မျက်နှာသစ်တိုင်း ဒီအချက်လေးတွေ လိုက်နာပြီး စိုပြေကျန်းမာတဲ့ မျက်နှာအသားအရေလေးကို ဖန်တီးကြရအောင် ...
မျက်နှာလေးကို ချောမွေ့ဝင်းပပြီး လှပလာစေဖို့ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် မျက်နှာသစ်ကြမယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် မျက်နှာသစ်နည်း အသွယ်သွယ်ကို လိုက်နာပြီး စိုပြေကျန်းမာတဲ့ မျက်နှာအသားအရေလေးကို ဖန်တီးကြရအောင်။
● တစ်ရက်နှစ်ကြိမ်သစ်ရင် လုံလောက်ပါပြီ။ မနက်အိပ်ရာထ တစ်ကြိမ်၊ ည တစ်ကြိမ်ပါ။
● ည တစ်ကြိမ်သစ်တဲ့အခါ မိမိမျက်နှာနဲ့ လိုက်လျောညီထွေမယ့် မျက်နှာသစ်ဆေးကို ရွေးချယ်ဝယ်ယူပါ။
● မိတ်ကပ်ဖျက်ဆေး သီးသန့်သုံးပါ။ ဆပ်ပြာနဲ့ သစ်ချလိုက်ရုံနဲ့ မိတ်ကပ်တွေ ပြောင်ရှင်းမသွားပါဘူး။
● မျက်နှာလေးကို ဆပ်ပြာနဲ့ လွှမ်းခြုံထုပ်ပိုးထားသလို သစ်ပါ။
● မျက်နှာသုတ်တဘက် သီးသန့်ထားပါ။ နူးညံ့ပြီး အထိအတွေ့ကောင်းတာလေး ရွေးချယ်ပါ။
● မျက်နှာသစ်တဲ့အခါ စက္ကန့် ၃၀ ကနေ တစ်မိနစ်အထိဆို လုံလောက်ပါပြီ။ ကြာကြာသစ်လေ မျက်နှာက အဆီတွေ ခြောက်ခန်းသွားလေပါပဲ။
● ပွတ်တိုက်ကြေးချွတ်တာကို တစ်ပတ်ကို နှစ်ကြိမ်ထက် ပိုမလုပ်သင့်ဘူးနော်။
● သိပ်ပူတဲ့ရေနွေးကို ရှောင်ပါ။ အရေပြားအောက်က သွေးကြောလေးတွေကို ပေါက်ကွဲ ပျက်စီးစေတာကြောင့် နီမြန်းတဲ့မျက်နှာ ဖြစ်လာပါတယ်။
● ရေ ခပ်နွေးနွေးက အဆီတွေကို စင်ကြယ်စေပါတယ်။ ပြီးတာနဲ့ ရေအေးနဲ့ အသာအယာ ပုတ်ပေးခြင်းဖြင့် ချွေးပေါက်လေးတွေကို ပြန်ကျဉ်းသွားစေပါတယ်။
● မျက်နှာသစ်ပြီးတိုင်း မျက်နှာအစိုဓာတ်ထိန်းဆေး တန်းသုံးခြင်းဖြင့် မျက်နှာအသားအရေကို ထာဝရ စိုပြေချောမွေ့စေမှာပါ။ အချိန်နည်းနည်းလေးတောင် မစောင့်ဘဲ မျက်နှာသုတ်ပြီး တန်းလိမ်းမှ အာနိသင် အပြည့်အဝ ရပါမယ်။
● မျက်နှာဖုံးစွပ်ဆေးတွေ၊ ပေါင်းတင် Mask တွေ သုံးပြီးရင် မျက်နှာသစ်စရာ မလိုပါ။ မသုံးခင် မျက်နှာလေးကို လုံးဝစင်ကြယ်သွားအောင် သစ်ဖို့ ဖြစ်ပါတယ်။ သုံးပြီး မျက်နှာပြန်သစ်လိုက်ရင် မျက်နှာဖုံးစွပ်ဆေးတွေက အစိုဓာတ်တွေ အကုန်ပါသွားပါတယ်။
● မနက်ခင်းမှာ ကြေးမချွတ်ပါနဲ့။ ဆပ်ပြာအပျော့စားနဲ့ အသာအယာ သစ်ပေးရင်ကို လုံလောက်ပါတယ်။ တကယ်တမ်း အားထည့်ရမှာ ညပိုင်းမျက်နှာသစ်မှ သေချာကြေးချွတ် ပွတ်တိုက်သစ်တာ အဆင်ပြေပါတယ်။
● မျက်လုံးတစ်ဝိုက်ကို ဆပ်ပြာအပြင်းတွေ မသုံးပါနဲ့။ အားသုံးပြီး မပွတ်တိုက်ပါနဲ့။ မျက်လုံး တစ်ဝိုက် အရေပြားက နူးညံ့တာကြောင့် တွန့်လွယ်၊ ပွန်းလွယ်စေပါတယ်။
● တိုနာ ရွေးချယ်ဖို့ အချိန်ပေးပါ။ မိမိမျက်နှာနဲ့ အမှန်အကန် သင့်တော်လား သေချာစစ်ဆေးပါ။ တိုနာတွေက မျှချေကို ထိန်းပေးတာကြောင့် အမျိုးအစား မမှန်ရင်၊ မိမိအသားအရေနဲ့ မတည့်ရင် ဆက်မသုံးတာက အသားအရေ ခြောက်သွေ့တာကို ကာကွယ်နိုင်ပါတယ်။ မျက်နှာသစ်ပြီးတိုင်း သဘာဝတိုနာအနေနဲ့ လက်ဖက်ခြောက်ထုပ် ရေအေးနဲ့ ပန်းသီးရှာလကာရည်တွေကို သုံးနိုင်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)






























