/
news/အလှအပနှင့်ကျန်းမာရေး/လက်ကိုင်အိတ်နှင့်-ကျန်းမာရေးပြဿနာ

လက်ကိုင်အိတ်နှင့် ကျန်းမာရေးပြဿနာ

Category
အလှအပနှင့်ကျန်းမာရေး

          အထူးသဖြင့် အမျိုးသမီးတွေက လက်ကိုင်အိတ်ကို အလုပ်၊ ညစာစားချိန်၊ ဘားတွေ၊ အိမ်လည်သွား ရင်းနဲ့ ရေချိုးခန်းတွေထဲစသည်ဖြင့် နေရာအနှံ့ယူသွားလေ့ရှိကြပြီး စားပွဲခုံပေါ်၊ မီးဖိုချောင်ကြမ်းပြင်တွေမှာလည်း ဒီအတိုင်း ချထားတတ်ကြပါတယ်။ အဲဒီကနေပိုးတွေကပ်လာတတ်ကြပါတယ်။ ဒါအပြင် ပိုက်ဆံအိတ်ကနေ ဖုန်း၊ မိတ်ကပ် ပစ္စည်းတွေ၊ ကလေးအစားအစာတွေ၊ အရုပ်တွေနဲ့ အဝတ်အစားတွေကို ထိတွေ့နေပါတယ်။

ဒီပိုးတွေကိုဘယ်လိုကာကွယ်ရမယ်ဆိုတာကို အဖြေရှာကြည့်ကြပါစို့။

         ပိုက်ဆံအိတ်တွေကို ချထားမိတဲ့နေရာတွေ၊ အထဲမှာပါတဲ့အရာတွေအပေါ်မူတည်ပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ကူးစက်ရောဂါအမျိုးမျိုးပြန့်ပွားနိုင်ပါတယ်။

 

၁။ လက်ကိုင်အိတ်တွေမှာ ဘက်တီးရီးယားတွေ အများအပြားတွယ်ကပ်နေနိုင်ပါတယ်။ 

        ပိုက်ဆံအိတ်ကို အားကစားခန်းမက locker၊ အစည်းအဝေးခန်းမ၊ စားသောက်ဆိုင်ကြမ်းပြင် စတဲ့ နေရာအမျိုးမျိုးမှာထားခြင်းဖြင့် ဘက်တီးရီးယားအမျိုးမျိုးကို သယ်ဆောင်လာနိုင်ပါတယ်။ လေ့လာချက်အရ ပိုက်ဆံအိတ်အများစုမှာ ဘက်တီးရီးယားပိုးထောင်ပေါင်းများစွာ ကပ်ညိနေပြီး ဒီအိတ်တွေရဲ့တစ်ဝက်လောက်မှာ လူတွေတိရိစၧာန်တွေရဲ့ အညစ်အကြေးတွေတောင် တွေ့ရှိရတယ်လို့ဆိုပါတယ်။

        Staph နဲ့ E. coli ဆိုတဲ့ ရောဂါရစေနိုင်တဲ့ ဘက်တီးရီးယားတွေ တွယ်ကပ်နေပြီး နောက်ပိုင်းမှာ မှိုပါစွဲလာနိုင်ပါတယ်။ ဒီလိုပိုက်ဆံအိတ်ရဲ့ အပြင်ဘက်တင်မကဘူး အတွင်းမှာရှိတဲ့ ဖုန်းတွေ၊ မျက်မှန်၊ တစ်သျှူး၊ လိပ်စာကဒ်၊ ဘော့ပင်၊ မိတ်ကပ်ပစ္စည်း၊ ပိုက်ဆံ အကုန်လုံးဟာ ပိုးကောင်တွေတွယ်ကပ်နေနိုင်ပါတယ်။

အကောင်းဆုံးဖြေရှင်းနည်း - ပိုက်ဆံအိတ်ကို သန့်ရှင်းအောင်ထားတဲ့အလေ့အကျင့်လုပ်ပါ။

ဘက်တီးရီးယားတွေအများအပြားရှိနိုင်တဲ့နေရာတွေနဲ့ ဝေးဝေးထားပါ။ ဖြစ်နိုင်ရင် ဘက်တီးရီးယားပိုးတွေ ရှိနိုင်တဲ့နေရာတွေကို ပိုက်ဆံအိတ်ကို မယူလာပါနဲ့။

- ညစ်ပတ်နေတဲ့ပိုက်ဆံအိတ်ကို သန့်ရှင်းရေးလုပ်ပေးပါ။ အိတ်မျက်နှာပြင်ကို အဝတ်(သို့) တစ်ခါသုံးတစ်သျှူးအစိုနဲ့ နေ့စဉ်သုတ်ပေးပါ။ အိတ်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုလည်း သန့်ရှင်းရေးပုံမှန်လုပ်ပေးပါ။ တစ်သျှူးကို သေချာပိတ်ထားတဲ့အိတ်ထဲမှာထည့်ခြင်း၊ လက်ဆေးဂျယ်များအသုံးပြုခြင်း စသည့် အလေ့အကျင့်များ ကျင့်သုံးပါ။

- ပိုးမွှားမတွယ်ကပ်နိုင်တဲ့ ပိုက်ဆံအိတ်အမျိုးအစားများကိုရွေးချယ်သုံးပါ။ ချည်သားနဲ့ သိုးမွှေးချည်သားတွေက သားရေ၊ ပလပ်စတစ်သားတွေထက်စာရင် ဘက်တီးရီးယားပိုတွယ်ကပ်စေပါတယ်။

- တစ်ကိုယ်ရည်သန့်ရှင်းမှုရှိပါစေ။ ညစ်ပတ်တဲ့ပိုက်ဆံအိတ်ကြောင့် ပိုးမွှားတွေကူးစက်နိုင်ပေမယ့် အရေးအကြီးဆုံးကတော့ တစ်ကိုယ်ရည်သန့်ရှင်းဖို့ပါပဲ၊ လက်ကို ခဏခဏဆေးပေးပါ။

 

၂။ ခါးနာခြင်း

အလေးချိန်များတဲ့အိတ်တွေကြောင့် ခါးနာခြင်း၊ ပုခုံးနာခြင်းတွေဖြစ်စေတတ်ပြီး ခန္ဓာကို်ယ်အနေအထားကိုပျက်စေပါတယ်။ ဘေးလွယ်အိတ်လွယ်ထားတဲ့ဘက်ကို ခန္ဓာကိုယ်က ယိမ်းနေပြီးလက်တွေခြေထောက်တွေက ပုံမှန်အတိုင်း မလှုပ်ရှားနိုင်အောင်ကန့်သတ်ထားပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းတွေကို ထိခိုက်စေပါတယ်။ အများအားဖြင့် ပုခုံးနဲ့ လက်ပြင်ကြောတွေကြားနာခြင်းတွေကို ခံစားကြရပါတယ်။

ဖြေရှင်းနည်း - အိတ်အလေးချိန်ကို လျှော့ချပါ။

၁။ သယ်နိုင်တဲ့အလေးချိန်ထက် မပိုပါစေနဲ့။ ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၁၀% ထက်ပိုတဲ့ အလေးချိန်ရှိတဲ့ အိတ်ကို မလွယ်သင့်ပါဘူး။ ဘေးလွယ်အိတ် လုံးဝမလွယ်ခြင်း (သို့) အိတ်သေးသေးလေးပဲလွယ်ခြင်းကတော့ အကောင်းဆုံးပါပဲ။

၂။ စလွယ်သိုင်းလွယ်ပါ။ ခန္ဓာကိုယ်နှစ်ဖက်စလုံးကို အလေးချိန်မျှစေဖို့ စလွယ်သိုင်းလွယ်ပါ။ ကျောပိုးအိတ်လွယ်ခြင်းက ပိုကောင်းပါတယ်။

၃။ အလေးချိန်ကို ပုခုံးနှစ်ဖက်မျှတအောင်လွယ်ပါ။ ပုခုံးတစ်ဖက်နဲ့တစ်ဖက် ပြောင်းလွယ်ပေးပါ။

၄။ လိုအပ်တဲ့အရာတွေပဲ အိတ်ထဲထည့်ပါ။ မလိုအပ်တဲ့အရာတွေကို ရှင်းထုတ်ပစ်ပြီး တကယ်လိုတာပဲထားပါ။

၅။ ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်ထားပါ။

၆။ ပစ္စည်းများကို စနစ်တကျထည့်ပါ။ အသုံးများတဲ့ပစ္စည်းတွေကို ယူရလွယ်အောင် အပေါ်ဆုံးမှာထားခြင်းဖြင့် လည်ပင်းနဲ့ ကျောလိမ်ပြီး ယူရခြင်းကို သက်သာစေပါမယ်။

 

Dr. Mya Myo Myo Swe  (www.drmyanmar.com)