သံလွင်ဆီရဲ့ အကျိုးကျေးဇူးများ
1. အရေပြားယားယံခြင်းကို သက်သာစေတယ်
ခြောက်သွေ့ပြီးယားယံတဲ့အရေပြားအတွက် သံလွင်ဆီက ကူညီပေးနိုင်ပါတယ်။ ရေချိုးချိုးပြီးချင်း သံလွင်ဆီကို လိမ်းပေးထားခြင်းဖြင့် အရေပြားယားယံခြင်းကို သက်သာစေမှာပါ။ ချာမိုမိုင်း အဆီထပ်ထည့်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကိုရရှိနိုင်မှာပါ။
2. ဆံပင် ခြောက်သွေ့ခြင်းကိုလျှော့ချပေးနိုင်တယ်
ဆံကေသားကောင်းခြင်းကို ပိုင်ဆိုင်လိုသူအနေနဲ့ ဆံသားအတွက်ရေဓာတ်ရဲ့ အရေးပါပုံကိုလည်း သိထားဖို့လိုအပ်ပါတယ်။ ရေဓာတ်က ဆံပင်တွေကြီးထွားလာအောင် မကူညီပေးနိုင်ပေမယ့် ဆံသားထိန်းသိမ်းမှုအတွက် အရေးပတဲ့အခန်းကဏ္႑မှာရှိနေတာဖြစ်ပါတယ်။
သံလွင်ဆီက ဆံသားခြောက်သွေ့မှုတွေကို လျှော့ချပေးနိုင်ပြီး ဆံပင်ကို ပိုမိုကြည့်ကောင်းစေမှာဖြစ်ပါတယ်။
ခေါင်းမလျှော်ခင်မှာ တခေါင်းလုံးကို သံလွင်ဆီရွှဲနေအောင်လိမ်းပြီး နာရီဝက်ခန့်နှပ်ထားလိုက်ပါ။ ပိုမိုထိရောက်မှုရှိစေရန် သံလွင်ဆီကို အပူပေးပြီးမှ လိမ်းကျံပါ။
3. လက်အရေပြားကို နူးညံ့စေပါတယ်
ဈေးကွက်မှာရရှိနေတဲ့ လက်အစိုဓာတ်ထိန်းခရင်မ်အများစုဟာ ဈေးကြီးပေးရပြီး ဓာတုပစ္စည်းတွေ ပါဝင်နိုင်တာကြောင့် သဘာဝပစ္စည်းဖြစ်တဲ့ သံလွင်ဆီကို အသုံးပြုဖို့တိုက်တွန်းချင်ပါတယ်။ ဟင်းပွဲများပြင်ဆင်နေချိန်မှာဖြစ်စေ၊ ရေချိုးပြီးချိန် ဒါမှမဟုတ် အိပ်ရာဝင်ချိန်မှာဖြစ်စေ အလျင်းသင့်သလို လိမ်းပေးသွားခြင်းဖြင့် အရေပြားကိုနူးညံ့စေပြီး ကျန်းမာတဲ့လက်တစုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
4. နှုတ်ခမ်းကြေးချွတ်ပစ္စည်းအဖြစ်လည်း အသုံးဝင်ပါတယ်
စိုပြေတဲ့နှုတ်ခမ်းသားကို ပိုင်ဆိုင်လိုတာ မိန်းကလေးတိုင်းရဲ့ သဘာဝဖြစ်ပါတယ်။ matte အမျိုးအစားနှုတ်ခမ်းနီတွေ အဆိုးများတဲ့အခါမှာ နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်းကို ပိုမိုခံစားရနိုင်ပါတယ်။ သံလွင်ဆီနှင့်သကြားကို ရောစပ်ပြီး နှုတ်ခမ်းမှာ သုတ်လိမ်းပေးထားလိုက်ပါ။ နှုတ်ခမ်းမှာရှိတဲ့ ဆဲလ်အသေကွာကျပြီး နူးညံ့စိုပြေတဲ့ နှုတ်ခမ်းတစုံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
5. လက်သည်း၊ ခြေသည်း အလှအတွက် ဆရာတစ်ပါးပါပဲ။
တပတ်လျှင်တကြိမ်ခြေသည်း၊ လက်သည်းတွေကို သံလွင်ဆီနွေးနွေးထဲမှာ 5 မိနစ်ခန့် စိမ်ထားပါ။ ခြေသည်း၊ လက်သည်းကို အာဟာရဓာတ်ဖြည့်ပေးနိုင်ပြီး လက်အရေပြားကိုအထူးနူးညံ့စေပါတယ်။
6. ခြောက်သွေ့တဲ့အရေပြားအတွက် မျက်နှာပေါင်းတင်လွှာအဖြစ် အသုံးပြုနိုင်ပါတယ်
လက်ဖက်စားဇွန်းနှင့် ပျားရည်တစ်ဇွန်း၊ သံလွင်ဆီတစ်ဇွန်းကိုယူပြီး ကြက်ဥအနှစ်နှင့်ရောမွှေပါ။ မျက်နှာပေါ်မှာ သုတ်လိမ်းပေးပြီး 15 မိနစ်ခန့်သုတ်လိမ်းပြီးအကြာမှာရေနွေးနွေးဖြင့် ဆေးချပါ။
7. မိတ်ကပ်ဖျက်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။
သံလွင်ဆီ 2 ဆ၊ ရေတစ်ဆရောစပ်ပြီး မိတ်ကပ်ဖျက်လို့ရပါတယ်။ မျက်တောင်ကော့ဆေးတွေကို ဖယ်ရှားရာမှာလည်း အံ့သြစရာကောင်းအောင်အသုံးဝင်ပါတယ်။ ဝါဂွမ်းကို အသုံးပြုပြီး သံလွင်ဆီရောနှင့် ရေအရောကို လိမ်းကျံပေးပါ။ ပြီးလျှင်ရေသီးနွေး၊ မျက်နှာသစ်ဆပ်ပြာတို့နှင့် ထပ်မံဆေးကြောပါ။
8. အရေးအကြောင်းတွေကို လျှော့ချပေးနိုင်တယ်
အရေးအကြောင်းဟာ ဇရာရဲ့လက္ခဏာဖြစ်ပြီး လူတော်တော်များများက အရွယ်မတိုင်မီ အရေးအကြောင်းတွေပေါ်လာမှာ ကြောက်ကြလေ့ရှိပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊ နေရောင်ခြည်နှင့် ထိတွေ့ခြင်း စတာတွေကြောင့်လည်း အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုတွေကို ဖြစ်စေပါတယ်။ သံလွင်ဆီမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေရှိတာကြောင့် သံလွင်ဆီကို အနည်းဆုံးတပတ်မှာ 2 ကြိမ်လိမ်းပေးခြင်းဖြင့် နူးညံ့ချောမွေ့တဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
9. ဦးရေပြားဗောက်ထခြင်းကို သက်သာစေတယ်
ဦးရေပြားယားယံခြင်း၊ ဗောက်ထခြင်း၊ ခြောက်သွေ့ခြင်းတို့အတွက် သံလွင်ဆီကအလွန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ညအိပ်ရာဝင်ချိန်တွင် သံလွင်ဆီကို တခေါင်းလုံးရွဲနေအောင်လိမ်းပြီး နောက်နေ့ မနက်မှာ လျှော်နေကျ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ဗောက်ကင်းတဲ့ဆံကေသာကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
Dr. Htet Htet Aung





























