အိုင်းလိုင်နာတွေရဲ့ အန္တရာယ်
အလှအပနဲ့ ခေတ်မီသပ်ရပ်မှုဟာ ရှေ့တန်းကို ရောက်လာတဲ့အချိန်မှာ ကြွေရုပ်လေးလို မျက်နှာလေးကို ရောင်စုံခြယ်သတာကလည်း ခေတ်စားလာပါတယ်။ မျက်လုံးလေးကို ကြွရွလာအောင် တန်ဆာဆင် ခြယ်သကြရာမှာ မျက်ခွံဆိုးဆေးလို့ခေါ်တဲ့ အိုင်းလိုင်နာကတော့ မပါမဖြစ်ပါပဲ။ အိုင်းလိုင်နာတွေက တကယ်ရော ရေရှည်သုံးလို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ကြရအောင်။
မျက်လုံးက သိပ်ကို နုနယ်လွန်းလို့ မျက်ခွံရယ် မျက်တောင်တွေရယ်နဲ့ သဘာဝက ကြိုးကြိုးစားစား ကာကွယ်ပေးထားပါတယ်။ အိပ်နေတဲ့အချိန်ကလွဲလို့ တစ်ချိန်လုံး ဖွင့်ထားပြီး တာဝန်ထမ်းဆောင်နေရတဲ့ မျက်လုံးလေးကို လှလှလေး ဆင်ပေးကြတဲ့အခါ ...
အိုင်းလိုင်နာတွေနဲ့ ပတ်သတ်လို့ မျက်စိအထူးကုဆရာဝန်တွေ ဘာပြောကြလဲ?
မျက်တောင်လိုင်းနဲ့ ထိကပ်နီးစပ်စွာ လိုင်နာဆွဲတဲ့အခါ မျက်လုံးထဲကို ဓာတုအမှုန်လေးတွေ အများကြီး ဝင်သွားနိုင်ပါတယ်တဲ့။
မျက်တောင်နဲ့ နည်းနည်းဝေးဝေး ဆွဲရင်တော့ အမှုန်အမွှားဒဏ်ကနေ နည်းနည်း ကင်းလွတ်မယ်လို့ ဆိုပါတယ်။
မျက်တောင်လိုင်းနဲ့ ကပ်ပြီး ဆွဲချလိုက်တဲ့အခါ ခြောက်သွားချိန်မှာ အမှုန်တွေဟာ မျက်တောင်ကြားတွေကတစ်ဆင့် မျက်လုံးအပေါ်ယံလွှာကို ပျံ့နှံရောက်ရှိသွားပါတယ်။
ပိုဆိုးတာက နေ့စဉ် အိုင်းလိုင်နာ သုံးသူတွေမှာ အချိန်ကာလတစ်ခုကို ရောက်တဲ့အခါ Dye လို့ခေါ်တဲ့ ဆိုးဆေးအမှုန်တွေဟာ မျက်ရည်ပြွန်ထဲမှာ စုပုံလာပြီး နောက်ဆုံး ပိတ်ဆို့သွားနိုင်တာ ဖြစ်ပါတယ်။ အမှုန်ထနိုင်စွမ်းဟာ brand အမျိုးအစားနဲ့ ဆိုးဆေးပါဝင်နှုန်း သူ့ရဲ့ဖျော်စပ်ထားတဲ့ အချိုးအစားပေါ်မှာလည်း မူတည်နေပါသေးတယ်လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။
အိုင်းလိုင်နာ ကြာကြာသုံးလာသူတွေဟာ မျက်ရည်ပူတွေကျခြင်း၊ မျက်လုံး ခြောက်သွေ့ယားယံတာတွေလည်း အခါအားလျော်စွာ ခံစားရနိုင်ပါတယ်နော်။
ဒါ့အပြင် မျက်ကပ်မှန် တပ်ဆင်သူတွေမှာ မျက်ကပ်မှန်ကို ဓာတုအမှုန်တွေ ကပ်ငြိပြီး ယားယံ ဓာတ်မတည့်တာတွေ မျက်ကြည်လွှာ ထိခိုက်တာတွေအထိ ရှိနေနိုင်ပါတယ်။
ဒါကြောင့် လှချင်လို့ အိုင်းလိုင်နာ သုံးတာလည်း သုံးပေါ့နော်။ သူ့ရဲ့အန္တရာယ်တွေကိုလည်း သိတန်သလောက် သိထားပြီး ချင့်ချင့်ချိန်ချိန် လှပနိုင်ကြပါစေလို့။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)





























