မျက်ကွင်းညိုသူများအတွက် သဘာဝနည်းလမ်းများ
မျက်ကွင်းညိုတာဟာ အလှအပကိုမြတ်နိုးတဲ့ အမျိုးသား၊ အမျိုးသမီးတွေတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုပါ။ ဒါကြောင့် မျက်ကွင်းညိုပျောက်စေမယ့် အလှကုန်ပစ္စည်းတွေ ၀ယ်ယူသုံးစွဲနေသူတွေရှိသလို အသားအရေနုလွန်းသူတွေအနေနဲ့ မိမိအသားအရေထိခိုက်မှာစိုးတဲ့အတွက် ဟိုပစ္စည်းကောင်းနိုး၊ ဒီပစ္စည်းကောင်းနိုးနဲ့ ဝေခွဲရခက်နေသူတွေလည်း ရှိပါတယ်။
တကယ်တော့ မျက်ကွင်းညိုတာဟာ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဟော်မုန်းပြောင်းလဲတာ၊ မျိုးရိုးလိုက်တာ စတဲ့အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်လာရတာပါ။ တချို့သူတွေအနေနဲ့ မျက်ကွင်းညိုပျောက်ဆေးသုံးလို့ မျက်ကွင်းညိုတာသက်သာသွားပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက် အသားအရေမတူညီကြတဲ့အတွက် တချို့သူတွေမျက်ကွင်းညိုပျောက်တိုင်း မိမိပျောက်ချင်မှ ပျောက်မှာပါ။
ဒါကြောင့် အသားအရေအတွက် ဘေးဥပါဒ်လည်းမဖြစ် လူတိုင်းနဲ့သင့်လျော်တဲ့ မျက်ကွင်းညိုပျောက်စေမယ့် သဘာ၀နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
1. ခရမ်းချဉ်သီး
ခရမ်းချဉ်သီးအရည်ညှစ်ပြီးသား လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရှောက်ရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုရောပြီး မျက်ကွင်းညိုတဲ့နေရာပေါ်လိမ်းပေးပါ။ 10 မိနစ်ခန့်ထားပြီးနောက် ရေဆေးချပါ။ အနည်းဆုံးတနေ့နှစ်ကြိမ်လုပ်ပေးပါ။ နောက်တစ်နည်းက ခရမ်းချဉ်သီးရည်၊ ရှောက်ရည်နဲ့ ပူဒီနာရွက် ပေါင်းစပ်ကာဖျော်ရည်လုပ်သောက်ပေးပါကလည်း မျက်ကွင်းညိုသက်သာစေနိုင်ပါတယ်။
2. အာလူး
ခြစ်ပြီးအရည်ညှစ်ထားတဲ့ အာလူးရည်ကိုဂွမ်းဖတ်နဲ့တို့ယူပါ။ မျက်လုံးမှိတ်ထားကာ ယင်းဂွမ်းဖတ်ကို မျက်လုံးပေါ် 10 မိနစ်ကြာတင်ထားပါ။ ပြီးနောက် ရေအေးနဲ့ဆေးချပါ။ မျက်ကွင်းညိုတဲ့နေရာရော မျက်ခွံပေါ်ကိုပါ ယင်းဂွမ်းဖတ်ကထိနေပါစေ။
3. လက်ဖက်ခြောက်အိတ်
ချမိုမိုင်းလက်ဖက်ခြောက်အိတ် ဒါမှမဟုတ် လက်ဖက်စိမ်းလက်ဖက်ခြောက်အိတ်ကို ရေမှာ စိမ်ပြီး ရေခဲသေတ္တာထဲမှာ အတန်ကြာထည့်ထားပါ။ ထို့နောက် မျက်လုံးပေါ်ကပ်ပေးပါ။ ပုံမှန်လုပ်ပေးပါက မျက်ကွင်းညိုတာသက်သာလာတာကို တွေ့ရပါလိမ့်မယ်။
4. နို့အေး
ဂွမ်းဖတ်ကိုအအေးခံထားတဲ့ နို့ထဲမှာစိမ်ကာ ဒါမှမဟုတ် ရေခဲရေထဲမှာစိမ်ကာ ယင်းဂွမ်းဖတ်ကို မျက်လုံးပေါ်သို့ ခဏကြာဖုံးအုပ်ထားပါ။ ပြီးနောက် ရေဆေးချပါ။
5. လိမ္မော်ရည်
လိမ္မော်ရည်ကိုအလှဆီတစ်စက်၊ နှစ်စက်ရောပြီး မျက်ကွင်းညိုတဲ့နေရာပေါ်လိမ်းပေးပါ။ မျက်ကွင်းညိုတာပျောက်စေရုံသာမက မျက်လုံးကိုပါကြည်လင်စေပါတယ်။
6. ယောဂ/တရားထိုင်ခြင်း
မျက်ကွင်းညိုတာက စိတ်ဖိစီးမှုကြောင့်အဖြစ်များတာကြောင့် စိတ်ဖိစီးမှုပြေလျော့စေဖို့ ယောဂကျင့်တာ၊ တရားထိုင်တာ ပြုလုပ်ပေးသင့်ပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း ပုံမှန်ပြုလုပ်ပေးပါက မျက်ကွင်းညိုတာ သက်သာစေတဲ့အပြင် စိတ်ကိုတည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။
Mg HlaingThwin (www.drmyanmar.com)