/
news/အလှအပနှင့်ကျန်းမာရေး/မျက်နှာမှ-ဆဲလ်အသေများ-ဖယ်ရှားခြင်းအတွက်-သတိပြုရမည့်အချက်များ

မျက်နှာမှ ဆဲလ်အသေများ ဖယ်ရှားခြင်းအတွက် သတိပြုရမည့်အချက်များ

Category
အလှအပနှင့်ကျန်းမာရေး

ကျွန်ုပ်တို့က ဆံပင်ညှပ်ကြ၊ လက်သည်းတွေရှည်လာရင် ညှပ်ကြပေမယ့် အရေပြားက ဆဲလ်အသေတွေကို ဖယ်ရှားပေးဖို့ မေ့နေတတ်ကြပါတယ်။ နေ့စဉ် မျက်နှာသစ်၊ အစိုဓာတ်လိမ်းဆေး လိမ်းပေးနေရုံသာမကဘဲ မျက်နှာမှာရှိတဲ့ ဆဲလ်အသေတွေကို ပုံမှန်ဖယ်ရှားပေးခြင်းဖြင့် သေနေတဲ့အရေပြားအပေါ်ယံလွှာတွေ ထွက်သွားစေပါတယ်။ ဒါပေမဲ့ ဒီလိုဆဲလ်အသေတွေကို ဖယ်ရှားတယ်ဆိုတဲ့နေရာမှာလည်း အသားအရေ အမျိုးအစားအပေါ် မူတည်ပြီး ဘယ်လောက်လုပ်သင့်လဲ၊ ဘယ်နှကြိမ် လုပ်သင့်လဲဆိုတာနဲ့ သေချာဂရုတစိုက်လုပ်တတ်ဖို့ လိုပါတယ်။
ဆိုင်တွေမှာရောင်းတဲ့ scrub အမျိုးအစားများစွာကနေပြီးတော့ အရေပြားအထူးကုတွေနဲ့ သေချာဆေးခန်းမှာ လုပ်ပေးတဲ့နည်းတွေအထိ နည်းအမျိုးမျိုးရှိပါတယ်။ ဘယ်နည်းကိုပဲသုံးသုံး ဆဲလ်အသေဖယ်ရှားပြီးတိုင်း အရေပြားက အကြမ်းအတိုင်းကျန်ခဲ့ပြီး ထိရှလွယ်တဲ့အတွက် အစိုဓာတ်ထိန်းဆေးနဲ့ နေကာခရင်မ် ပြန်လိမ်းပေးဖို့လိုပါတယ်။ ဆဲလ်အသေဖယ်ရှားခြင်းက ဆဲလ်အသေတွေကိုသာမက အဆီတွေကိုပါ ဖယ်လိုက်တဲ့အတွက် အစိုဓာတ် ပြန်ထိန်းပေးဖို့ လိုပါတယ်။

>>  ဆဲလ်သေဖယ်ရှားခြင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်တွေကတော့ -
●  အလွန်အကျွံ မလုပ်ပါနဲ့။
ဆဲလ်အသေ ဖယ်ရှားတယ်လို့ ပြောတဲ့နေရာမှာ နည်းနည်းပဲလုပ်တာက ပိုကောင်းပါတယ်။ တချို့လူတွေမှာဆိုရင် အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ထိရှလွယ်တဲ့ အသားအရေပိုင်ရှင်တွေ၊ ဝက်ခြံ (သို့) အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဆေးတွေဖြစ်တဲ့ retinol ဆိုတဲ့ ဆေးသုံးနေတဲ့သူတွေမှာဆိုရင် ဒီပစ္စည်းတွေ ကိုယ်တိုင်က ဆဲလ်အသေတွေကို ဖယ်ပေးပြီးသား ဖြစ်တဲ့အတွက် မျက်နှာသစ်တာအပြင် အများကြီး ထပ်လုပ်ဖို့မလိုပါဘူး။ ဒီလိုဆေးတွေ သုံးနေတာလည်း မရှိဘူး၊ ဆဲလ်အသေ ဖယ်ရှားတာကို အခုမှ စလုပ်ကြည့်ချင်တယ်ဆိုရင် အသားအရေ ခြောက်သွေ့သူတွေမှာ တစ်ပတ် တစ်ကြိမ်၊ အဆီပြန်တဲ့ အသားအရေအတွက် တစ်ပတ် နှစ်ကြိမ် ပြုလုပ်ပေးပြီး ကိုယ့်ရဲ့အရေပြားက ဘယ်လိုတုံ့ပြန်လဲဆိုတာကို စောင့်ကြည့်ပါ။

●  အသားအရေထိခိုက်စေတဲ့ scrub တွေ မသုံးပါနဲ့။
Scrub တွေကို ရှာကြည့်လိုက်မယ်ဆိုရင် သကြား၊ ဆားကနေပြီး အခြားအမှုန်တွေအစိတွေပါဝင်တဲ့ အမျိုးအစားတွေ အများကြီး ရှိပါတယ်။ အစိုင်အခဲကြီးကြီးတွေနဲ့ အချွန်တွေပါတဲ့ဟာတွေက ကောင်းကျိုးအစား ဆိုးကျိုးပိုဖြစ်စေပါတယ်။ မျက်နှာမှာ အခြစ်ရာသေးသေးလေးတွေကျန်ခဲ့ပြီး ရောဂါပိုးဝင်ပြီး ဝက်ခြံဖြစ်နိုင်ချေ ပိုများလာပါတယ်။ ဒါကြောင့် သစ်သီးကွဲမာမာတွေ၊ အခွံတွေပါတဲ့ scrub တွေသုံးဖို့ မသင့်ပါဘူး။ ဒီအစား နူးညံံ့တဲ့ scrub တွေကိုပဲ သုံးပါ။

●  အရေပြားထိန်းသိမ်းတဲ့ brush သုံးပါ။
ဘရပ်စ်နဲ့ ပွတ်တိုက်ချင်တယ်ဆိုရင် မျက်နှာအတွက် သီးသန့်ထုတ်ထားတဲ့ ဘရပ်စ်အမျိုးအစားကိုပဲ သုံးပါ။ မျက်နှာအရေပြားက နူးညံ့ပြီး တခြားခန္ဓာကိုယ်အပိုင်းတွေနဲ့မတူတဲ့အတွက် ဘရပ်စ်ကြမ်းကြမ်းတွေနဲ့ ပွတ်လို့မရပါဘူး။ လက်နဲ့တိုက်တဲ့ဘရပ်စ်ကနေပြီး လျှပ်စစ်ဘရပ်စ်အထိ အမျိုးမျိုးရှိပါတယ်။ ညွှန်ကြားချက်အတိုင်း သေချာလိုက်နာဖို့ အရေးကြီးပါတယ်။

●  နှုတ်ခမ်းတွေကို တိုက်ဖို့အတွက် သွားတိုက်တံသုံးပါ။
မျက်နှာက မခြောက်ဘူးဆိုရင်တောင် အေးပြီးခြောက်သွေ့တဲ့ ဆောင်းတွင်းတွေမှာ နှုတ်ခမ်းတွေ ခြောက်သွေ့အက်ကွဲတတ်ပါတယ်။ နှုတ်ခမ်းတွေ ကွဲလာပြီဆိုရင် သွားတိုက်တံနုနုလေးနဲ့ နှုတ်ခမ်းကို သေချာပွတ်တိုက်ပြီး ဆဲလ်အသေတွေကို ဖယ်ရှားပေးပါ။ lip balm (သို့) Vaseline ကို နှုတ်ခမ်းမှာ ပါးပါးလေး ပွတ်လိမ်းပြီး နှုတ်ခမ်းပေါ်နဲ့အနားတစ်ဝိုက်ကို စက်ဝိုင်းပုံစံ ညင်သာစွာ ပွတ်တိုက်ပေးပါ။ အိမ်မှာ သကြားနဲ့ပျားရည် ဆတူရောပြီးလည်း နှုတ်ခမ်းကို ပွတ်တိုက်ပေးနိုင်ပါတယ်။ ပွတ်တိုက်ပြီးနောက်မှာ စိုစွတ်တဲ့အဝတ်စနဲ့ ပွတ်တိုက်ပေးပြီး ရေဓာတ် ပြန်ဖြည့်ပေးတဲ့နှုတ်ခမ်းလိမ်းဆေး လိမ်းပေးထားပါ။

●  အရေပြားဆရာဝန်ရဲ့ ကုသမှုခံယူပါ။
တကယ်လို့ အိမ်မှာ ကိုယ့်ဟာကိုယ်လုပ်တာကို မကျေနပ်ဘူးဆိုရင် အလှအပဆေးခန်းတွေမှာ သွားပြီး ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့ microdermabrasion, chemical peels စတာတွေ လုပ်လို့ရပါတယ်။ ဒါတွေက ဝက်ခြံ၊ အသားအရေမညီတာ၊ အရေအကြောင်းတွေရှိတာနဲ့ အခြားအိုမင်းရင့်ရော်ခြင်းရဲ့လက္ခဏာတွေကို မြန်မြန်တိုးတက် ကောင်းမွန်လာစေပါတယ်။ Chemical peels အပျော့စားလေးတွေက အရေပြားရဲ့ အပေါ်ယံလွှာကိုပဲ ဖယ်ရှားပေးတာဖြစ်တဲ့အတွက် တစ်ပတ်တစ်ခါကို  ၆ ပတ်အထိ လုပ်လို့ရပါတယ်။ အရေးအကြောင်း၊ အမာရွတ်နဲ့ အသားအရေ မညီခြင်းတွေအတွက် ပိုပြီးကြီးတဲ့ chemical peels ကိုတော့ ဒီထက် အကြိမ်နည်းနည်းပဲ လုပ်သင့်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)