/
news/အလှအပနှင့်ကျန်းမာရေး/ရှိရင်းစွဲအသက်ထက်နုပျိုစေမယ့်-ခွဲစိတ်စရာမလိုသော-ကုထုံးများ

ရှိရင်းစွဲအသက်ထက်နုပျိုစေမယ့် ခွဲစိတ်စရာမလိုသော ကုထုံးများ

Category
အလှအပနှင့်ကျန်းမာရေး

         အသားဖြူ၀င်းခြင်း၊ မေ့စေ့နှစ်ထပ်မရှိခြင်း၊ မျက်နှာအရေးအကြောင်းကင်းပြီး အရေပြားတင်းရင်းခြင်း၊ အသက်အရွယ်ထက် နုပျိုခြင်း စတဲ့ အလှအပဆိုင်ရာ ကောင်းခြင်းတွေ အမျိုးသားရော အမျိုးသမီးများပါ လိုချင် တောင့်တကြပါတယ်။

          ဒါကြောင့်လည်း ကိုယ်ပြုပြင်ပြောင်းလဲချင်တဲ့ အစိတ်အပိုင်းတွေကို ကိုယ်လိုချင်တဲ့ ပုံစံရအောင် ပြုပြင်လာကြပါပြီ။ အဲဒီလို ပြုပြင်ရာမှာ ဟိုအရင်ကဆို ပလတ်စတစ် ဆာဂျရီ တခုကိုပဲ အားကိုးရပါတယ်။ အခုအခါမှာတော့ ခွဲစိတ်စရာမလို ဘဲ facial skin care နည်းပညာတွေပေါ်လာ ပါပြီ။ လေ့လာကြည့်ကြရအောင် -

 

(1) Botox ထိုးခြင်း

          Botox ဆိုတာ ဘက်တီးရီးယား Clostrium Botulism မှ သန့်စင်ပြီး ထွက်လာတဲ့ ပရိုတင်းအစုဖြစ်ပါတယ်။ အဲဒီအထဲမှာ Botulism toxin type A သည် အကောင်းဆုံး စွမ်းဆောင်မှုကို ပေးနိုင်ပြီး အနည်းငယ်သောပမာဏ ကို သက်ဆိုင်ရာကြွက်သားအတွင်းသို့ ထိုးသွင်းပေးခြင်းဖြင့် အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းနှင့် အရေပြားတွန့် ခြင်းကို သက်သာစေပါတယ်။

ဆေးထိုးချိန် မိနစ်အနည်းငယ်မျှသာကြာမြင့်ပြီး နာကျင်မှုလည်း နည်းပါးပါတယ်။ ဆေးထိုးပြီး ၅ ရက်မှ ၇ ရက်အတွင်း ရလဒ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အရေးအကြောင်းဆိုတာ ပြန်လည် ဖြစ်ပေါ်တတ်တဲ့ သဘောရှိတာမို့ ဆရာ၀န်နှင့်တိုင်ပင်ပြီး ၃ လတကြိမ် (သို့) ၆လတစ်ကြိမ် ထိုးပေးသင့်ပါတယ်။

 

(2) Chemical Pealing

          အက်စစ်ဖျော်ရည်ကို အသုံးပြုပြီး အရေပြားအပေါ်ယံလွှာရှိ ဆဲလ်အသေများကို ဖယ်ရှားတဲ့နည်းဖြစ်ပါ တယ်။ ဖျော်ရည်ထဲတွင် glycolic acid, lactic acid, salicylic acid, phenol, or trichloroacetic acid (TCA) တို့ရောနှော ပါ၀င်ပါတယ်။

ပြုလုပ်ချိန် ၁၅ မိနစ်ခန့်သာကြာမြင့်ပြီး ပြုလုပ်ပြီးချိန်မှာ ပိုမိုနုနယ်တဲ့ အရေပြားကို တွေ့ရမှာဖြစ်ပါတယ်။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ပါးစပ်နှင့်မျက်လုံးတ၀ိုက်ရှိ အရေပြားတွန့်ခြင်း၊ အရေပြား အရောင် ပြောင်းလဲမှုများ၊ အသက်အရွယ်နှင့် နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်လာတဲ့ အစက်အပြောက်များကို သက်သာ စေပါတယ်။

 

(3) Microdermabrasion Basics

          Power peel လို့ခေါ်တဲ့ microdermabrasion နည်းပညာဟာ စိန့်မှုန့်ကဲ့သို့ အလွန်သေးငယ်တဲ့ အမှုန့်များသုံးပြီး အရေပြားအသစ်ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးတဲ့နည်း ဖြစ်ပါတယ်။ အရေပြားကို ချောမွေ့စေပြီး နုပျိုတဲ့ အသွင်အပြင်ကို ပေးစွမ်းနိုင်ကာ ကုသမှုအပြီး ၂၄ နာရီအတွင်း ရလဒ်ကို သိသိသာသာ တွေ့မြင်ရတာကြောင့် အဆင်ပြေတဲ့ နည်းလမ်းဖြစ်ပါတယ်။ နှစ်ပတ်၊ သုံးပတ်ခြားတစ်ခါ စုစုပေါင်း ၁၀ ကြိမ်ခန့် ပြုလုပ် ပေးဖို့ လိုအပ်ပါတယ်။

 

(4) Thermage Basics

          အရေပြားလျှော့ရဲလာခြင်းအတွက် အဆင်ပြေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ရေဒီယိုလှိုင်းနည်းပညာကို အသုံးပြု၍ အရေပြားကို အပူပေးခြင်းဖြင့် အရေပြားတင်းရင်းစေတဲ့ ကော်လာဂျင်ထွက်လာအောင် လှုံ့ဆော် ပေးတဲ့စက်ဖြစ်ပါတယ်။ နာကျင်မှုရှိပေမယ့် တခါပြုလုပ်ပေးရုံဖြင့် သိသာထင်ရှားတဲ့ရလဒ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

(5) Non Ablative Laser Basics

          လေဆာနည်းပညာသုံးပြီး ကော်လာဂျင်ထွက်ရှိမှုကို လှုံ့ဆော်ပေးခြင်းဖြစ်ပါတယ်။ ကော်လာဂျင်ရဲ့ အစွမ်းသတ္တိတွေက အရေပြားကိုချောမွတ်စေခြင်း၊ ၀က်ခြံနှင့် အမာရွတ်များပျောက်ကင်းစေခြင်း၊ အရေးအကြောင်းများကို သက်သာစေခြင်းတို့ ဖြစ်ပါတယ်။ အပေါ်ယံအရေပြားကို ထိခိုက်စေခြင်းမရှိတာကြောင့် ကုသမှုအပြီး နာလန်ထချိန် (Recovery time) အနည်းငယ်ပဲ လိုအပ်ပါတယ်။ အကောင်းဆုံး ရလဒ်ကိုလိုချင်တယ်ဆိုရင်တော့ နှစ်ပတ်သုံးပတ်ခြားပြီး ၄ ကြိမ်မှ ၆ ကြိမ်ခန့်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

 

(6) Diode Laser Basics

          ၀က်ခြံသမားတွေအတွက် သင့်လျှော်တဲ့ အလှအပ ကုထုံးဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်ရှိ အဆီဂလန်းများ ကို ဖျက်ဆီးပေးတာကြောင့် ၀က်ခြံများထပ်မံဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ ကုသမှုအပြီးမှာ ဖြစ်ပေါ်လာ တဲ့ အရေပြားနီမြန်းခြင်း ပျောက်ကင်းဖို့အတွက်ကတော့ အချိန်အတိုင်းအတာတစ်ခု အထိလိုအပ်ပါလိမ့်မယ်။ ငါးကြိမ်မြောက်ကုသမှု ခံယူပြီးချိန်မှာ ထင်ရှားတဲ့ရလဒ်ကို သိသာထင်ရှားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။

 

 (7) Intense Pulse Light (IPL)

          လေဆာနည်းပညာနည်းတူ IPL ဟာ အရေပြားအောက်အလွှာထိ ထိုးဖောက်နိုင်ပါတယ်။ ဆဲလ်များကို အပူပေး၍ ဖျက်ဆီးပစ်ခြင်းဖြင့် ဆဲလ်အသစ်များကို ဖြစ်ပေါ်စေပါတယ်။ တချိန်တည်းမှာပဲ အရေပြားပေါ်ရှိ နေလောင်ကွက်စတဲ့ အပြစ်အနာအဆာ အမျိုးမျိုးကို  ကုသပေးနိုင်တာက IPL ရဲ့ အားသာချက်ဖြစ်ပါတယ်။ မျက်ကွင်းညိုသူ တင်းတိပ်ရှိသူတွေအတွက် ထိရောက်မှုရှိတဲ့ နည်းပညာဖြစ်ပါတယ်။

 

(8) Cosmetic filter

          လွယ်လွယ်ပြောရရင် ပုံဖော်ပေးတဲ့ နည်းပညာဖြစ်ပါတယ်။ အသက်ကြီးလာချိန်တွင် ဖြစ်ပေါ်လာတဲ့ အရေး အကြောင်းတွေကို filter ထိုးခြင်းဖြင့် အရေးအကြောင်း ပြည့်သွားအောင်ပြုလုပ်နိုင်ပါတယ်။ မျက်ကွင်းချိုင့်နေတာ ကို ပြန်ပြင်ချင်ပါသလား၊ filter ထိုးနိုင်ပါတယ်။ မေးစေ့ချွန်ချွန်လိုချင်ပါက မေးစေ့အောက်တွင် filter ထိုးခြင်းဖြင့် ပြုပြင်နိုင်ပါတယ်။

          Filter အမျိုးအစားများတွင် Collagen၊ မိမိခန္ဓာကိုယ် (၀မ်းဗိုက်၊ ပေါင်) တို့မှ အဆီများ၊ hyaluronic acid၊ calcium hydroxylapatite၊  poly-L-lactic acid၊ polymethylmethacrylate beads (PMMA) တို့ပါ၀င်ပါတယ်။

 

ဘယ်နည်းလမ်းတွေကို ရွေးချယ်ကြမလဲ

          မျက်နှာသွင်ပြင် ပြန်လည်နုပျိုအောင်ပြုလုပ်ရသည့် ကုသမှုများတွင် အားသာချက်၊ အားနည်းချက်ဆိုတာ ရှိပါတယ်။ အနာရွတ်ဖြစ်ခြင်း၊ အရေပြားနီရဲနေခြင်း၊ အရေပြား အရောင်ပြောင်းခြင်းတို့သည် Chemical peels, microderma brasion, Laser ကုထုံးတွေမှာအဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် မပြုလုပ် မီ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဖို့ အကြံပြုအပ်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)