အစာအိမ်ရောဂါပိုး H.Pylori
ယခုခေတ်အခါတွင် အစာအိမ်အနာဖြစ်ပွားရခြင်း၏အကြောင်းတွင် အစာအိမ်ရောဂါပိုး H.Pylori ကြောင့်ဖြစ် ပွားသည်ဟု သိရှိလာကြသည်။ အစာအိမ်ရောဂါပိုးသည် ဖွ့ံဖြိုးပြီးနိုင်ငံများတွင် အသက်အရွယ် အလိုက် ဖြစ်ပွားမှုနှုန်း မြင့်တက်လာပါသည်။ အင်္ဂလန်နိုင်ငံတွင် အသက် ၅၀ နှစ်နှင့် အထက်လူများတွင် ပိုးရှိသည့်နှုန်း ၅၀% ရှိပါသည်။ ဖွ့ံဖြိုးဆဲနိုင်ငံများတွင် ပိုးရှိနှုန်းမှာ များပြားပြီး ကလေးဘ၀တွင်ပင် ရရှိနိုင်ပါသည်။ အူသိမ်အနာ ၉၀% နှင့် အစာအိမ် အနာရှိသော လူနာ ၇၀% တို့သည် အစာအိမ်ရောဂါပိုးကြောင့်ဖြစ်သည်။
လူ၏ အစာအိမ်နံရံတွင် သာမန်မျက်စိဖြင့် မမြင်ရသော အလွန်သေးငယ်သည့် ဗက်တီးရီးယားပိုး တစ်မျိုးဖြစ်သည်။ အစာအိမ်ရောဂါပိုးသည် အစာအိမ်အမြှေးပါးနံရံနှင့်ကပ်လျက် နေထိုင်လျက်ရှိသည်။
အစာအိမ်ရောဂါပိုး (H.Pylori) ကို လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက မံမီအလောင်းကောင် များတွင် တွေ့ရသည်။ အစာအိမ်ရောဂါပိုးကို အတိုကောက်အား H.Pylori ဟု ခေါ်ပြီး နာမည်အပြည့်အစုံမှာ Helicobacter Pylori ဟုခေါ်ပါသည်။
အစာအိမ်ရောဂါပိုးသည် လူ၏အစာအိမ်ထဲတွင်သာ အဓိကနေထိုင်နိုင်ပြီး သိုး၊ ဆိတ်၊ ခွေး၊ ကြောင် များတွင်လည်း တွေ့ရပါသည်။ အစာအိမ်ရောဂါပိုးကို ကမ်ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အသည်းရောင် ဘီပိုး၊ စီပိုး၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးတို့ကဲ့သို့ ကင်ဆာဖြစ်နိုင်သည့် အဆင့် (၁) (class – 1 carcinogen) အဖြစ် သတ်မှတ်ထားပါသည်။
H.Pylori ၏ ရာဇ၀င်
၁၉၈၀ ခုနှစ်မတိုင်မီက အစာအိမ်အနာဖြစ်ပွားရခြင်းမှာ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းတို့၏ ဘ၀နေထိုင်မှု ပုံစံများနှင့် သက်ဆိုင်သလို အခြားသောအကြောင်းခြင်းရာများလည်းရှိကြသည်။ အစာအိမ်အနာကို ဆေးလိပ်သောက် သူများနှင့် စီးပွားရေးမပြည့်စုံသူများတွင် တွေ့ရတတ်ပါသည်။ ထို့ပြင် စိတ်ဖိစီးမှု (Stress) သည်လည်း အစာအိမ်နာ ဖြစ်ရခြင်းအကြောင်းတွင် ပါ၀င်လာသည်။ စိတ်ဖိစီးမှုများသော ဘ၀နေထိုင်မှု (stressful Lifestyle) သည်လည်း အစာ အိမ်အနာဖြစ်ပွားရခြင်းတွင် ပါ၀င်ပတ်သက်လျက်ရှိသည်။
၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် အစွမ်းထက်အက်စစ်ထွက်မှုကို တားဆီးပေးသောဆေးဝါ H2.receptor Antagonist နှင့် ၁၉၇၀ ခုနှစ်နောက်ပိုင်းတွင် Proton Pump Inhibitor (PPI) ပေါ်လာပြီးနောက်တွင် အစာအိမ် အနာသည် ခွဲစိတ်ကုသရန် မလိုတော့ဘဲ အနာကျက်လာသည်ကို တွေ့ရှိရသည်။ သို့ရာတွင် ကုသမှုပြီးသည့်တိုင် ပြန်ဖြစ်သည်ကိုလည်း တွေ့ရသည်။
စတင်တွေ့ရှိပုံ
၁၉၈၃ ခုနှစ်တွင် Dr.J Robin Warren နှင့် Dr.Barry J.Marshall တို့သည် အစာအိမ်တစ်သျှူးများနှင့် ပတ်သက်၍ လေ့လာမှုများပြုလုပ်စဉ်တွင် အစာအိမ်အတွင်းနံရံတွင်း၌ အသက်ရှင်နေထိုင်နိုင်သောဗက်တီးရီးယား တစ်မျိုးကို တွေ့ရှိခဲ့ကြသည်။ ယခင်က အစာအိမ်တွင်းရှိ အက်စစ်ရှိနေသောနေရာတွင် မည်သည့်ဗက်တီးရီးယားမှ ရှင်သန်နေမည်ဟု မထင်ထားကြချေ။
Warren နှင့် Marshall တို့၏ တွေ့ရှိချက်တွင် အစာအိမ်အတွင်း၌ ရောဂါပိုး၀င်ရောက်ပြီး အမြှေးပါးရောင်ရမ်း သည်ကိုလည်း တွေ့ရှိရသည်။ Dr.Marshell ကိုယ်တိုင် ရောဂါကူးစက်ခံစေပြီးနောက် ယင်းဗက်တီးရီးယားကို စမ်းသပ်ကာ ယင်းမှနေ၍ အစာအိမ်ရောင်ခြင်းကို ဖြစ်စေခဲ့သည်။ ထို့ပြင် ပဋိဇီ၀ဆေးဖြင့် ကုသမှုပေးပြီး လုံး၀ပျောက် ကင်းသွားသည်ဟု ပြသနိုင်ခဲ့သည်။ ယင်းရောဂါပိုးကြောင့်ပင် အစာအိမ်ရောင်ရမ်းခြင်း (Gastritis) ဖြစ်စေခဲ့သည်။ မူလက Campylobacter Pylori ဟု အမည်ပေးခဲ့ရာမှ Helicobacter Pylori လို့ အမည်ပြောင်းလဲခေါ်ခဲ့ကြသည်။
လူအများစု ၄၀% ကျော်မျှပင် အစာအိမ်ရောဂါပိုးကူးစက်နေသည်ကို တွေ့ရှိရသည်။ တချို့သူများတွင် မည်သို့မျှ ရောဂါလက္ခဏာမခံစားရဘဲ ၁၀% တို့သည် ရောဂါကူးစက်ပြီး အစာအိမ်အနာသို့ပြောင်းသွားသည်။ ပဋိဇီ၀ဆေး တစ်ပတ်မျှ တိုက်ကျေွးလျှင်ရောဂါပျောက်ကင်းသည်ကိုလည်း သက်သေပြနိုင်ခဲ့ကြသည်။ ထိုသို့ အစာအိမ်ရောဂါပိုး တွေ့ရှိချက်အတွက် ၂၀၀၅ ခုနှစ်တွင် ဆေးပညာနိုဗယ်ဆုကို ရရှိခဲ့ကြသည်။
ရောဂါကူးစက်ပုံ
မသန့်သောရေ၊ မသန့်ရှင်းသော အစားအစာ၊ တံတွေးနှင့် လူမစင်တို့မှတစ်ဆင့် ကူးစက်နိုင်ပါသည်။
1) အသက်အရွယ်ကြီးသူများ။
2) ၀င်ငွေနည်းသော မိသားစုများ။
3) တစ်အိမ်ထဲတွင် လူအများစုပေါင်းနေထိုင်သော မိသားစု။
4) တစ်နေရာထဲတွင် လူအများပေါင်းအိပ်သော မိသားစုများတွင် ရောဂါပိုးကို ပိုမိုတွေ့ရှိရသည်။
တခြားသော အူလမ်းကြောင်းတွင်းရှိ ရောဂါများကဲ့သို့ပင် အစာအိမ်ရောဂါပိုး မကူးစက်စေရန်ကာကွယ်နိုင်ဖို့ ခဲယဉ်းပါသည်။ တစ်ကိုယ်ရေးကျန်းမာရေးနှင့် သန့်ရှင်းရေးသည်လည်း များစွာအရေးကြီးပါသည်။ အစာအိမ် ရောဂါပိုးသည် လူဦးရေ၏ ၄၀% တွင် ကူးစက်ခံနေရသည်ဟု ဆိုသည်။ အသက် ၆၅ နှစ်အထက် လူကြီးများတွင် ပိုမိုကူးစက်လွယ်ပါသည်။
အစာအိမ်ရောဂါပိုးရှင်သန်ပုံ
အစာအိမ်ရောဂါပိုး H.Pylori သည် ယူရီးယားဓာတ်မှ အမိုးနီးယားကိုထုတ်ပြီး ၎င်းပတ်၀န်းကျင်၏ PH ကို မြင့်တက်စေသည်။ အစာအိမ်ရောဂါပိုးသည် အစာအိမ်တွင်ရှိသော မျက်နှာပြင်လွှာအမျိုးအစား တွင်သာ နေထိုင်နိုင်ကြသည်။
ကမ်ဘာ့နိုင်ငံအသီးသီး အသက်အရွယ်အမျိုးမျိုး၊ ဘာသာအမျိုးမျိုး၊ ကျား-မ ကလေးလူကြီးမရွေး အစာအိမ်ရောဂါပိုးကို တွေ့ရှိရပါသည်။ လက်နှင့်နယ်ထားသော အစားအစာများ၊ ယင်နားစာများ၊ မသန့်ရှင်းသော အစားအစာများ၊ လမ်းဘေး အစားအစာများ၊ ချဉ်ဖတ်များတွင် အစာအိမ်ရောဂါပိုး ပိုမိုတွေ့ရှိရပါသည်။ လက်ဖက်ရည်ကြမ်း (green tea)၊ ၀ိုင်အနီ (red wine)၊ လတ်ဆတ်သော ဒိန်ချဉ်တို့သည် အစာအိမ်ရောဂါပိုး ပြန့်ပွားခြင်းကို တားဆီးနိုင်ပါသည်။
အစာအိမ်ရောဂါပိုးကြောင့်ဖြစ်တတ်သည့် ရောဂါများ
1) အူသိမ်အူပိုင်းအနာ (Duodenal ulcer) 90%
2) အစာအိမ်အမြှေးပါးရောင်ခြင်း (Gastritis) 70%
3) အစာအိမ်နာ (Gastric ulcer) 70%
4) အစာမကြေရောဂါ (Non-ulcer Dyspepsia) 30%
5) သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ (IDA) 30%
6) အစာအိမ်ကင်ဆာ (0.1 – 3%)
7) သွေးမွှားဥအားနည်းရောဂါ (ITP)
8) H.Pylori ပိုးကြောင့်ဖြစ်သည့် အစာအိမ်ရောင်ခြင်းမှ အစာအိမ်ကျုံ့သွားခြင်းနှင့် အစာအိမ်အက်စစ်အထွက်နည်းခြင်း (1%)
အစာအိမ်ရောဂါပိုးကူးစက်ခံရပြီးနောက် ပြောင်းလဲပုံ
လူများတွင် အစာအိမ်ရောဂါပိုးကူးစက်ခံရပြီး နောက်တွင် တစ်သက်လုံးမည်သည့်ရောဂါလက္ခဏာကိုမျှ မခံ စားရဖူးသူများလည်းရှိကြသည်။ ကူးစက်ခံရသူများအနက် 10% သည် အစာအိမ်အနာဖြစ်လာသည်။ ထိုသို့ အစာအိမ် အနာဖြစ်စဉ်ကလည်း ရှုပ်ထွေးပါသည်။ တချို့သော အစာအိမ်ရောဂါပိုးကူးစက်ခံရသူတချို့တွင် အစာအိမ်အနာ မဟုတ်သော အစာမကြေခြင်းရောဂါများ ဖြစ်တတ်ပါသေးသည်။ အစာအိမ်ရောဂါပိုးကြောင့် ရင်ပူခြင်းနှင့် အစာအိမ် စားချဥ့်ပြန်ေ၀ဒနာများ ခံရလေ့မရှိတတ်ပါ။ နောက်ဆုံး အစာအိမ်ရောဂါပိုးကြောင့် အစာအိမ်ကင်ဆာနှင့် ဆက်နွှယ်မှု ရှိသည်ဟုဆိုပါသည်။
သို့အတွက် အစာအိမ်ရောဂါပိုးသည် အစာအိမ်တွင်းရောက်ရှိသောအခါ ကျန်းမာနေသော အစာအိမ်အမြှေး လွှာသည် ရုတ်တရက် အစာအိမ်ရောင်ရမ်းနာ (Acute Gastritis) ဖြစ်လာသည်။ သို့မှတစ်ဆင့် နာတာရှည် အစာအိမ် ရောင်ရမ်းနာ (Chronic Active Gastritis) သို့ ပြောင်းလဲသွားသည်။ ဆက်လက်ပြီး အစာအိမ် အမြှေးလွှာဆဲလ်များ ကင်ဆာရောဂါအဆင့်ဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည် (Gastritis with atrophy – Dysplasia)။ အစာအိမ်ကင်ဆာ ကနဦးအဆင့် အချိန်မီ (ခွဲစိတ်) ကုသ၍ ရပါသေးသည် (Early Gastric Cancer)။ ထိုအဆင့်လွန်သော် အချိန်မီ မသိရ၊ မကုသရ၍ ရောဂါကျွမ်းသွားသည့် အစာအိမ်ကင်ဆာ (Advanced Gastric Cancer) ဖြစ်သည်။
အစာအိမ်ရောဂါပိုး ကူးစက်ခံရပြီးသူသည် ကုသမှုမခံယူပါက ရောဂါပိုးမှာ တစ်သက်လုံးရှိနေမည်ဖြစ်ပြီး အခြားသူများကို ကူးစက်နိုင်ခြင်း၊ ရောဂါဆင့်ကဲဖြစ်စဉ်များ ဖြစ်နိုင်ခြင်းရှိသည်။
လူအများစုတွင် ရောဂါပိုးကူးစက်သော်လည်း မည်သည့်လက္ခဏာမျှ မပြတတ်ပါ။
အစာအိမ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးသင့်သူများ
1) အစာမကြောရောဂါရှိသူများ
2) အစာအိမ်နှင့် အူသိမ်အနာရှိသူများ
3) အစာအိမ်ကင်ဆာဟု သံသယရှိသူများ
4) အစာအိမ်ကင်ဆာလူနာ၏ မိသားစုနှင့် ဆွေမျိုးများ
5) သွေးအားနည်းရောဂါရှိသူများ
6) သွေးမွှားဥနည်းသည့် လူနာများ
အစာအိမ်ရောဂါပိုး (H.Pylori) စစ်ဆေးနိုင်သည့်နည်းလမ်းများ
1) အစာအိမ်မှန်ပြောင်းကြည့်ရှုပြီး ပိုးမွေးခြင်း၊ အသားစ စစ်ဆေးခြင်း။
2) Urea Breath Test
3) Fecal Antigen Test
4) Urine Antigen Test
5) Saliva Antigen Test တို့ဖြင့် ရှာဖွေနိုင်သည်။
သွေးဖောက်ပြီး အစာအိမ်ရောဂါ ရှိ၊ မရှိ ရှာဖွေခြင်း (H.Pylori Serology Test) မှာ မှန်ကန်မှုနည်းသည့်နည်း လမ်းဖြစ်သဖြင့် စစ်ဆေးရန်အကြံမပြုလိုပါ။
အစာအိမ်ရောဂါပိုး (H.Pylori) ကုသနိုင်သည့် နည်းလမ်းများ
အစာအိမ်ဆေးနှင့် ပိုးသတ်ဆေး (၂)မျိုးတွဲ၍ အနည်းဆုံး တစ်ပတ်သောက်ရမည် (သို့) ဆရာ၀န် ညွှန်ကြား ချက်အတိုင်း သောက်ရမည်။
အစာအိမ်ရောဂါပိုး (H.Pylori) ပျောက်ကင်းနိုင်သည့် အနေအထား
- ကျွမ်းကျင်သော ဆရာ၀န်ညွှန်ကြားသည့်ဆေးများကို အတိအကျ ရက်ပျက်မရှိ သောက်သုံးပါက ပိုးပျောက်ကင်းရန် နှုန်း (၈၀ - ၉၀%) အထိရှိပါသည်။
- ဆေးသောက်ပြီးပါက အစာအိမ်ရောဂါပိုးများကျန်ရှိနေသည်၊ မနေသည်ကို ပြန်လည်စစ်ဆေးရန် အရေးကြီးပါသည်။ ပိုးသတ်ဆေးသောက်ပြီး (၁) လ အကြာတွင် ပြန်စစ်ဆေးသင့်သည်။
- ပြန်လည် စစ်ဆေးရန် နည်း (၂) မျိုးမှာ Urea Breath Test (သို့) OGA with H.Pylori Test တို့ ဖြစ်သည်။
- အစာအိမ်ရောဂါပိုးသတ်ဆေးကို တတ်ကျွမ်းနားလည်သည့် ဆရာ၀န်၏ ညွှန်ကြားချက်မပါဘဲ မိမိသဘော (သို့) ဆေးဆိုင်မှ ညွှန်ကြားချက်အတိုင်း လုံး၀မသောက်ရပါ။ ဆေးယဉ်သွားလျှင် ကုသရခက်သွားတတ်သည်။
အစာအိမ်ရောဂါပိုး (H.Pylori) ပြန်၀င်နိုင်သည့်အခြေအနေ
အစာအိမ်ရောဂါပိုးသတ်ဆေး သောက်ပြီးသည့် လူနာများ၏ ၃% နှုန်းမှာ ပိုးပြန်လည်တွေ့ရှိနိုင်ပါသည်။ ၅-၁၀% မှာ တခြားလူနာများမှတစ်ဆင့် ရောဂါပိုး ပြန်လည်ကူးစက်နိုင်ပါသည်။
အစာအိမ်ရောဂါပိုး (H.Pylori) ကုသခြင်း၏ အကျိုးကျေးဇူး
အသည်းရောင်စီပိုး၊ အသည်းရောင်ဘီပိုး၊ HIV ပိုးတို့ထက် အစာအိမ်ရောဂါပိုး (H.Pylori) သည် ကူးစက်လွယ်ပြီး ပိုမိုအဖြစ်များသော်လည်း အချိန်တိုတွင်း ငွေကုန်ကျမှု သက်သာစွာဖြင့် အမြစ်ပြတ်ကုသနိုင်ပါသည်။
အချိန်တိုအတွင်း ညွှန်ကြားချက်အတိုင်း ကုသရုံဖြင့် နောက်ဆက်တွဲ အစာအိမ်အနာ၊ အူသိမ်အနာ၊ အစာအိမ် ရောင်ခြင်း၊ အစာမကြေခြင်းနှင့် အစာအိမ်ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သည်။
မိမိမှတစ်ဆင့် အခြားသူများကို အစာအိမ်ရောဂါပိုးကူးစက်ခြင်းကို ကာကွယ်ပေးပါသည်။
လူနာများလိုက်နာရန်အချက်များ
1) ဆေးလိပ်၊ ကွမ်း၊ အရက် ရှောင်ကြဉ်ရမည်။
2) အစာအိမ်ပိုးသတ်ဆေးဖြင့် ကုသမှုခံယူစဉ် ရက်ပျက်မရှိရပါ။
3) အတူနေအိမ်သားများ အစာအိမ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပါ။
ကြိုတင်ကာကွယ်ရေး
- ယနေ့အချိန်ထိ အစာအိမ်ရောဂါပိုးကာကွယ်ဆေး (Vaccine) မှာ လေ့လာမှုအဆင့်သာရှိပြီး အသုံးမပြုနိုင်သေးပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေးကို အလေးထားဂရုစိုက်ခြင်း၊ အစာမစားခင်လက်ကို စင်ကြယ်အောင်ဆေး၊ ခြင်၊ ယင်နား စာများမစားခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
Credit: ဒေါက်တာမီမီကို
ဇီ၀က (ကျန်းမာရေး၊ အလှအပ၊ သုတ၊ ရသ) မဂ္ဂဇင်း
No- 248, September, 2015






























