/
news/အလှအပနှင့်ကျန်းမာရေး/ဝဝလှလှ-ဖြစ်စေဖို့

ဝဝလှလှ ဖြစ်စေဖို့ ...

Category
အလှအပနှင့်ကျန်းမာရေး

          အရမ်းပိန်နေတာဟာလည်း အဝလွန်တာလိုပင် ကျန်းမာရေးပြဿနာများ ရှိနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခန္ဓာ ဇီဝကမ္မဖြစ်စဉ် အလွန်မြန်သူတွေမှာ ဘာရလဒ်ထူးမျှမရှိဘဲ ကိုယ်အလေးချိန် တက်လာအောင် အချည်းနှီး ကြိုးစားနေရသလို ခံစားရတတ်ပါတယ်။ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တက်လာစေရန် ကုန်ဆုံးသွားတဲ့ ကယ်လိုရီတွေထက် ပိုစားပေးဖို့ လိုအပ်ပါတယ်။ များများစားပေးပြီး လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် ကြွက်သားတွေ သန်မာပြီး ကိုယ်အလေးချိန် တက်လာစေနိုင်ပေမယ့် စားသာစားပြီး လေ့ကျင့်ခန်း မလုပ်ရင်တော့ အဆီတွေပဲ စုလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် တက်စေနိုင်မယ့် အောက်ပါ ရွှေနည်းလမ်းကောင်းလေးတွေကို ဝချင်သူ၊  ကြွက်သားတက်ချင်သူ ကိုကို မမတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

 

       ကယ်လိုရီ ပိုစားပေးပါ။

          ကိုယ်အလေးချိန် တက်စေဖို့ စားသုံးတဲ့ ကယ်လိုရီပမာဏဟာ သုံးစွဲလိုက်တဲ့ ကယ်လိုရီပမာဏထက် ပိုများကို များရပါမယ်။ အထူးသဖြင့် လှုပ်လှုပ်ရှားရှား အလုပ်များသူတွေနဲ့ ဇီဝကမ္မလောင်ကျွမ်းမှု မြန်ဆန်သူတွေမှာ လောင်ကျွမ်းနေတဲ့ ကယ်လိုရီတွေ ပိုများတာ၊ စားနေတဲ့ ကယ်လိုရီတွေ နည်းနေတာ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ကယ်လိုရီ အဝင်များအောင်ဆိုပြီး အသင်စား အစားအသောက်တွေဖြစ်တဲ့ ဘာဂါ၊ ပီဇာ စတာတွေ စားတာကလည်း ကျန်းမာရေးအတွက်ကောင်းတဲ့ အဆီဓာတ်တွေ မပါဝင်တဲ့အပြင် ထင်တာထက် ကယ်လိုရီ ပိုနည်းပါးတဲ့အတွက် မစားသုံးသင့်ပါဘူး။ ကယ်လိုရီများပြီး ကျနး်မာရေးနဲ့ ညီညွတ်တဲ့ အစေ့အနှံတွေ၊ အဆီပြည့်နို့တွေ၊ အဆီပြည့်ဒိန်ချဉ်တွေနဲ့ အာဟာရှိတဲ့အဆီတွေ စားပေးသင့်ပါတယ်။ ကယ်လိုရီ ပိုရစေရန် ထမင်းဟင်းတွေမှာ အဆီ၊ ထောပတ်၊ နို့မှုန့် စတာတွေ ထည့်သွင်း စားသောက်သင့်ပါတယ်။ လိုအပ်သလောက် ကယ်လိုရီဓာတ် ရရှိစေရန် စားသောက်တဲ့ ကယ်လိုရီအချိုးအစား မှတ်တမ်းထားသင့်ပါတယ်။

 

♦        ကစီဓာတ်နဲ့ အဆီဓာတ် ပိုစားပေးပါ။

          ကစီဓာတ် များများစားခြင်းက ကိုယ်အလေးချိန် တက်စေနိုင်တယ်ဆိုတာဟာ ငြင်းပယ်စရာ မရှိပါဘူး။ အကောင်းဆုံးကတော့ ကစီဓာတ်၊ အဆီဓာတ်နဲ့ အသားဓာတ်တို့ကို ရောပြီး စားသုံးခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်လူတွေထက်တော့ ကစီဓာတ် ပိုစားပေးပါ။ အလေးမနေသူတွေအတွက်လည်း ကြွက်သား တည်ဆောက်ရာမှာ အရေးပါတဲ့ အသားဓာတ်ကို များများစားပေးဖို့ မမေ့ပါနဲ့။

 

♦        မကြာမကြာ စားပေးသင့်ပါတယ်။

          တစ်နေ့ 3 ကြိမ် အများကြီးစားမယ့်အစား နည်းနည်းနဲ့ 5 ကြိမ်၊ 6 ကြိမ်ခန့် စားပေးတာ၊ ဒါမှမဟုတ် ပုံမှန် 3 ကြိမ်စားပြီး ကြားမှာ အဆာပြေ စားပေးတာမျိုးက ပိုအဆင်ပြေပါတယ်။ အများကြီး တစ်ခါတည်း စားလိုက်တဲ့အခါ ဗိုက်လေးပြီး အိပ်ချင်စိတ်ကို ဖြစ်စေနိုင်တာကြောင့် လေ့ကျင့်ခန်းလုပ်မှာ နှေးကွေးစေနိုင်ပါတယ်။ ကယ်လိုရီများများ စားပေးဖို့ လိုတာကြောင့် တစ်ခါတည်းနဲ့ ပြည့်အင့်အောင် မစားလိုက်ဖို့ လိုပါတယ်။

 

♦        အလေးမပါ။

          ဝဖို့အတွက် ကယ်လိုရီများများ စားဖို့ လိုအပ်သလို ဒီစားလိုက်တဲ့ ကယ်လိုရီတွေ နေရာမှန် ရောက်ဖို့အတွက် အလေးမ ရပါမယ်။ အလေးမမှသာ ကြွက်သားတည်ဆောက်ရာမှာ  ကယ်လိုရီတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းချင်း မတဲ့ဝိတ်ကို တိုးပေးရမှာ ဖြစ်တဲ့အတွက် လေ့ကျင့်ပေးမယ့် trainer နဲ့ တိုင်ပင်မှသာ ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင် ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

♦       ပရိုတင်းရှိတ် (Protein Shake) သောက်ပါ။

          အလေးမပြီး ပရိုတင်းရှိတ် သောက်ခြင်းက ကြွက်သားတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အလေးမခြင်းက ကြွက်သားတွေကို ပြိုကွဲစေပြီး ပြိုကွဲသွားတဲ့ ကြွက်သားနေရာ အစားဝင်ဖို့ ပရိုတင်း အသားဓာတ် လိုအပ်လာပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ပရိုတင်း အသားဓာတ်များများ စားပေးခြင်းဖြင့် ကြွက်သားတည်ဆောက်မှုကို အားပေးပြီး ပိုမိုသန်မာ တောင့်တင်းတဲ့ ကြွက်သားထုကို ရရှိစေလာနိုင်ပါတယ်။ ပရိုတင်းဘား၊ ပရိုတင်းရှိတ်နဲ့ အစေ့အဆံ စတာတွေကို လေ့ကျင့်ခန်းရုံ Gym ကို လာတိုင်း ယူလာပြီး လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ စားသောက်ပေးသင့်ပါတယ်။

 

♦        အိပ်ရေး ဝပါစေ။

          အိပ်ရေး ဝဝအိပ်ဖို့ အရေးကြီးပါတယ်။ အိပ်ရေး ဝဝအိပ်ရသူတွေမှာ ကြွက်သားတည်ဆောက်မှုကို အားပေးပြီး ကြွက်သားပျက်စီးမှုကို နည်းစေနိုင်သလို အိပ်ရေးမဝသူတွေမှာ ပြောင်းပြန်သက်ရောက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်ရေးမဝသူတွေမှာ ကြွက်သားဆုံးရှုံးမှုပမာဏ များနိုင်ပါတယ်။ လူကြီးတစ်ယောက်ရဲ့ ပျမ်းမျှအိပ်ချိန်ဟာ 7 - 8 နာရီခန့် ရှိသင့်ပြီး ဒီ့ထက်နည်းနေပါက ကြိုးစားပမ်းစား အလေးမ ဆော့ကစားထားတာတွေဟာ ထိုက်သင့်သလောက် အကျိုးထူးမှာ မဟုတ်ပါဘူး။

 

♦        ဆေးလိပ် ဖြတ်သင့်ပါတယ်။

          ဆေးလိပ်ဟာ အစာစားချင်၊ သောက်ချင်စိတ်ကို နည်းပါးစေနိုင်တဲ့အတွက် ဆေးလိပ်သောက်သူ အများစုဟာ ယေဘုယျအားဖြင့် ပိုပိန်ကြတာကို တွေ့ရပါတယ်။ ဆေးလိပ်သောက်တဲ့သက်တမ်း ပိုကြာလေလေ ပိုပိန်လေလေ ဖြစ်တတ်ပါတယ်။ ဆေးလိပ် ဖြတ်လိုက်သူတွေမှာ ပျမ်းမျှ 10 ပေါင်လောက် တက်လာကြတာကို တွေ့ရပါတယ်။

 

♦        စားပြီးမှ ရေသောက်ပါ။

          အစာ မစားခင် ရေသောက်ခြင်းဟာ ဗိုက်ပြည့်စေပြီး အစာ စားချင်စိတ်ကို နည်းသွားစေတဲ့အတွက် ဝိတ်လျှော့သူအများစုဟာ အစာ မစားခင် ရေသောက်လေ့ ရှိတာကို တွေ့ရမှာပါ။ ဒါကြောင့် ဝိတ်တက်ချင်သူတွေဟာလည်း တစ်နေကုန် ရေသောက်ချင်သလောက် သောက်၊ အစာမစားခင် ရေမသောက်ဘဲ ကယ်လိုရီများများ စားနိုင်အောင် အားထုတ်ရပါမယ်။ စားပြီးမှသာ ရေသောက်ပါ။

 

♦        ကယ်လိုရီများတာ သောက်ပါ။

          ဆိုဒါတွေ၊ ဂတ်စ်အချိုရည်တွေကို ပြောချင်တာ မဟုတ်ပါဘူး။ အာဟာရဓာတ်တွေ ပါဝင်တဲ့ နို့၊ လတ်လတ်ဆတ်ဆတ် လိမေ္မာ်ရည် စတာတွေကို ရေအစား သောက်ပေးပါ။ ရေ အဆာပြေ သောက်နိုင်သလို ရေထက်များတဲ့ ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ ရရှိမှာ ဖြစ်ပါတယ်။ နို့မှာ ပရိုတင်း အသားဓာတ်တွေနဲ့ အဆီဓာတ်တွေ ပါဝင်တဲ့အတွက် ဝိတ်တက်ချင်သူတွေအတွက် အထူးသင့်တော်ပါတယ်။

 

♦        ကယ်လိုရီနဲ့ အာဟာရကြွယ်ဝတဲ့ အစားအစာတွေ များများစားပေးပါ။

          ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် တက်လာစေဖို့ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေကို များများစားပေးဖို့ လိုအပ်ပါတယ်။ အစေ့အဆံ၊ နှံပြည့်ဂျုံ၊ အဆီပြည့်နို့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ အသားတွေနဲ့ အာလူး၊ ကန်စွန်းဥစတဲ့ ကစီဓာတ် ကြွယ်ဝတဲ့ ဥမျိုးစုံတို့ကို စားသုံးနိုင်ကြပါတယ်။

          ကိုယ်အလေးချိန် တက်ဖို့ အရေးအကြီးဆုံးလို့ သတ်မှတ်ထားသူတွေမှာ ကယ်လိုရီနည်းတဲ့ ဟင်းသီးဟင်းရွက်တွေကို ခေတ္တခဏ မစားဘဲ နေသင့်ပါတယ်။ ကယ်လိုရီများတဲ့ အစားအစာတွေကို များများစားပြီး အလေးသာ များများမပေးပါ။ ဝိတ်တက်လာမှာ ဧကန်မုချ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)