ကိုယ်ဝန်လမစေ့ဘဲမွေးဖွားရခြင်းရဲ့အကြောင်းအရင်းများနှင့်လက္ခဏာများ၊ ဘယ်လိုကာကွယ်ကြမလဲ?
>> လမစေ့ဘဲမွေးတယ်ဆိုတာ ဘာလဲ
ကိုယ်ဝန် ၃၇ ပတ်မတိုင်မီမှာ သားအိမ်ကြုံ့ပြီး သားအိမ်ခေါင်းအဝကျယ်လာကာ မွေးဖွားခြင်းကို လမစေ့ဘဲ မွေးတယ်လို့ခေါ်ပါတယ်။ အချိန်အပေါ်မူတည်ပြီး အမျိုးအစားတွေခွဲခြားနိုင်ပါတယ်။
• ကိုယ်ဝန် ၂၈ ပတ်မတိုင်မီ - အလွန်အမင်းလမစေ့
• ၂၈ ပတ် - ၃၂ ပတ် - အလွန်လမစေ့
• ၃၂ ပတ် - ၃၇ ပတ် - အတန်အသင့်လမစေ့
>> လမစေ့ဘဲကလေးမွေးရခြင်းရဲ့အကြောင်းအရင်းတွေကဘာတွေလဲ?
1. အလိုအလျောက်လမစေ့ဘဲမွေးဖွားခြင်း - ဒါကတော့ ဘာမှကြိုတင်စီစဉ်မှုမရှိဘဲနဲ့ ကိုယ်ဝန် ၃၇ ပတ်မတိုင်မီ ကလေးမွေးသွားခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းမှန်ကိုမသိရပေမယ့် ရောဂါပိုးဝင်ခြင်း (သို့) ရောင်ရမ်းခြင်းတွေက ဒါကိုအားပေးပါတယ်။
2. ကျန်းမာရေးအခြေအနေအရလိုအပ်သောကြောင့် လမစေ့ဘဲမွေးရခြင်း - ကိုယ်ဝန်ဆိပ်တက်ခြင်းကဲ့သို့သော အခြေအနေမျိုးမှာ ဆရာဝန်က ဆေးသွင်းပြီး ကိုယ်ဝန်စောစောမွေးစေဖို့ ညွှန်ကြားပါတယ်။ သို့သော်လည်း ဖြစ်နိုင်ရင်တော့ ကိုယ်ဝန်ကို လမစေ့ဘဲမမွေးစေဖို့ တတ်နိုင်သမျှ အချိန်ဆွဲပြီး အခြားကုထုံးတွေနဲ့ထိန်းထားလေ့ရှိပါတယ်။ ဒီလိုအချိန်မှာတော့ မိခင်ရော ကလေးကိုပါ အနီးကပ်စောင့်ကြပ်ကြည့်ရှုထားဖို့လိုပါတယ်။ တကယ်လို့ ကိုယ်ဝန်ကိုဆက်ထိန်းထားလို့မရတော့ဘူး မွေးဖို့လိုအပ်လာပြီဆိုရင်တော့ ကလေးရဲ့ကိုယ်တွင်းအင်္ဂါတွေရင့်သန်ဖို့အတွက် Steroid ဆေးထိုးပေးပြီးမှ မွေးဖွားပေးပါတယ်။
3. ကျန်းမာရေးအခြေအနေကြောင့်မဟုတ်ဘဲ လမစေ့ဘဲမွေးဖွားခြင်း - ဒါကတော့ အရေးပေါ်အခြေအနေမဟုတ်ဘဲနဲ့ ဆေးသွင်းပြီးမွေးဖွားခြင်း (သို့) ခွဲမွေးခြင်းကိုပြောတာပါ။ ဒီလိုမျိုးလမစေ့ဘဲမွေးဖွားခြင်းမျိုးက ပြုလုပ်ဖို့ညွှန်ကြားထားခြင်းမရှိပါဘူး။ လေ့လာမှုတွေအရ ကိုယ်ဝန် ၃၇ ပတ်-၃၈ ပတ်ကြားမှာ ဆေးသွင်းပြီးမွေးဖွားထားတဲ့ကလေးတွေက ၃၉ ပတ်နောက်မှမွေးတဲ့ လစေ့တဲ့ကလေးတွေနဲ့ယှဉ်ရင် ကျန်းမာရေးမကောင်းဘူးလို့တွေ့ရှိရပါတယ်။
လမစေ့ဘဲမွေးဖွားခြင်းက အချိန်မရွေးဖြစ်လာနိုင်ပြီး ပြင်ဆင်ဖို့အချိန်ရချင်မှရပါလိမ့်မယ်။ လစေ့ဘဲမွေးနိုင်ချေတွေကို သိထားဖို့လိုပါတယ်။
>> ဘယ်သူတွေမှာ လမစေ့ဘဲမွေးနိုင်ချေများသလဲ?
အောက်ပါအချက်များမှ တစ်ချက် (သို့) တစ်ချက်ထက်ပိုပြီး ကိုက်ညီမှုရှိပါက လမစေ့ဘဲမွေးဖွားနိုင်ချေများပါတယ်။
• ကိုယ်ဝန်ဆောင်မတိုင်မီက အဝလွန်ခြင်း (သို့) ပိန်လွန်းခြင်း
• ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုစနစ်တကျမရှိခြင်း
• ခန္ဓာကိုယ်ပိုင်းဆိုင်ရာဖိစီးမှုများသောအလုပ်များ
• ကိုယ်ဝန်ဆောင်စဉ် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း
• ဆီးချို၊ သွေးတိုး စသည်တို့ကိုမထိန်းချုပ်နိုင်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း၊ (သို့) သိုင်းရွိုက်ကဲ့သို့သော ရောဂါများမိခင်တွင်ရှိခြင်း
• ကလေးတွင် မွေးရာပါချို့ယွင်းချက်အချို့ရှိခြင်း
• ခန္ဓာကိုယ်ပြင်ပတွင် သနေ္ဓအောင်ထားသောကိုယ်ဝန်များ
• ၂ မွှာနှင့်အထက်ကိုယ်ဝန်များ
• သွေးခဲခြင်းဆိုင်ရာပြသနာများ
• ရေမွှာရေ များလွန်းခြင်း (သို့) နည်းခြင်း
• မွေးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်လမ်းကြောင်းနှင့်မဆိုင်သောပိုးဝင်ခြင်းများ (ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ အဆုတ်ရောင်ရောဂါ၊ အူအတက်ရောင်ခြင်း)
• ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများ
• အရင်က ခွဲမွေးဖူးသောကိုယ်ဝန်များတွင် သားအိမ်ကွဲထွက်သွားခြင်း
• သားအိမ်အသားလုံးခွဲထုတ်ခြင်း
• မျိုးပွားခြင်းနှင့်ဆိုင်သောအင်္ဂါများပုံမမှန်ခြင်း ( သားအိမ်ခေါင်းတိုခြင်း သို့ ကိုယ်ဝန်မွေးခါနီး ၃ လတွင်မှ သားအိမ်ခေါင်းတိုရမယ့်အစား ဒုတိယသုံးလပတ်ကတည်းက သားအိမ်ခေါင်းတိုလာခြင်း)
• အချင်းရှေ့ရောက်ခြင်း
• အရင်က လမစေ့ဘဲမွေးဖူးခြင်း
• နောက်ဆုံးကိုယ်ဝန်ပြီးနောက် ၆ လအတွင်းကိုယ်ဝန်ထပ်ရခြင်း
• အသက် ၁၈ နှစ်အောက်နှင့် ၃၅ နှစ်အထက်အမျိုးသမီးများ
• နေထိုင်မှုနှင့် ပတ်ဝန်းကျင််ဆိုင်ရာအချက်များ
• ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့်ထိတွေ့ခြင်း
• အိမ်တွင်းအကြမ်းဖက်မှုများ၊ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ပတ်ဝန်းကျင်ထောက်ပံ့မှုမရှိခြင်း
ဒီအချက်တွေနဲ့ကိုက်ညီမှုများလေလေ လမစေ့ဘဲမွေးဖွားနိုင်ချေများလေဖြစ်ကာ ဒါဟာ ကလေးအတွက်မကောင်းပါဘူး။
လမစေ့ဘဲမွေးဖွားနိုင်မယ့်လက္ခဏာတွေကိုစောစောသိပြီး ပြသနာတွေကိုအချိန်မီဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင် အထက်ပါနောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ချေကို လျော့ကျစေနိုင်ပါတယ်။
>> လမစေ့ဘဲမွေးဖွားခြင်း၏လက္ခဏာများ
• မွေးလမ်းကြောင်းမှအရည်အဆင်းများခြင်း
• မိန်းမကိုယ်မှဆင်းသောအရည်များပြောင်းလဲခြင်း (အရည်၊ အချွဲ (သို့) သွေးဆင်းခြင်း)
• မိန်းမကိုယ်မှသွေးဆင်းခြင်း (သို့) သွေးနည်းနည်းဆီထွက်ခြင်း
• ဝမ်းဗိုက်အောက်ပိုင်းနာခြင်း
• ဝမ်းလျှောသည်ဖြစ်စေ၊ မလျှောဘဲဖြစ်စေ ဗိုက်ရစ်ပြီးနာခြင်း
• သားအိမ်နေရာတွင် တစ်ခုခုဖိထားသလိုခံစားရခြင်း
• ခါးကိုက်ခြင်း
• ဗိုက်မနာဘဲ သားအိမ်မကြာခဏကြုံ့ခြင်း
• ရေဆင်းခြင်း
သွေးဆင်းခြင်းကဲ့သို့သောလက္ခဏာတွေက ကိုယ်ဝန်ဆောင်တစ်လျှောက်လုံးကြုံလာရတဲ့လက္ခဏာနဲ့တူနိုင်ပါတယ်။ ဒါပေမယ့် လမစေ့ဘဲမွေးချင်လို့ သွေးဆင်းတာက ရေဆင်းခြင်း (သို့) ဗိုက်နာခြင်းတွေနဲ့အတူ ပန်းရောင် (သို့) သွေးရဲရဲတွေဆင်းလာနိုင်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
>> လမစေ့ဘဲမှေးတယျဆိုတာ ဘာလဲ
>> လမစေ့ဘဲမှေးဖှားခွငျး၏လက်ခဏာမြား
Dr. Mya Myo Myo Swe (www.drmyanmar.com)






























