/
news/အလှအပနှင့်ကျန်းမာရေး/အသားပတ်ခြင်း

အသားပတ်ခြင်း

Category
အလှအပနှင့်ကျန်းမာရေး

         မိုးကုန်လို့ ဆောင်းရောက်လာတဲ့အခါ အရေပြားမှာ နီမြန်းစပ်ဖျဉ်းပြီး အသားပတ်တာတွေကို ခံစားရနိုင်ပါတယ်။ အပူချိန် ကျဆင်းလာတာနှင့်အမျှ အရေပြားမှာရှိတဲ့ စိုထိုင်းမှုလည်း နည်းပါးလာတာကြောင့် ဖြစ်ပါတယ်။ အထူးသဖြင့် ခြောက်သွေ့သော အသားအရေပိုင်ရှင်တွေမှာ ဖြစ်လေ့ရှိပါတယ်။ အခြားသော ပုံမှန်အသားအရေ၊ ပေါင်းစပ်အသားအရေ၊ အဆီပြန်အသားအရေ ပိုင်ရှင်တွေအနေဖြင့်လည်း Winter Rash လို့ခေါ်တဲ့ အသားပတ်တာကို ခံစားရလေ့ရှိပါတယ်။

          လက္ခဏာတွေကတော့ -

•        အရေပြားနီမြန်းခြင်း

•        ရောင်ရမ်းခြင်း

•        ယားယံခြင်း

•        အရေပြား အဖတ်လန်ခြင်း

•        အရေပြား ထိလွယ်ရှလွယ်ဖြစ်ခြင်း

•        အရည်ကြည်ဖုထခြင်း တို့ ဖြစ်ပါတယ်။

          Winter Rash ဟာ ခြေလက်တွေမှာ အဖြစ်များလေ့ရှိသလို တစ်ကိုယ်လုံးမှာလည်း တွေ့ရတတ်ပါတယ်။

>>    Winter Rash ဖြစ်ရန် အလားအလာ ပိုများသောသူများ

•        နေဒဏ်၊ လေဒဏ် ပိုခံရသူများ

•        နှင်းခူရောဂါရှိသူ

•        အရေပြားရောင်ရမ်းနာရှိသူ

•        ပန်းနာရင်ကြပ်ရောဂါရှိသူ

•        ထိခိုက်လွယ်သော အသားအရေရှိသူများ

•        Rosacea ဟုခေါ်သော အရေပြား အလွန်နီရဲသော နာတာရှည် အရေပြားရောဂါရှိသူတွေဟာ အခြားသော သူများထက် Winter Rash ဖြစ်ပေါ်ဖို့ အလားအလာ ပိုများပါတယ်။

 

>>    Winter Rash ဖြစ်စေသော အကြောင်းအရင်းများ

          အရေပြားရဲ့ အပြင်ဘက်အလွှာက ရေဓာတ်ကို ထိန်းထားပေးနိုင်တဲ့ သဘာ၀အဆီနှင့် အရေပြားဆဲလ်တွေ ရှိတာကြောင့် အရေပြားဟာ နူးညံ့ပြီး အစိုဓာတ်ပြည့်၀နေတာ ဖြစ်ပါတယ်။ လေထုအေးခြင်း၊ စိုထိုင်းစနည်းပါးခြင်းနှင့် လေထန်ခြင်းတို့က အရေပြားမှာရှိတဲ့ သဘာ၀အဆီကို ဆုံးရှုံးစေတာကြောင့် အသားအရေ စိုပြေမှုမရှိဘဲ ခြောက်သွေ့ကြမ်းတမ်းမှုနှင့် Winter Rash ကို ဖြစ်စေပါတယ်။ နေလောင်ခံရခြင်း၊ ဘက်တီးရီးယား (သို့) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ Latex နှင့် ဓာတ်မ,တည့်ခြင်း၊ အမွှေးဆပ်ပြာ၊ ချေးချွတ်ရည် ဒါမှမဟုတ် ဓာတုပစ္စည်းများနှင့် ထိတွေ့ရာမှလည်း Winter Rash ဖြစ်နိုင်ပါတယ်။

          ဒါ့အပြင် နှင်းဟာ နေရောင်ခြည်မှာပါ၀င်တဲ့ UV-rays ရဲ့ 80% ထိ အလင်းပြန်နိုင်စွမ်းရှိတာကြောင့် ဆောင်းရာသီမှာ နေလောင်ခြင်းကို နှစ်ဆခံရလေ့ရှိတယ်လို့ The Skin Cancer Foundation က ဆိုပါတယ်။

          နှင်းလျှောစီးမယ်ဆိုရင် ဒီအချက်ကို သတိရသင့်ပါတယ်။ ဆရာ၀န်မှ ရောဂါရာဇ၀င် မေးမြန်းခြင်း၊ အထွေထွေစစ်ဆေးမှုတွေ ပြုလုပ်ပြီး Rash ဖြစ်ရခြင်းရဲ့အကြောင်းကို ရှာဖွေပြီး သင့်တော်တဲ့ကုသမှုကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။

>>    ကုသမှု

          ကုသမှုအနေနဲ့ကတော့ -

1.       အစိုဓာတ်ထိန်းခရင်မ် မကြာခဏ လိမ်းပေးပါ။ အထူးသဖြင့် ရေချိုးပြီးပြီးချင်းအချိန်နှင့် လက်ဆေးပြီးအချိန်မှာ လိမ်းပေးခြင်းဖြင့် Winter Rash မဖြစ်အောင် ရှေ့တန်းခံတပ်အနေဖြင့် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

2.       ရေနဲ့ ဂျယ်လီဟာ အရေပြားအတွင်းမှာ အစိုဓာတ်ကို ထိန်းထားနိုင်တဲ့ အရန်အတားအဖြစ် ဆောင်ရွက်ပေးတာကြောင့် ရေနဲ့ ဂျယ်လီကို လိမ်းပေးနိုင်ပါတယ်။ ရေနဲ့ ဂျယ်လီအစား Waxelene (သို့) Un-Petroleum ကိုလည်း အသုံးပြုနိုင်ပါတယ်။

3.       အုန်းဆီ၊ သံလွင်ဆီ စတဲ့ သဘာ၀အဆီတွေက ယားယံနေတဲ့ အရေပြားကို နူးညံ့စေပြီး အစိုဓာတ်ကို ပြန်လည်ထိန်းသိမ်းပေးနိုင်တဲ့ ဆရာတစ်ဆူ ဖြစ်ပါတယ်။

4.       နို့ဖြင့် ရေချိုးခြင်းကလည်း ယားယံနေတဲ့ အသားအရေကို သက်သာစေပါတယ်။ ယားယံနေတဲ့နေရာကို ဂွမ်းစ (သို့) သန့်ရှင်းသောအ၀တ်စကို အသုံးပြုပြီး နွားနို့နှင့် တို့ပေးပါ။ ဒါမှမဟုတ် နွားနို့ထည့်ထားတဲ့ ရေစိမ်ကန်ထဲမှာ 10 မိနစ်ခန့် စိမ်ပေးပါ။

5.       အုတ်ဂျုံဖြင့် ပြလုပ်ထားတဲ့ဆပ်ပြာ အသုံးပြုပေးပါ။ ဒါမှမဟုတ် ရေချိုးကန်ထဲတွင် ရေနွေးနှင့် ကောင်းစွာ ကြိတ်ချေထားတဲ့အုတ်ဂျုံ ရောစပ်ပြီး 10 မိနစ်ခန့် စိမ်ပေးပါ။

6.       နီမြန်းရောင်ရမ်းမှုတွေ သက်သာဖို့အတွက် Cortisone (ကော်တီဇုန်း) ခရင်မ်ကို ဆရာ၀န် ညွှနကြားချက်အတိုင်း အသုံးပြုနိုင်ပါတယ်။

          Winter Rash ခံစားရသူ အများစုဟာ အိမ်တွင်းကုထုံးများဖြင့် သက်သာသွားလေ့ရှိသော်လည်း ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာခြင်း၊ ယားယံခြင်း သက်သာစေရန် ကုတ်ဖဲ့ခြင်းမှတစ်ဆင့် အရေပြား ပိုး၀င်ခြင်းတို့ ဖြစ်ပါက ဆရာ၀န်နှင့် ပြသပါ။

 

>>    ကာကွယ်ခြင်း

          အကောင်းဆုံးသော ကာကွယ်နည်းတွေကတော့ -

1.       နေ၏၀န်းကျင်ရှိ လေထုထဲတွင် အစိုဓာတ်ပြည့်၀နေစေရန် ရေငွေ့ထုတ်လွှတ်စက် အသုံးပြုပါ။ သေးငယ်တဲ့ ရေငွေ့ထုတ်လွှတ်စက်တွေကို အိမ်ထဲတွင် ဖြန့်ကျက်ထားခြင်းဖြင့် အိမ်တွင်းလေထု စိုထိုင်းမှုကို ညီမျှနေစေမှာ ဖြစ်ပါတယ်။

2.       ရေပူပူနွေးနွေးဖြင့် ရေချိုးခြင်း၊ ရေချိုးသည့် အကြိမ်ရေများခြင်းကို ရှောင်ကြဉ်ပါ။ ချေွးသိပ်ထွက်လေ့မရှိတဲ့ ဆောင်းရာသီလို ရာသီမျိုးမှာ တစ်ရက်မှာ တစ်ခါ ရေချိုးပေးရုံနဲ့ လုံလောက်ပါတယ်။

3.       သဘာ၀ပစ္စည်း ဂရစ်ဆလင်းအလှဆီ၊ ဆိတ်နို့၊ Shea Butter (သို့) သံလွင်ဆီ စတဲ့ ပါ၀င်ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာကို ရွေးချယ်အသုံးပြုပါ။

4.       လေ၀င်လေထွက်ကောင်းပြီး သဘာ၀အမျှင်များဖြစ်တဲ့ ချည်ထည်များကို အရေပြား ယားယံမှုနှင့် ပူလောင်မှုဒဏ်ကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

5.       လက်အိတ် ၀တ်ဆင်ပါ။ အပြင်ထွက်တဲ့အခါတိုင်း လက်အိတ် မဖြစ်မနေ ၀တ်ဆင်ပါ။ ပန်းကန်ဆေးမယ့်ရေနှင့် အချိန်အတိုင်းအတာတစ်ခုအထိ ထိတွေ့မယ့် ဓာတုပစ္စည်းတွေဖြင့် ထိတွေ့မယ်ဆိုပါကလည်း လက်အိတ်၀တ်ပေးဖို့ လိုအပ်ပါတယ်။

6.       နေလောင်ကာခရင်မ် လိမ်းပါ။ ဆောင်းရာသီမှာ နေလောင်ဒဏ်ခံရခြင်း ကင်းေ၀းစေဖို့အတွက် SPF 30 နှင့်အထက် ပါ၀င်တဲ့ နေလောင်ကာခရင်မ်ကို မဖြစ်မနေ လိမ်းပေးရပါမယ်။

7.       အပူချိန်ပြင်းပြင်းနှင့် အရေပြား ထိတွေ့ခြင်းမှ အချိန်အကြာကြီး မီးလှုံခြင်းကို ရှောင်ရှားသင့်ပါတယ်။

Dr. Htet Htet Aung (www.drmyanmar.com)