ရေများများသောက်ခြင်းဖြင့် အဝလွန်ခြင်းကို ထိန်းသိမ်းပေးနိုင်မလား
ကမ်ဘာပေါ်တွင် အဝလွန်သူဦးရေ သန်းခြောက်ရာကျော်ခန့်ရှိပြီး တစ်ကမ်ဘာလုံးအတွက် အရှိန်အဟုန်ဖြင့်ခြိမ်းခြောက်လာနေသော ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သည်။ ယခုအခါ ခန္ဓာကိုယ်တွင်းရေဓာတ်ဖြည့်တင်းခြင်းဖြင့် အ၀လွန်ခြင်းကို ကာကွယ်နိုင်မည့်နည်းလမ်းတစ်ရပ်အား သုတေသီတို့ လေ့လာဖော်ထုတ်နေပြီဖြစ်သည်။
မီဂျီဂန်တက္ကသိုလ်မှ သုတေသနအသစ်ပြုလုပ်ချက်အရ ခန္ဓာကိုယ်အလေးချိန်နှင့် အရပ်အမောင်းအချိုးအစား (Body Mass Index or BMI) များနေသူ၊ တစ်နည်းအားဖြင့် ဝသည်ဟု သတ်မှတ်ခံရသူများတွင် ရေဓာတ်မလုံလောက််နိုင်ခြေ ပိုမိုများပြားကြောင်း တွေ့ရှိခဲ့ကြသည်။ လေ့လာမှုတွင် အသက် 18 နှစ်နှင့် 64 နှစ်ကြားအရွယ်ရောက်ပြီးသူ 9,528 ဦးပါဝင်ခဲ့ပြီး ၄င်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ ရေဓာတ်လုံလောက်စွာမရရှိနေကြောင်းသိရသည်။ ခန္ဓာကိုယ်တွင်း ရေဓာတ်ပမာဏနှင့် ကိုယ်အလေးချိန်တို့၏ ဆက်စပ်မှုပုံစံကို တိကျစွာမသိရသေးကြောင်း၊ ထပ်မံလေ့လာရန် လိုအပ်သေးသော် လည်း လူများမှာရေဆာသည်ကို ဗိုက်စာသည်နှင့်မှားယွင်းလျက် အစာများပိုစားတတ်သဖြင့် ရေဓာတ် လုံလောက်စွာဖြည့်တင်းခြင်းက ကိုယ်အလေးချိန်လျော့ကျရာတွင် ကူညီပေးနိုင်ကြောင်း သုတေသနကိုဦးဆောင်ခဲ့သူ ပြည်သူ့ကျန်းမာရေးပညာရှင်ဆရာဝန် Tammy Chang က ပြောကြားခဲ့သည်။
၄င်းတို့အနေဖြင့် ရေဓာတ်မလုံလောက်ခြင်းကြောင့် အဝလွန်ခြင်းဖြစ်ပေါ်သလား၊ အဝလွန်ခြင်းကြောင့် ရေဓာတ်မလုံလောက်ခြင်းဖြစ်ပေါ်သလားဆိုသည့် အကြောင်းနှင့်အကျိုး မသဲကွဲသေးသော်လည်း ဆက်စပ်မှုရှိနေကြောင်းဖော်ထုတ်နိုင်ခဲ့ပြီး အဝလွန်သူများအနေဖြင့် လည်း ရေဓာတ်မလုံလောက်စေသော အပြုအမူများရှိနေနိုင်ကြောင်း ယူဆနိုင်ဖွယ်ရှိသည်။ ကမ်ဘာအဆင့် အဝလွန်မှုပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် ကိုယ်တွင်းရေဓာတ်လုံလောက်မှု ရှိ/မရှိကိုလည်း အလေးပေး စဉ်းစားဖွယ်ဖြစ်လာကြောင်း၊ မည်သို့ပင်ဆိုစေကာမူ ရေဓာတ်လုံလောက်နေခြင်းက ကျန်းမာရေး အတွက်ကောင်းမွန်သည်မှာသေချာသည့်အပြင် ယခုလေ့လာချက်အရ ကိုယ်အလေးချိန် ထိန်းသိမ်းပေးနိုင်ဖွယ်ပင်ရှိနေကြောင်း Chang ကဆိုသည်။ ရေဓာတ်များစွာပါဝင်နေသည့် အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များနှင့် ပြည့်စုံမျှတသောအစားအသောက်ပုံစံက ခန္ဓာကိုယ်တွင်းရေဓာတ်ကို ကောင်းစွာ ထိန်းညှိပေးနိုင်ကြောင်း ၄င်းကအကြံပြုထားသည်။
အသက်ရှူခြင်း၊ ဆီးသွားခြင်း၊ ဝမ်းသွားခြင်း၊ ချေွးထွက်ခြင်းတို့တွင် ကိုယ်ခန္ဓာမှရေဓာတ်် ဆုံးရှုံးနေရာ နေ့စဉ်ရေလုံလောက်စွာသောက်ခြင်းသည် ကျန်းမာရေးအတွက်ကောင်းမွန်ကြောင်းကို ယခင်ကပင်သိရှိခဲ့ပြီးဖြစ်သည်။ ခန္ဓာကိုယ်၏လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန် အတွက် ရေဓာတ်ပါဝင်သော အစားအသောက်များ၊ အရည်များ စားသောက်ခြင်းဖြင့် ရေဓာတ်လုံလောက်စွာ ရရှိရန်လိုအပ်ပြီး ရေဓာတ်မလုံလောက်ပါက မောပန်းလွယ်ကာ အလွန်အမင်းရေဓာတ်ခန်းခြောက်ပါက အသက်ဆုံးရှုံးသည်အထိပင် ဖြစ်နိုင်သည်။ ခန္ဓာကိုယ်အတွက်လိုအပ်သော ရေဓာတ်ပမာဏမှာ ကို်ယ်အလေးချိန်၊ အသက်အရွယ်နှင့် ခန္ဓာကိုယ်လှုပ်ရှားမှုအနည်းအများပေါ်မူတည်ပြီး အရွယ်ရောက်ပြီးသူ တစ်ဦးအတွက် အစားအစာနှင့်အရည်များမှ နေ့စဉ်ရေဓာတ်ပမာဏစုစုပေါင်း 2.7 လီတာမှ 3.7 လီတာအထိရရှိရန် လိုအပ်သည်ဟုဆိုသည်။
Dr. Thanda Lin






























