သင့်မျက်နှာပေါ်က ၀က်ခြံတွေကို ပိုမိုဆိုးဝါးစေတဲ့ အလေ့အထများ
ယခုခေတ်မှာ အမျိုးသမီးများသာမက အမျိုးသားတွေပါ အသားအရေ အလှအပကို ပိုမိုဂရုစိုက်လာကြပါပြီ။ ဒါကြောင့် ၀က်ခြံပေါက်လေ့ရှိသူများ အနေဖြင့် ယခင်ကထက် အသားအရေကို ပိုမိုဂရုစိုက်ကြပြီး skincare ကို အဆင့်ဆင့် ပြုလုပ်လေ့ ရှိကြပါတယ်။ ထိုသို့ ပိုဂရုစိုက်တဲ့ကြားထဲက ၀က်ခြံတွေ ပိုထွက်လာတာမျိုးလည်း ကြုံကြလေ့ရှိပါတယ်။ ဒါဟာ ဘာလို့လဲဆိုရင်တော့ မှားယွင်းတဲ့ skin care အလေ့အထတွေကို ပြုလုပ်မိကြလို့ပဲ ဖြစ်တယ်နော်။ ဘယ်လို skin care အလေ့အထတွေက ၀က်ခြံတွေ ပိုမိုဖြစ်ပေါ်စေဖို့ အားပေးသလဲဆိုတာ လေ့လာကြည့်ကြရအောင်နော်။
(၁) ၀က်ခြံပျောက်စေသော skin care အမျိုးမျိုးကို တစ်ပတ်တစ်ခါ ပြောင်းသုံးခြင်း
ဒီတစ်ပတ်ကို ဒီ skin care သုံးလိုက် နောက်တစ်ပတ်ကို အသစ်တစ်မျိုး သုံးလိုက် ပြုလုပ်ခြင်းက အရေပြားကို ပိုမိုဆွပေးသလို ဖြစ်စေပြီး အဆီဖုနဲ့ ၀က်ခြံများကို ပိုမိုဖြစ်ပေါ်စေပါလိမ့်မယ်။
** လိုက်နာရန် - ထိုသို့ အမိျုးမျိုး ပြောင်းသုံးမည့်အစား ကိုယ်နှင့် အဆင်ပြေသော skin care တစ်မျိုးကို အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်အထိ သုံးကြည့်ပါ။ ၈ ပတ်ကြာသည့်တိုင်အောင် ဘာမှမထူးခြားပါမှ နောက်အသစ်တစ်မျိုးကို ပြောင်းသုံးသင့်ပါတယ်။
(၂) ၀က်ခြံပေါ်တွင်သာ ၀က်ခြံပျောက်ဆေးကို တို့ခြင်း
၀က်ခြံပေါ်တွင်သာ ၀က်ခြံပျောက်ဆေးကို တို့ခြင်းဟာ သဘာ၀ကျသော်လည်း နောက်ထွက်မယ့် ၀က်ခြံတွေကိုတော့ တားဆီးပေးမှာ မဟုတ်ပါဘူး။
** လိုက်နာရန် - ၀က်ခြံံပျောက်ဆေး အလွှာခပ်ပါးပါးကို မျက်နှာတစ်ခုလုံးပေါ်တွင် ညီညာစွာ လိမ်းကျံပေးသင့်ပါတယ်။
(၃) ၀က်ခြံဖြစ်စေသော မိတ်ကပ်၊ skin care နှင့် ခေါင်းလျှော်ရည်များကို အသုံးပြုခြင်း
အဆီပါ၀င်မှု များသော မိတ်ကပ်ပစ္စည်းများနှင့် skin care များဟာ ချွေးပေါက်တွေကို ပိတ်ဆို့စေတာမို့ သင့်၀က်ခြံတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒါတွေကို ဆက်သုံးနေမယ်ဆိုရင်တော့ သင့်၀က်ခြံတွေဟာ ပျောက်လိုက်၊ ပေါက်လိုက်နှင့် သံသရာလည်နေမှာပါပဲ။
** လိုက်နာရန် - ရေဓာတ်ကို အခြေခံထားသော skin care နှင့် မိတ်ကပ်များကို အသုံးပြုပါ။ အစိုဓာတ်ထိန်းခရင်မ်ကို နေ့စဉ် အသုံးပြုပါ။ ညအိပ်ရာ၀င်ခါနီး မိတ်ကပ်များကို သေချာစွာ သန့်စင်ဆေးကြောဖို့ မမေ့နဲ့နော်။
(၄) မိတ်ကပ်ပစ္စည်းနှင့် ဘရပ်ချ်များကို မျှေ၀သုံးစွဲခြင်း
ချွေးပေါက်တွေကို မပိတ်ဆို့စေမယ့် မိတ်ကပ်တွေကို ရွေးချယ်တာတောင်မှ ၀က်ခြံတွေ ဖြစ်ပေါ်နေသေးပါက သင့်သူငယ်ချင်း/ညီအစ်မများနှင့် မိတ်ကပ်ဖော့တွေ၊ ဘရပ်ချ်တွေ အတူတူ အသုံးပြုနေသလား ဆန်းစစ်ကြည့်ပါ။ ၀က်ခြံဟာ ကူးစက်စေတာတော့ မဟုတ်ပေမယ့်လည်း အဆိုပါပစ္စည်းများကို အတူတူသုံးစွဲခြင်းဖြင့် တစ်ယောက်ဆီက ဘက်တီးရီးယားနှင့် အဆီများ ဆဲလ်သေများဟာ တခြားသူဆီ ရောက်စေပြီး ၀က်ခြံများ ဖြစ်ပေါ်စေပါတယ်။
** လိုက်နာရန် - မိမိတစ်ဦးတည်း သီးသန့် အသုံးပြုပါ။
(၅) မိတ်ကပ်များကို သေချာစွာ မသန့်စင်ဘဲ အိပ်ရာ၀င်ခြင်း
သင်ဟာ ဘယ်လို အကောင်းစား မိတ်ကပ်များကို သုံးစေကာမူ မိတ်ကပ်များကို သေချာစွာ ဖျက်ပြီးမှ အိပ်ရာ၀င်သင့်ပါတယ်။
** လိုက်နာရန် - မိတ်ကပ်များကို make up remover ဖြင့် အရင်ဆုံး ဖျက်ပြီးမှ facial foam ဖြင့် ဆေးကြောသင့်ပါတယ်။ ဒါကို double cleansing (၂ ထပ် သန့်စင်ခြင်း) လို့ ခေါ်ပါတယ်။ သင် အရမ်းပင်ပန်းလို့ မျက်နှာမသစ်နိုင်ရင်တောင်မှ wet tissue နှင့်တော့ အနည်းဆုံး သန့်စင်သင့်ပါတယ်။
(၆) မကြာခဏ မျက်နှာသစ်ခြင်း
မျက်နှာအသားအရေကို ပိုမိုဆွပေးသလိုဖြစ်ပြီး ၀က်ခြံတွေ ပိုမိုဖြစ်ပေါ်စေပါတယ်။
** လိုက်နာရန် - တစ်နေ့ကို မနက်နှင့်ည ၂ ကြိမ်သာ မျက်နှာသန့်စင်သင့်ပါတယ်။
(၇) မျက်နှာ ခြောက်သွေ့ခြင်း
အဆီပြန်သော အသားအရေပိုင်ရှင်များတွင် ၀က်ခြံ ပိုမိုဖြစ်ပေါ်တတ်တာမို့ မျက်နှာအသားအရေကို ခြောက်သွေ့အောင် ကြိုးစားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းသော အယူအဆ ဖြစ်ပါတယ်။ မျက်နှာအသားအရေ ခြောက်သွေ့ခြင်းဖြင့် ပိုမို sensitive ဖြစ်စေပြီး ၀က်ခြံဖြစ်ပေါ်ဖို့ အလားအလာ ပိုများစေပါတယ်။
** လိုက်နာရန် - နေ့စဉ် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။
(၈) အလွန်အမင်း scrub ပြုလုပ်ခြင်း
၀က်ခြံများ ယောင်နေစဉ်တွင် scrub ပြုလုပ်ခြင်းကြောင့် ဘက်တီးရီးယားများပိုမို ပျံ့နှံစေပြီး ၀က်ခြံ ပိုပွားစေပါတယ်။
** လိုက်နာရန် - ၀က်ခြံများ ဖြစ်ပေါ်နေစဉ်တွင် နူးညံ့စွာ မျက်နှာသစ်ပါ။ facial foam ကို ညင်သာစွာ လိမ်းပြီး စက်၀ိုင်းပုံ နှိပ်နယ်ပေးပါ။ ထို့နောက် ရေနွေးနွေးဖြင့် ဆေးကြောပြီး နူးညံ့စွာ သုတ်ပေးပါ။
(၉) လေ့ကျင့်ခန်း လုပ်နေစဉ် မျက်နှာသုတ်ပဝါဖြင့် မျက်နှာကိုပွတ်ခြင်း
လေ့ကျင့်ခန်း လုပ်နေစဉ်တွင် မျက်နှာပေါ်မှာ ချွေးများဖြင့် စိုစွတ်နေတာမို့ ဘက်တီးရီးယားများ ပေါက်ဖွားဖို့ အလားအလာ များပါတယ်။ ထိုအချိန်မျိုးမှာ တဘက်နှင့်မျက်နှာကို သုတ်ခြင်းဖြင့် အရေပြားကို ပိုမိုပွန်းစေပြီး ၀က်ခြံတွေ ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။
**လိုက်နာရန် - wet tissue နှင့် ညင်သာစွာ ပွတ်ပေးပါ။
(၁၀) ၀က်ခြံညှစ်ခြင်း
၀က်ခြံညှစ်ခြင်းဖြင့် ၀က်ခြံအတွင်းရှိ ပြည်များ၊ ဘက်တီးရီးယားများနှင့် ဆဲလ်သေများကို ထွက်ပေါ်လာစေတဲ့အပြင် ယောင်ယမ်းခြင်းကို ဖြစ်ပေါ်ပါလိမ့်မယ်။ အခန့်မသင့်ပါက အမာရွတ်များပင် ဖြစ်လာစေပါတယ်။
** လိုက်နာရန် - ၀က်ခြံကို ညှစ်မယ့်အစား ၀က်ခြံပျောက်ဆေးကို တို့ပေးပါ။ မြုံနေသော ၀က်ခြံများရှိပါက အရေပြားဆရာ၀န်နှင့်ပြသဖို့ လိုအပ်ပါတယ်။
အခုဖော်ပြသွားတဲ့ အချက်များကိုရှောင်ပြီး အစားအသောက်နှင့် အိပ်စက်ခြင်းကို ညီညွတ်မျှတအောင် ထိန်းသိမ်းဖို့လည်း မမေ့ကြနဲ့နော်။ တစ်နေ့ကို ရေ ၈ ဖန်ခွက်သောက်ပေးဖို့လည်း အရေးကြီးပါတယ်။ တကယ်လို့ သင့်အနေနှင့် အထက်ပါအချက်အားလုံးကို လိုက်နာတာတောင်မှ ၀က်ခြံတွေ ရှိနေသေးတယ်ဆိုပါက အရေပြားဆရာ၀န်နှင့် အမြန်ဆုံး သွားရောက်ပြသဖို့ မမေ့နဲ့နော်။
Dr. လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























