မိုးရာသီမှာ အလှမပျက်ဖို့
ကျွန်တော်တို့ဟာ နွေအရမ်းပူတဲ့အခါ မိုးကို မျှော်တတ်ကြပါတယ်။ တကယ်တမ်း မိုးရာသီရောက်လို့ မိုးတွေရွာပြီဆိုရင်တော့ အသွားအလာ၊ အနေအထိုင်၊ အစားအသောက်ကအစ သတိထားရပါတော့တယ်။ ဘာကြောင့်လဲဆိုရင် မိုးရာသီဟာ စိုစွတ်မှုနဲ့အတူ ရောဂါပိုးတွေကိုလည်း သယ်ဆောင်လာတတ်တဲ့အတွက် ဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အအေးမိဖျားနာ၊ တုပ်ကွေးရောဂါ စတာတွေ အဖြစ်များတဲ့အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့လိုတဲ့ ကာလဖြစ်တဲ့အပြင် သင့်ရဲ့အရေပြားကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တဲ့အတွက် အထူးသတိပြုဖို့လိုပါမယ်။ ဒီရာသီမှာဆိုရင် လေထုထဲမှာ စိုထိုင်းဆများပြီး ဖုန်တွေ၊ အမှုန်တွေဟာ သင့်အရေပြားကို အလွယ်တကူ ကပ်ငြိနိုင်တဲ့အတွက် ရောဂါပိုးတွေလည်း အလွယ်တကူ ကပ်ငြိနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ပျော်ရွှင်ပြီး လှပနိုင်ဖို့ အလေ့အကျင့်ကောင်းလေးတွေကို ပြောပြပေးပါမယ်။
● မိုးရာသီမှာ အရေပြားကို စိုစွတ်မှုများစေတဲ့အတွက် ဆပ်ပြာအပျော့စားနဲ့ ရေနဲ့ မကြာခဏ ဆေးကြောပေးပါ။
● မိုးရာသီမှာလည်း အသားအရေခြောက်သွေ့ခြင်း ဖြစ်တတ်တဲ့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။
● မိုးအုံ့နေတယ်ဆိုပြီး နေရောင်ကာလိမ်းဆေး မလိမ်းတာမျိုး မလုပ်သင့်ပါဘူး။ နေပူခြင်းမပူခြင်းထက် အသားအရေကို ထိခိုက်စေနိုင်တာကို သတိထားပြီး ရေစိုခံပြီး ဗီတာမင်စီ ပါဝင်မှုများတဲ့ နေရောင်ကာလိမ်းဆေး သုံးပေးသင့်ပါတယ်။
● တစ်ပတ်ကို နှစ်ကြိမ်ခန့် scrub နဲ့ တိုက်ပြီး ချေးချွတ်ပေးသင့်ပါတယ်။
● မိတ်ကပ်ထူထူလိမ်းခြင်းကိုတော့ မိုးရာသီမှာ မလုပ်သင့်ပါဘူး။
● အသားအရေ ခြောက်သွေ့တတ်တဲ့သူတွေအတွက် မျက်နှာသစ်ပြီးတိုင်း Toner ကို သုံးသင့်ပါတယ်။
● အပြင်က ပြန်လာပြီးတိုင်း ခြေ၊ လက်ဆေး၊ မျက်နှာသစ်ပါ။
● အဆီပြန်တတ်တဲ့ အသားအရေဖြစ်ပါက ရွှံ့စေးပါတဲ့ face mask သုံးစွဲပါ။
● ကွင်းထိုးဖိနပ်၊ အပိတ်ဖိနပ်များထက် ခြေထောက်ကို မဖုံးအုပ်ထားတဲ့ ဖိနပ်များကို ရွေးစီးပါ။ ရေနူးပြီး ခြေထောက်မှိုစွဲခြင်းကို ကာကွယ်နိုင်ပါတယ်။
● ဒါ့အပြင် ခြေထောက်ကို ဆားရေစိမ်ပေးတာ၊ ရေနွေးစိမ်တာ စတာတွေကလည်း ခြေထောက်နဲ့ ပတ်သက်တဲ့ အရေပြားပြသနာတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒေါက်တာအောင် (www.drmyanmar.com)