သဘာဝအတိုင်း နီရဲပြီး လှပတဲ့နှုတ်ခမ်းတစ်စုံကို ပိုင်ဆိုင်နိုင်ကြဖို့ ...
နှုတ်ခမ်းတွေကို သဘာဝအတိုင်း အနီရောင်လေး သန်းနေစေဖို့အတွက် သစ်သီးအရည်တွေ၊ မုန်လာဥနီနဲ့ အခြားအနီရောင်တောက်တဲ့အရာတွေကို သုံးလို့ရပါတယ်။ ပြီးရင်တော့ အစိုဓာတ်လေးရှိနေအောင် ထိန်းထားပေးမယ်ဆိုရင် သဘာဝအတိုင်း နီရဲပြီး လှပတဲ့နှုတ်ခမ်းလေးကို ပိုင်ဆိုင်နိုင်မှာပါ။
>> အရင်ဆုံးအနေနဲ့ နှုတ်ခမ်း ကြေးချွတ်ပြီး အရောင်တင်ဖု့ိ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားဖို့ လိုတယ်နော်။
1. နှုတ်ခမ်းကို သဘာဝပစ္စည်းတွေနဲ့ ပွတ်တိုက်ပေးပါ။ နီရဲတဲ့နှုတ်ခမ်းလေးတစ်စုံ ပိုင်ဆိုင်ဖို့အတွက် ပထမဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းအပေါ်က နှုတ်ခမ်းရဲ့သဘာဝအရောင်ကို ကွယ်နေတဲ့ ခြောက်သွေ့ပြီးတော့ အလွှားလိုက်ဖြစ်နေတဲ့ အလွှာတွေကို ခွါချဖို့လိုပါတယ်။ ဒီသေနေတဲ့ဆဲလ်တွေရှိတဲ့ အပေါ်ယံလွှာကို ဖယ်ချလိုက်တဲ့အခါမှာ တောက်ပပြီးတော့ နီရဲတဲ့ အတွင်းနှုတ်ခမ်းလွှာလေး ပေါ်လာပါလိမ့်မယ်။ ဒီတော့ နှုတ်ခမ်းကြေးချွတ်ဖို့အတွက် အိမ်မှာပဲ scrub လေး လုပ်ကြရအောင်။
● ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သကြားအညို လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောလိုက်ပါ။ ပြီးရင် ဒီအရောကို နှုတ်ခမ်းပေါ်မှာ စက်ဝိုင်းပုံ ပွတ်တိုက်ပေးပါ။ ရေနွေးလေးနဲ့ နှုတ်ခမ်းပေါ်ကို ဆေးချလိုက်ပါ။ လိုအပ်သလို ထပ်ပြီး လုပ်နိုင်ပါတယ်။
2. သွားတိုက်တံကို အသုံးပြုပါ။ တစ်ခါတလေတော့လည်း scrub လေး လုပ်ရုံနဲ့ အပေါ်က ဆဲလ်အသေတွေကို ကွာကျသွားစေဖို့ မလုံလောက်တဲ့အတွက် အမွေးနုတဲ့ သွားတိုက်တံလေးကို အသုံးပြုဖို့ လိုပါတယ်။ သန့်ရှင်းတဲ့ သွားတိုက်တံလေးကို ရေနွေးစွပ်ပြီး နှုတ်ခမ်းပေါ်ကို စက်ဝိုင်းပုံ ပွတ်တိုက်ပေးပါ။ ပြီးရင် နှုတ်ခမ်းကို ဆေးချလိုက်တဲ့အခါမှာတော့ တောက်ပတဲ့နှုတ်ခမ်းအသစ်တစ်စုံကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
3. မီးဖိုချောင်သုံး ပစ္စည်းလေးတွေကိုလည်း အသုံးပြုလို့ရပါတယ်။ နှုတ်ခမ်းကို သွေးလှည့်ပတ်မှုကောင်းအောင် လုပ်ပေးတာကလည်း နှုတ်ခမ်းကို ဖူးဖူးလေးဖြစ်ပြီး နီရဲစေပါတယ်။ ဒီလိုဖြစ်စေဖို့အတွက် သစ်ကြံပိုးခေါက် (သို့) အခြား စပ်တဲ့မီးဖိုချောင်သုံး ပစ္စည်းလေးတွေကို အသုံးပြုနိုင်ပါတယ်။ နည်းနည်းလေး ပွတ်ပြီး ခဏထားကာ ရေဆေးချလိုက်ပါ။ အောက်ပါတို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
● ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံကို ရေအနည်းငယ်နဲ့ ရောပြီး သုံးပါ။
● သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံကို ရေအနည်းငယ်နဲ့ ရောပြီးလည်း လိမ်းပေးနိုင်ပါတယ်။
● ပူရှိန်းဆီ ၅ စက်လောက်ကိုလည်း ပွတ်လိမ်းပေးနိုင်ပါတယ်။
● လတ်ဆတ်တဲ့ချင်း အနည်းငယ်ကိုလည်း နှုတ်ခမ်းပေါ် ပွတ်တိုက်ပေးလို့ ရတယ်နော်။
4. အိမ်မှာ ကိုယ်တိုင်လုပ်တဲ့ serum ကို အသုံးပြုပြီး နှုတ်ခမ်းအစိုဓာတ် ထိန်းပေးကြမယ်။ နှုတ်ခမ်းလေးက ကြေးတွေ၊ ဆဲလ်အသေတွေကို ဖယ်ရှားပြီးတော့ ဖူးဖူးလေး ဖြစ်လာပြီဆိုရင်တော့ နှုတ်ခမ်းလေးကို နူးညံ့သွားအောင်လုပ်ဖို့ အချိန်ရောက်ပါပြီ။ အစိုဓာတ်လေးရှိအောင် လုပ်ပေးတာက အရောင်စွဲစေပြီးတော့ နှုတ်ခမ်းခြောက်မသွားအောင် ကာကွယ်ပေးပါတယ်။ Lip serum အနေနဲ့ အောက်ပါပစ္စည်းတွေကို သုံးနိုင်တယ်နော်။ ဒါတွေကို နှုတ်ခမ်းကို ပွတ်တိုက်ပြီးတော့ စိမ့်ဝင်သွားစေဖို့အတွက် မိနစ် အနည်းငယ်လောက် စောင့်ပါ။
● အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
● သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
● အယ်မွန်ဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
>> နှုတ်ခမ်း အရောင်တင်ခြင်း
1. ဂွမ်းလုံးလေး သုံးပြီးတော့ အရောင်တင်ပါ။ ဂွမ်းလုံးလေးကို ကိုယ်တင်မယ့်အရောင်ထဲမှာ နှစ်လိုက်ပါ။ ပြီးရင် နှှုတ်ခမ်းအလယ်ကနေပြီးတော့ အပြင်ကို ပွတ်ပေးပါ။ ပြီးရင်တော့ နှုတ်ခမ်းအနားလေးကို နည်းနည်းပြန်ညှိပြီးတော့ နှုတ်ခမ်းအပြင် မထွက်အောင် သေချာသုတ်ပေးပါ။
2. နှုတ်ခမ်းအရောင်အတွက် သစ်သီးအရည်ကို အသုံးပြုနိုင်ပါတယ်။ အနီရောင်တောက်တောက်ရှိတဲ့ ဘယ်အသီးကိုမဆို ရွေးနိုင်ပါတယ်။ ပြီးရင် ဓားနဲ့ခွဲပြီး နှုတ်ခမ်းပေါ်မှာ ပွတ်တိုက်ပေးနိုင်ပါတယ်။ ပထမတစ်လွှာ ခြောက်သွားပြီ ဆိုရင်တော့ အနီရောင်ပိုရင့်စေဖို့အတွက် နောက်ထပ်အလွှာတွေ ထပ်လိုက်လို့ရပါတယ်။ ကိုယ်ကြိုက်တဲ့အရောင်ရတဲ့အထိ လုပ်ပေးနိုင်ပါတယ်။ ပြီးရင်တော့ နှုတ်ခမ်းနီအကြည်အဆီလေးကို အပေါ်က ထပ်ပေးလိုက်မယ်ဆိုရင် အရောင် ကြာကြာစွဲနေစေပါလိမ့်မယ်။
● ချယ်ရီသီးနဲ့ သလဲသီးတွေက အရောင်ပိုတောက်စေပြီးတော့ စတော်ဘယ်ရီသီးနဲ့ ရက်စ်ဘယ်ရီသီးတွေကတော့ အရောင်နည်းနည်း မှိန်ပါတယ်။
3. မုန်လာဥနီအမှုန့်ကိုလည်း သုံးလို့ရတယ်နော်။ မုန်လာဥနီ အခြောက်ကနေရတဲ့ အမှုန့်ကလည်း သဘာဝအတိုင်းလှပတဲ့ အနီရင့်ရောင်ကို ရရှိစေပါတယ်။ မုန်လာဥနီအမှုန့်ကို ရေနဲ့ရောပြီး ပျစ်ပျစ်လေး ဖျော်လိုက်ပါ။ နှုတ်ခမ်းပေါ်လိမ်းပြီး ၃ မိနစ်လောက် စောင့်ပါ။ ပြီးရင်တော့ ပိုနေတဲ့အနှစ်တွေကို ရေနွေးနဲ့ ဆေးချလိုက်ပါ။ နှှုတ်ခမ်းလေးက ကိုယ့်စိတ်ကြိုက် နီလာတဲ့အထိ လိမ်းပေးနိုင်ပါတယ်။
>> နှုတ်ခမ်းလေးကို ကျန်းမာအောင် ထိန်းသိမ်းဖို့ကလည်း အရေးကြီးတယ်နော်။
1. နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပါ။ ကျန်တဲ့အသားအရေတွေလိုပဲ နှုတ်ခမ်းကလည်း နေနဲ့ ထိတွေ့တဲ့အခါမှာ အမည်းစက် ထင်လွယ်ပါတယ်။ SPF 15 နဲ့အထက် ပါဝင်တဲ့ နှုတ်ခမ်းဆိုးဆေးဆိုးပြီး ကာကွယ်ခြင်းဖြင့် နေပူထဲသွားတဲ့အခါမှာ နေလောင်ခြင်းအန္တရာယ်ကနေပြီးတော့ ကာကွယ်နိုင်ပါလိမ့်မယ်။
2. နှုတ်ခမ်းမကွဲအောင် အသားမပတ်အောင် ဂရုစိုက်ပါ။ နှုတ်ခမ်းအသားပတ်တဲ့အခါမှာ ကြည့်ရတာ အရောင်မတောက်ဘဲ မှိန်နေပါတယ်။ ဒီတော့ တောက်ပပြီးတော့ နီထွေးတဲ့ နှုတ်ခမ်းလေးတစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းခြောက်သွေ့ပြီးတော့ အသားမပတ်အောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ရေဓာတ် ပြည့်ဝနေစေဖို့အတွက် ရေများများ သောက်ပါ။ အုန်းဆီ၊ အယ်မွန်ဆီနဲ့ နှုတ်ခမ်းအဆီတွေ လိမ်းပေးပြီးတော့ တစ်နေ့လုံး နှုတ်ခမ်းကို စိုစွတ်မှုပေးပါ။
3. ဆောင်းရာသီမှာလည်း နှုတ်ခမ်းကို သေချာဂရုစိုက်ပါ။ ဆောင်းတွင်းမှာတိုက်တဲ့ ခြောက်သွေ့တဲ့လေတွေက နှုတ်ခမ်း အသားပတ်ပြီးတော့ ကွဲအက်စေတဲ့အတွက် ဘယ်နေရာသွားသွား နှုတ်ခမ်းအဆီလေး ဆောင်သွားပါ။ အိမ်ထဲမှာလည်း လေ အရမ်းမခြောက်သွေ့နေစေဖို့အတွက် ရေငွေ့ပေးစက်ဖွင့်ပြီး အိပ်ရင်ကောင်းပါတယ်။
4. ဆေးလိပ် မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက နှုတ်ခမ်းကို အရောင်ပြောင်းစေပြီးတော့ အရေးအကြောင်း ထင်စေတဲ့အတွက် နီရဲတဲ့နှုတ်ခမ်းတစ်စုံ ပိုင်ဆိုင်ဖို့ ဝေးသွားစေပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးသုံးခြင်းမှ လုံးဝရှောင်ကြဉ်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























