ဦးရေပြားယားယံတာကို ဘယ်လိုဖြေရှင်းကြမလဲ ?
ဦးရေပြားယားယံသောကြောင့် မကြာခဏခေါင်းကုတ်နေရပါက ဗောက်အပြင် အခြားအခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဦးရေပြားယားယံရခြင်းအကြောင်းအရင်းများတွင် ဗောက်ထခြင်း၊ သန်းတွယ်ခြင်းများအပြင် ဘက်တီးရီးယားပိုးမွှားများ၊ မိမိကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်အားပြန်လည်တိုက်ခိုက်သောရောဂါများ (Autoimmune Diseases) လည်း ပါဝင်ပေသည်။ ယားယံခြင်းကို တားဆီးရန်အတွက် အကြောင်းအရင်းကို ရှာဖွေရန်လိုအပ်ပါသည်။
အောက်ပါတို့မှာ ဦးရေပြားယားယံစေသော အကြောင်း 5 ခုနှင့် ကုသနည်းများဖြစ်ပါသည်။
1. ဗောက်ထခြင်းနှင့် ခေါင်းမှိုစွဲခြင်း
ဦးရေပြားယားယံစေခြင်း၏ အဓိကအကြောင်းအရင်းတစ်ခုဖြစ်ပြီး မှိုများပေါက်ပွားမှုကြောင့် ခန္ဓာကိုယ်မှပြန်လည်တုံ့ပြန်ရာမှ ယားယံခြင်းနှင့်အဖြူဖတ်များဖြစ်စေကြောင်း အရေပြားအထူးကုဆရာဝန်ကြီး Dr.Melisson Piliang ကပြောကြားထားသည်။ မှိုများသည် ဦးရေပြားအပြင် အမွှေးပေါက်လေ့ရှိသောခန္ဓာကိုယ်အနှံ့အပြားတွင် ရှိနိုင်သော်လည်း အဆမတန်များပြားလာသောကြောင့် ဗောက်ထရခြင်းဖြစ်သည်။
သာမန်ဗောက်ထခြင်းဆိုပါက Selenium (သို့) Zinc pyrithione ပါ၀င်သော ခေါင်းလျှော်ရည်များကိုအသုံးပြုနိုင်ပါသည်။ ပိုမိုပြင်းထန်သောအခြေအနေဝင်မှု မှိုသတ်ဆေးခေါင်းလျှော်ရည်များ၊ စတီးရွိုက်လိမ်းဆေးများ စသည်တို့ကို လိုအပ်ပါသည်။
2. နှင်းခူရောဂါ (ဆိုရီရေးဆစ်)
မိမိ၏ကိုယ်ခံအားစနစ်မှ မိမိခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်သောရောဂါဖြစ်ပြီး အရေပြား (သို့) ဦးရေပြားပေါ်တွင် အနီရောင်အကွက်များဖြစ်စေပါသည်။ ဘာကြောင့်ဖြစ်သည်ကို သေချာမသိနိုင်သော်လည်း မိသားစုမျိုးရိုးရှိပါက ပိုမိုဖြစ်နိုင်ချေများပါသည်။ အခြားသူမှတဆင့်မကူးစက်တတ်ပါ။
ကျောက်မီးသွေး (Coal tar) သို့ Salicyclic acid ပါ၀င်သောခေါင်းလျှော်ရည်များကို အသုံးပြုရန် Dr.Piliang က အကြံပေးထားသည်။ မသက်သာပါက ပိုမိုပြင်းထန်သောခေါင်းလျှော်ရည် (သို့) စတီးရွိုက်လိမ်းဆေးများ အသုံးပြုနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ဖို့ လိုပါသည်။
3. ဒက်
မှိုရောဂါတစ်မျိုးဖြစ်ပြီး ဦးရေပြားကို ထိခိုက်စေနိုင်ပါသည်။ ဆံပင်မွေးညှင်းများအတွင်းဝင်ရောက်ခြင်းဖြင့် အကွက်များဖြစ်ပေါ်စေကာ ဆံပင်ကျွတ်နိုင်ပါသည်။ ၎င်းအကွက်များသည် အနည်းငယ်ဖောင်း၍အမဲစက်များရှိပါသည်။
ဦးရေပြားအပေါ်ယံတွင်သာဖြစ်ပါက ဆေးဆိုင်မှမှိုသတ်ဆေးများအသုံခြင်းဖြင့် ပျောက်ကင်းနိုင်သော်လည်း မွှေးညှင်းနုများအတွင်းသို့ ဝင်ရောက်နေပြီဆိုပါက သောက်ဆေးများလိုအပ်ကြောင်း Dr.Piliang က ပြောကြားထားသည်။
4. သန်း
သန်းဟုဆိုလိုက်သည်နှင့် ညစ်ပတ်ပတ်နေတတ်သူများကို ပြေးမြင်တတ်ကြသော်လည်း သန်းသည်မည်သူ့ထံတွင်မဆို ဖြစ်နိုင်ပါသည်။ Dr.Piliang ၏ ပြောကြားချက်အရ သန်းသည် သန့်ရှင်းသောဆံပင်များတွင်ပိုမိုဖြစ်လေ့ရှိခြင်းကြောင့် သန်းရှိပါက တစ်ကိုယ်ရည်သန့်ရှင်းရေးမကောင်းဟုပြော၍မရနိုင်ကြောင်း သိရပါသည်။
သေချာကြည့်ပါက ဆံပင်တွင်သန်းဥများကပ်နေသည်ကိုတွေ့ရပေလိမ့်မည်။ ဗောက်နှင့် အနည်းငယ်ဆင်တူသော်လည်း ဆံပင်တွင်ကော်နှင့်ကပ်ထားသကဲ့သို့ အလွယ်တကူခါချ၍မရပေ။ ဆံပင်များကြားတွင် သန်းများသွားလာနေသည်ကို တွေ့ရနိုင်သော်လည်း သန်းဥများလောက်ရှာဖွေရန်မလွယ်ကူပေ။
Pyrethrin သို့ Permethrin ပါ၀င်သော ပိုးသတ်ခေါင်းလျှော်ရည်များဖြင့်ကုသ၍ ရနိုင်သော်လည်း အညွှန်းအတိုင်းသေချာစွာ လိုက်နာရန်လိုအပ်ကြောင်း သို့မှသာ ပိုမိုထိရောက်မည်ဖြစ်ကြောင်း Dr.Piliong က အကြံပေးထားသည်။
5. ဓာတ်မတည့်မှုများ
မိမိနှင့် ဓာတ်မတည့်သော ဆံပင်ဆိုးဆေးများကြောင့်လည်း ဦးရေပြားယားယံခြင်းမျိုး ကြုံရတတ်ပါသည်။ ထို့ကြောင့် မိမိနှင့်မတည့်သော ဓာတုပစ္စည်းများကိုရှောင်ကြဉ်ခြင်းဖြင့် ဓာတ်မတည့်မှုများမှာ အလိုအလျောက်ပျောက်ကင်းနိုင်ပါသည်။ မည်သည့်အရာနှင့် ဓာတ်မတည့်သည်ကိုသိရှိရန်မှာမူ အရေပြားဆရာဝန်၏ ဓာတ်ခွဲခန်းတွင် အထူးစစ်ဆေးမှုများဖြင့် စစ်ဆေးရန်လိုအပ်ပါသည်။
ဦးရေပြားယားယံခြင်းကို မည်သည့်အချိန်တွင် စိတ်ပူပန်သင့်ပါသနည်း
များသောအားဖြင့် ဦးရေပြားယားယံခြင်းမှာ စိတ်ပူပန်ရန်မလိုအပ်သော်လည်း အခြေအနေပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့်ပြသရန်လိုအပ်ပါသည်။
- ဆေးဆိုင်မှ ခေါင်းလျှော်ရည်များကိုအသုံးပြုသော်လည်း မသက်သာခြင်း
- ခေါင်းယားယံခြင်းကြောင့် လန့်နိုးခြင်းနှင့်အလုပ်များကိုထိခိုက်စေခြင်း
- သန်း (သို့) သန်းဥများကိုတွေ့ခြင်း
- ယားယံသောအကွက်များမှာထိ၍မရအောင်ပင် နာကျင်ခြင်း
သာမန်ဗောက်ထခြင်းဟုထင်သော်လည်း အမြဲတစေဦးရေပြားယားယံနေပါက အရေပြားအထူးကုဆရာဝန်နှင့် ပြသသင့်ပါသည်။ ယားယံခြင်းသက်သာစေရန် မည်သည့်နည်းလမ်းအသုံးပြုသင့်သည်ကို ဆရာဝန်မှညွှန်ကြားပေးပေလိမ့်မည်။
Dr. Thinzar Wynn (www.drmyanmar.com)