၀ိတ်ကျချင်ရင် ပဲစားပါ
၀ိတ်ကျလိုသူတွေအနေနဲ့ အစားအစာကိုပြောင်းလဲစားသောက်စရာမလိုဘဲ ပဲမျိုး၀င်တွေဖြစ်တဲ့ ပဲသီးတောင့်၊ ကုလားပဲ၊ ပဲနီလေး စတဲ့ပဲအမျိုးမျိုးကို နေ့စဉ်ပါ၀င်အောင်စားပေးပါက ၀ိတ်တက်စေခြင်း မရှိကြောင်းကို လေ့လာမှုတစ်ခုအရသိရပါတယ်။ ပဲစားခြင်းဟာ ကြာကြာဗိုက်ပြည့်နေစေတာကြောင့် သွားရေစာတွေစားချင်စိတ်ကိုပျက်ပြယ်စေပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျလိုသူတွေအနေနဲ့ ပဲကိုတစ်နေ့လျှင် 130 ဂရမ် (လက်ဖက်ရည်ပန်းကန်လုံး သုံးပုံတစ်ပုံစာ) မျှ နေ့စဉ်အစားအစာစာရင်းမှာ ထည့်သွင်းစားပေးသင့်တယ်လို့ သုတေသီတွေကတိုက်တွန်းထားပါတယ်။ လေ့လာမှုမှာပါ၀င်တဲ့ အမျိုးသား၊ အမျိုးသမီး 940 ဦးအား ၄င်းတို့အစားအစာထဲမှာ ပဲမျိုးရင်းကိုထည့်ကာစားစေပြီး 6 ပတ်အကြာတွင် ပြန်လည်ဆန်းစစ်ခဲ့ရာ 0.34 ကီလိုဂရမ် (0.75 ပေါင်) ကျသွားကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ပဲစားခြင်းဟာ အစာခံစေတယ်ဆိုတဲ့ ယခင်လေ့လာမှုများရှိထားပြီး သွေးတွင်းရှိမကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တာကြောင့် နှလုံးကျန်းမာရေးကောင်းစေပါတယ်။ ပဲသီးတောင့်၊ ပဲနီလေးကဲ့သို့သော ပဲမျိုး၀င်အစားအစာတွေမှာ Glycaemic ပါ၀င်မှုနည်းတာကြောင့် အင်ဆူလင်ဟော်မုန်းမတက်စေပါဘူး။ Glycaemic ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဖြူစင်အောင် ဖွပ်ထားတဲ့ ဆန်၊ ပေါင်မုန့်နဲ့ ဆီရီယာယ်တွေကိုစားတဲ့အခါ ဆီးချိုသွေးချိုရောဂါ၊ ကိုယ်အလေးချိန်တက်ခြင်း၊ အင်ဆူလင်တအားမြင့်တက်သွားခြင်းကို ဖြစ်စေနိုင်ပါတယ်။






























