ရေတိုအစားရှောင်ပြီး ၀ိတ်လျှော့မလား
တစ်ခါတစ်ရံမှာ ဘာသာရေးကြောင့်ဖြစ်စေ၊ မိမိရဲ့နေ့စဉ်လူမှုဘ၀ ပတ်၀န်းကျင်ကြောင့်ဖြစ်စေ အစာမစားဘဲ နေလိုက်တာမျိုးတွေ ရှိတတ်ကြပါတယ်။ ထိုကဲ့သို့ အစားမစားဘဲနေခြင်းဟာ မိမိရဲ့ကျန်းမာရေးပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။
လေ့လာဆန်းစစ်မှုတွေအရ အစားရှောင်ခြင်းဖြင့် သွေးပေါင်ချိန်ကျခြင်း၊ သွေးတွင်းအဆီဓာတ် ကျဆင်းခြင်း၊ ဆီးချိုထိန်းနိုင်ခြင်းနဲ့ ကိုယ်အလေးချိန် လျော့ကျခြင်းစတဲ့ ကောင်းကျိုးတွေ ခံစားရနိုင်ပါတယ်။
သတိပြုရမှာကတော့ ကာလရှည်ကြာ အစာရှောင်ခြင်းကြောင့် ကိုယ်တွင်းသတ္တုဓာတ်တွေ မညီမညွတ်ဖြစ်လာကာ တချို့သူတွေမှာ နှလုံးခုန်နှုန်းတွေကို ပုံမမှန်ဖြစ်စေတတ်ပါတယ်။
အစာရှောင်ခြင်းနဲ့ ပတ်သက်ပြီး တိတိကျကျ သိရှိနိုင်ဖို့အတွက် သုတေသနပြုလုပ်ချက်တွေ များစွာပြုလုပ်ရန် လိုနေပါသေးတယ်။
>> အစာမစားဘဲနေခြင်းဟာ ကိုယ်အလေးချိန် လျှော့ချနိုင်ဖို့အတွက် သင့်တော်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါသလား?
အစာရှောင်ခြင်းဟာ ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေ ပေးစွမ်းနိုင် တယ်ဆိုပေမယ့် ကိုယ်အလေးချိန် လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းတော့ မဟုတ်ပါဘူး။ အစာမစားဘဲနေခြင်းဖြင့် ကိုယ်အလေးချိန် ပေါင်တော်တော်များများကို ကျဆင်းစေပေမယ့်လည်း ရေရှည်မှာမကောင်းတဲ့အပြင် ခန္ဓာကိုယ် အချိုးအစားလှပဖို့တော့ မစွမ်းဆောင်ပေးနိုင်ပါဘူး။
ထိုကဲ့သို့ အစာမစားဘဲ ကိုယ်အလေးချိန် လျှော့ချတဲ့နည်းကို အသုံးပြုဖို့ လိုအပ်တဲ့ တစ်ခုတည်းသော အချိန်ကတော့ ကိုယ်အလေးချိန်ချဖို့ အလျင်လိုနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ (ဥပမာ - ခွဲစိတ်ကုသခံယူမည့်သူများ)
>> အစား မရှောင်သင့်သူများ
• ကိုယ်၀န်ဆောင်အမျိုးသမီးများ
• နို့တိုက်မိခင်များ
• ကလေးငယ်များနှင့် ဆယ်ကျော်သက်များ
• ဆီးချိုအမျိုးအစား (1) ရှိသူများ
• အစားအသောက် မူမမှန်တဲ့ရောဂါ ရှိသူများ
ထို့ပြင် အခြားကျန်းမာရေးပြဿနာ ရှိတဲ့သူတွေမှာလည်း အစာမစားဘဲနေခြင်းဟာ မကောင်းတဲ့ဆိုးကျိုးတွေကိုသာ ခံစားရနိုင်ပါတယ်။
>> အစားရှောင်ပြီးချိန်တွင် အစားအစာများကို နည်းနည်းချင်းစီ စတင်စားသောက်ပါ။
အစားရှောင်ပြီးနောက် မြင်မြင်သမျှ စားသောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ အကောင်းဆုံးကတော့ အစာပျော့ပျော့တွေကို (ဥပမာ- ဆန်ပြုတ်၊ မြူစွမ်) စတင်စားသုံးသင့်ပါတယ်။
Dr. Thinzar Wynn (www.drmyanmar.com)






























