/
news/အလှအပနှင့်ကျန်းမာရေး/မျက်၀န်းလေးတွေ-ကြည်လင်တောက်ပစေဖို့

မျက်၀န်းလေးတွေ ကြည်လင်တောက်ပစေဖို့

Category
အလှအပနှင့်ကျန်းမာရေး

               နေ့စဉ်ရက်ဆက် ကွန်ပျူတာရှေ့မှာ 6 နာရီကြာလောက် အလုပ်လုပ်ရခြင်းကြောင့် မျက်လုံးတွေဟာ ကြည်လင်တောက်ပမှုမရှိဘဲပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာမှ ကင်မရာတစ်လုံးသဖွယ် အလုပ်လုပ်နေတဲ့မျက်လုံးဟာ အားအင်ကုန်ခန်းပြီးလေးလံထိုင်းမှိုင်းလာပါက မိမိလုပ်ဆောင်သမျှ၊ လေ့လာသမျှကိစ္စအ၀၀အပေါ်မှာ ရာနှုန်းပြည့် အာရုံစူးစိုက်နိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့် သင့်မျက်လုံးတွေပြန်လည်လန်းဆန်းလာစေဖို့ သင်ကိုယ်တိုင် ဂရုစိုက်ပေးဖို့လိုအပ်နေပါပြီ။ လုံလောက်စွာအိပ်စက်ခြင်းကြောင့် အမြင်အာရုံ ကြည်လင်စေနိုင်တယ်ဆိုတာ နည်းလမ်းကောင်းလို့ သတ်မှတ်နိုင်သလို သင့်အိမ်မှာရော၊ ရုံးမှာပါ အလွယ်တကူ ပြုလုပ်လို့ရနိုင်တဲ့ သဘာ၀နည်းလမ်းလေးတွေကလည်း သင့်မျက်လုံးပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်ပါတယ်။

 

1.  သန့်စင်သောရေအေးအေးနဲ့ မျက်လုံးကိုပက်ဖျန်းပါ။

        ကွန်ပျူတာ၊ ဖုန်း၊ တီဗွီတို့ရဲ့ screen ကိုအချိန်ကြာမြင့်စွာ ကြည့်ရှုပြီးပါက ရေအေးအေးနဲ့ မျက်လုံးတွေကို ပက်ဖျန်းပေးသင့်ပါတယ်။

 

2.  သခွားသီး၊ အာလူး၊ ရေနွေးကြမ်းထုပ်(Tea Bag)၊ ကွမ်းရွက် ကပ်ပါ။

        သခွားသီး - အအေးခံထားသောသခွားသီးကိုပါးပါးလှီးပြီးမျက်ခွံပေါ်မှာ 10 မိနစ်လောက် တင်ထားပါ။ ယင်းသို့ပြုလုပ်ခြင်းဖြင့် မျက်လုံးမှ အပူတွေကိုလျော့ကျစေနိုင်တဲ့အပြင် မျက်လုံးနီမြန်းခြင်း၊ မို့ဖောင်းခြင်းတွေကိုလည်း သက်သာစေနိုင်ပါတယ်။

          အာလူး - အာလူးကိုပါးပါးလှီးပြီး ရေအေးထဲမှာ မိနစ်အနည်းငယ်ကြာ စိမ်ထားပါ။ ပြီးနောက် အာလူးချပ်ပြား၀ိုင်းလေးတွေကို မျက်ခံွပေါ် 5 မိနစ်ကြာလောက်ကပ်ထားပါ။ ယင်းသို့မကြာခဏပြုလုပ်ပေးပါက မျက်ကွင်းညိုတာ သက်သာလာပါလိမ့်မယ်။

          ရေနွေးကြမ်းထုပ် (Tea Bag) - ရေနွေးကြမ်းသောက်ပြီးတဲ့အခါ လက်ဖက်ခြောက်ဖတ်တွေကို စွန့်ပစ်မယ့်အစား မျက်ခံွံပေါ်တင်ပေးပါက မျက်လုံးမို့ဖောင်းခြင်း သက်သာစေနိုင်ပါတယ်။

          ကွမ်းရွက် - မျက်ခွံပေါ်မှာ ကွမ်းရွက်ကပ်ပေးခြင်းဖြင့် မျက်လုံးနီမြန်းခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်းတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။

 

3.  နေကာမျက်မှန်တပ်ပါ။

        နေရောင်ခြည်ထိတွေ့မှုကြောင့် အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အပြင်သွားချိန်မှာ နေကာမျက်မှန်တပ်ပေးတာက သင့်မျက်လုံးအတွက် အကောင်းဆုံး အကာအကွယ်ဖြစ်စေပါတယ်။

 

4.  ကွန်ပျူတာ (သို့)ဖုန်းရှေ့မှာအချိန်ကုန်ဆုံးခြင်းကိုလျော့ချပါ။

        ကွန်ပျူတာသုံးချိန်၊ ဖုန်းအသုံးပြုချိန်လျော့ချရမယ်ဆိုတာ အလွန်ရိုးရှင်းတဲ့နည်းလမ်းပါ။ အလုပ်အလွန်များတဲ့သူတွေအတွက်တော့ အခက်အခဲရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကွန်ပျူတာပေါ်မှာဖတ်မယ့်စာတွေကို print ထုတ်ပြီးဖတ်ခြင်း၊ စမတ်ဖုန်းနဲ့စာတိုပို့မယ့်အစား ဖုန်းခေါ်ဆိုခြင်းတို့ပြောင်းလဲ လုပ်ဆောင်ပေးပါကလည်း ကွန်ပျူတာ၊ ဖုန်းအသုံးပြုချိန်ကိုလျော့ချလိုက်ခြင်းပဲဖြစ်ပါတယ်။

 

5.  မျက်လုံးလေ့ကျင့်ခန်းလုပ်ပါ။

        ကွန်ပျူတာအသုံးပြုသူတွေအနေနဲ့ ပုံမှန်ထက်မျက်တောင်ခတ်နှုန်းလျော့နည်းနေလေ့ရှိပါတယ်။ မျက်တောင်ခတ်နှုန်းနည်းလေမျက်သားခြောက်သွေ့နိုင်ချေများလေပါ။ မျက်တောင်မကြာခဏ ခတ်ပေးခြင်းကြောင့် မျက်လုံးမှာရေဓာတ်ပြည့်၀စေပြီးမျက်သားခြောက်သွေ့မှုကင်းေ၀းစေကာ မျက်လုံးပင်ပန်းနွမ်းနယ်မှုလျော့ကျစေပါတယ်။

          ကွန်ပျူတာအသုံးပြုချိန် မိိနစ် 20 ကြာတိုင်းပေ 20 အကွာကိုစက္ကန့် 20 ကြာငေးမောပါ။ ယင်းကဲ့သို့ပြု လုပ်ပေးခြင်းဖြင့် အာရုံစူးစိုက်နေရတဲ့မျက်လုံးကြွက်သားညောင်းညာမှုကိုပြေလျော့စေပါတယ်။ အစိမ်းရောင် သစ်ပင်ပန်းမန်၊ သဘာ၀ရှုခင်းများကိုလွှဲပြောင်းကြည့်ရှုပေးပါ။

 

 

Dr. WSN

www.drmyanmar.com