆီမပါသော မျက်နှာသစ်ဆေးရည် များနှင့် ဆေးကြောပေးခြင်းဖြင့် မွှေးညှင်းပေါက်များတွင်ရှိသည့် ဖုန်မှုန့်နှင့် အဆီပြန်ခြင်းများကို လျော့ပါးစေမည်ဖြစ်သည်။
2. အရေပြား၏ အက်ဆစ်ဓာတ်နှင့် အယ်လ်ကာလီဓာတ်ပါဝင်မှုပမာဏပြင်းအား (pH) ကို သင့်လျော်သောမျှခြေတွင် ထားရှိရန်အတွက် အရက်ပြန်မပါဝင်သော အရေပြားထိန်းညှိသည့်အလှကုန် (non-alcoholic skin toner) များကို တစ်နေ့ 2 ကြိမ် သုံးပေးရန်လိုအပ်ပါသည်။
3. ခြောက်သွေ့သောအသားအရေပိုင်ရှင်တို့အတွက် အရေပြားအစိုဓာတ်ထိန်းဆေး (skin moisturizer) အဖြစ် glycerine အလှဆီ (သို့မဟုတ်) ဗာဒံစေ့အဆီ အစရှိသည်တို့ကို အိပ်ရာမဝင်မီလိမ်းပေးခြင်းဖြင့် အရေပြားကောင်းမွန်စေရန် အထောက်အကူပြုပါသည်။
4. မှဲ့ခြောက်နှင့် ဝက်ခြံများရှိလှျှင် အဆီပြန်တတ်သောအသားအရေကို ရေဓာတ်ပါဝင်သော အစိုဓာတ်ထိန်းဆေး (water based moisturizer)များ၊ အရေပြားသန့်စင်ဆေးများကို အသုံးပြုရန်လိုအပ်ပြီး ရေများများသောက်ခြင်းဖြင့်လည်း အရေပြားအဆီပြန်ခြင်းကို လျှော့ချနိုင်ပါသည်။
5. နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ဒဏ် (UV rays) မှ ကာကွယ်ရန်အတွက်လည်း SPF ပါဝင်မှုမြင့်မားသည့် နေရောင်ခြည်ဒဏ်မှကာကွယ်ပေးသော အရေပြားလိမ်းဆေး (sunscreen) များကို နေပူချိန်တွင်သာမက မိုးအုံ့နေချိန်များတွင်လည်း အသုံးပြုရန် လိုအပ်မည်ဖြစ်ပါသည်။
6. နေ့စဉ်အရေပြားဆဲလ်များ အသစ်လဲလှယ်လေ့ရှိသည့်အတွက် ပျက်စီးသေဆုံးနေသော အရေပြားဆဲလ်များကို အရေပြားချေးချွတ်ဆေးရည် ကောင်းကောင်းအသုံးပြု၍ ညင်သာစွာ သန့်ရှင်းပေးရပါမည်။
7. ချေွထွက်ခြင်းကြောင့် အရေပြားမှဆုံးရှုံးသွားသည့်အရည်ဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင် ရန် နေ့စဉ်အနည်းဆုံး ရေဖန်ခွက် 7 ခွက်မှ 8 ခွက်အထိ သောက်သုံးသင့်ပါသည်။
8. ပုံမှန်ခေါင်းလျှော်သည့်အကြိမ်ထက် စိုစွတ်ထိုင်းမှိုင်းသောမိုးရာသီတွင် အကြိမ်ရေ များများ ခေါင်းလျှော်ပေးရန် လိုအပ်ပါသည်။
9. မိုးရာသီတွင်း လည်ပင်းနှင့်လက်ကောက်ဝတ်တို့တွင် လေးလံသောလက်ဝတ်ရတနာများကို မဝတ်စားသင့်ပါ။ စွတ်စိုထိုင်းမှိုင်းမှုသည် ထိလွယ်ရှလွယ်သောအရေပြားအား ပိုမိုအနာတရဖြစ်လွယ်စေပါသည်။
10. ဓာတုဆေးအလှကုန်များသည် အရေပြားပိုမိုချောမွတ်ကောင်းမွန်စေမည်ဟုဆိုသော်လည်း မိမိခန္ဓာကိုယ်နှင့် အရေပြားအမှန်တကယ်ကျန်းမာစေရန်အတွက် အရေးကြီးဆုံးအချက်များမှာမူ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ လုံလောက်စွာစားသုံးရန်၊ အပြည့်အဝအနားယူရန်နှင့် စိတ်ဖိစီးမှုများ လျှော့ချရန်တို့ ဖြစ်ပါသည်။
Dr. Thanda Lin






























