/
news/အလှအပနှင့်ကျန်းမာရေး/သွားကျန်းမာရေးအတွက်-အကြံပြုချက်

သွားကျန်းမာရေးအတွက် အကြံပြုချက်

Category
အလှအပနှင့်ကျန်းမာရေး

          “ သွားတစ်ခါတိုက်လျှင် 2 မိနစ်စီဖြင့် မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်ပါ။ သွားပွတ်ကြိုးကို တနေ့တစ်ကြိမ်အသုံးပြုပါ။ သွားဆရာ၀န်နှင့် ပုံမှန်ပြသပါ ” စတဲ့အချက် 3 ချက်က တောက်ပတဲ့အပြုံးတွေကို ပိုင်ဆိုင်နိုင်တဲ့နည်းလမ်းဆိုတာကို သိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် အချိန်အနည်းငယ်ပေးရုံမျှဖြင့် ခံတွင်းကျန်းမာရေးကိုပိုမိုကောင်းမွန်စေတဲ့ အလေ့အကျင့်တွေရှိတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

Tip No.1

ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆာပြေအစာကို စားသုံးပါ

          အချိုဓာတ်ကြွယ်၀တဲ့ သွားရေစာစားသုံးတဲ့အကြိမ်ကို အကန့်အသတ်တခုထားရှိပါ။ အချိုခဏခဏစားလေလေ သွားပျက်စီးလေပါပဲ။ သကြားဓာတ်ပါ၀င်တဲ့အစားအသောက်တွေ အစားများလေ သွားကြွေလွှာ တိုက်စားခံရခြင်းနှင့်သွားပိုးစားခြင်းတို့ ဖြစ်နိုင်လေပဲ ဖြစ်ပါတယ်။

Tip No.2

လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းမှီ၀ဲပါ

          သွားပိုးစားခြင်းကိုကာကွယ်ဖို့အတွက် နောက်နည်းလမ်းတခုကတော့ လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းမှီ၀ဲခြင်းပဲဖြစ်ပါတယ်။ လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းမှာပါ၀င်တဲ့ polyphenol က ဘက်တီးရီးယားပိုပေါက်ဖွားမှုကို တားဆီးပေးနိုင်တာကြောင့် သွားပိုးစားခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။

Tip No.3

သကြားမပါ၀င်တဲ့ ပီကေဝါးပါ

          အာခံတွင်းစိုစွတ်မှုကိုထိန်းသိမ်းဖို့အတွက် သကြားမပါ၀င်တဲ့ ပီကေဝါးပါ။ ပီကေဝါးခြင်းဖြင့် တံတွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တာကြောင့် ဘက်တီးရီးယားပိုးမွှားတွေမှထုတ်လုပ်တဲ့ အက်ဆစ်ဓာတ်ကိုလျော့ပါးစေပါတယ်။  ဒါ့အပြင် တံတွေးက ကယ်လ်ဆီယမ်နှင့် ဖော့စဖိတ် (Phosphate) ဓာတ်တွေကို သွားမျက်နှာပြင်အရင်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်တာကြောင့် ကြွေလွှာတွေကိုပိုမိုသန်စွမ်းစေပါတယ်။ ထိရောက်မှုအရှိဆုံးဖြစ်စေရန် အစာစားပြီးတိုင်း သကြားမပါတဲ့ပီကေကို မိနစ် 20 ခန့် ဝါးပေးပါ။

Tip No.4

လျှာပွတ်တံအသုံးပြုပါ

          ခံတွင်းရနံ့ကောင်းမွန်စေဖို့အတွက် တနေ့နှစ်ကြိမ်သွားတိုက်ရုံနဲ့ မလုံလောက်ပါဘူး။ လျှာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို လျှာပွတ်တံဖြင့်ဖယ်ရှားခြင်းက ခံတွင်းရနံ့ကိုကောင်းမွန်စေရုံသာမက သွားမပျက်ဆီးအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Tip No.5

ချိစ်(ဒိန်ခဲ)မှီ၀ဲပါ

          သကြားမပါတဲ့ ပီကေတွေလိုပဲ ဒိန်ခဲတွေက တံတွေးထွက်ရှိနှုန်းကို ကောင်းမွန်စေတယ်လို့သိရပါတယ်။ ဒါ့အပြင် နို့နှင့် နို့ထွက်ပစ္စည်းတွေရဲ့ထုံးစံအတိုင်း ကယ်လ်ဆီယမ်၊ ဖော့စဖိတ်နဲ့ ဗီတာမင်D ဓာတ်တွေကြွယ်၀တာကြောင့် သွားကြွေလွှာတွေကို သန်မာစေပါတယ်။ PH ပမာဏကိုထိန်းထားနိုင်တာကြောင့် ခံတွင်းအတွင်းရှိ အက်ဆစ်ပမာဏကို လျော့ကျစေပါတယ်။

Tip No.6

မုန်လာဥနီအစိမ်းစားသုံးပါ

          မျက်စိအားကောင်းစေတဲ့ မုန်လာဥနီဟာခံတွင်းအတွက်လည်း အရေးပါတဲ့အရာဖြစ်နေပြန်ပါတယ်။ ခံတွင်းထဲမှာရှိတဲ့ အက်ဆစ်ကိုလျော့ချချင်တယ်ဆိုရင်တော့ မုန်လာဥနီအစိမ်းကို ဒီအတိုင်းစားပေးပါ။ ဗီတာမင်နှင့် သတ္တုဓာတ်တွေကြွယ်၀တဲ့ မုန်လာဥနီဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ကြံခိုင်စေတာကြောင့် သွားနှင့်ခံတွင်းကျန်းမာရေးကောင်းမွန်မှာဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com