အဖြစ်များတဲ့သွားပြဿနာများ
သွားနဲ့ပတ်သက်တဲ့ရောဂါတွေက အမြဲစိတ်ညစ်ဖို့ကောင်းတယ်ဆိုပေမယ့် ကောင်းတာတစ်ခုကတော့ သွားနဲ့ဆိုင်တဲ့ရောဂါ တော်တော်များများက ကာကွယ်လို့ရပါတယ်။ တစ်နေ့ သွားနှစ်ကြိမ်တိုက်တာ၊ နေ့တိုင်း သွားသန့်ရှင်းအောင်ထားတာ၊ သင့်တင့်စွာ စားသုံးတာ၊ ပုံမှန်သွားကို စစ်ဆေးတာတွေက သွားပြဿနာတွေကို ကာကွယ်တဲ့နေရာမှာ အရေးပါတဲ့အဆင့်တွေပဲ ဖြစ်ပါတယ်။
အတွေ့များတဲ့သွားပြဿနာတွေနဲ့ ဖြစ်စေတဲ့အကြောင်းတွေကို သိအောင်လေ့လာထားတာဟာ ကာကွယ်တဲ့နေရာမှာ သက်ရောက်မှု အများကြီး ရှိပါတယ်။ အောက်ကအချက်တွေကတော့ အတွေ့များတဲ့ သွားဘက်ဆိုင်ရာရောဂါတွေပါပဲ။
၁။ ခံတွင်းအနံ့ဆိုးခြင်း
ခံတွင်းအနံ့ဆိုးတာက လူများအကြားမှာ ရှက်ဖို့ကောင်းတဲ့အရာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အမြဲခံတွင်းနံ့ဆိုးနေသူထဲက ၈၅ ရာခိုင်နှုန်းမှာ သွားနဲ့ဆိုင်တဲ့ပြဿနာတစ်ခု ရှိနေတတ်ပါတယ်။ သွားဖုံးရောဂါတွေ၊ သွားပိုးပေါက်တွေ၊ ပါးစပ်ကင်ဆာ၊ ပါးစပ်ခြောက်သွေ့တာနဲ့ လျှာပေါ်က ဘက်တီးရီးယားပိုးတွေက ခံတွင်းအနံ့ဆိုးစေတဲ့ အချို့သောအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ပါးစပ်ဆေးရည်သုံးပြီး ခံတွင်းအနံ့ကို ဖုံးတာက ခဏတာပဲ ပျောက်စေပြီး သွားရောဂါရှိနေရင်တော့ ဘယ်လိုလုပ်လုပ် အနံ့ဆိုးက ပျောက်ကင်းမှာ မဟုတ်ပါဘူး။ အကယ်၍ ခံတွင်းနံ့က အမြဲဆိုးနေမယ်ဆိုရင်တော့ သွားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
၂။ သွားပိုးပေါက်ဖြစ်ခြင်း
သွားပိုးပေါက်ဖြစ်ခြင်းက အမေရိကန်နိုင်ငံမှာ အအေးမိတာပြီးရင် ဒုတိယအဖြစ်များဆုံး ဖြစ်ပါတယ်။ သွားမှာကပ်နေတတ်တဲ့ အစာဖတ်က စားလိုက်တဲ့အစာမှာရှိတဲ့ သကြားဓာတ်၊ ဒါမှမဟုတ် ကစီဓာတ်နဲ့ ပေါင်းတဲ့အခါမှာ သွားပိုးစားတာကို ဖြစ်စေပါတယ်။ ဒီလိုပေါင်းစပ်တာက သွားကြွေလွှာကို ပျက်စီးစေတဲ့ အက်စစ်ကို ဖြစ်ပေါ်စေပါတယ်။
ကလေးတွေမှာမှ သွားပိုးစားတာမဟုတ်ဘဲ အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သွားကြွေလွှာတွေ ပျက်စီးလာပြီး သွားပိုးပေါက်တွေ ဖြစ်စေနိုင်ပါတယ်။ ပါးစပ်ခြောက်သွေ့တာကလည်း သွားပိုးပေါက်ကို ဖြစ်စေနိုင်တဲ့ထဲ ပါပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာတွေ စားပြီး သကြားဓာတ်များတဲ့ သရေစာတွေ၊ အချိုရည်တွေကို ရှောင်ကြဉ်တာက သွားပိုးစားတာကို ကာကွယ်နိုင်ပါတယ်။ သွားဆရာဝန်နဲ့တိုင်ပင်ပြီးတော့ နောက်ထပ် သွားပိုးစားနိုင်တဲ့အကြောင်းတွေကို ရှာဖွေကာကွယ်ကုသပေးလို့ ရပါတယ်။
၃။ သွားဖုံးရောဂါ
သွားဖုံးရောဂါဆိုတာ သွားပတ်လည်မှာရှိတဲ့သွားဖုံးထဲကို ပိုးဝင်တာကို ဆိုလိုပါတယ်။ လူကြီးတွေမှာ သွားကျွတ်စေတဲ့ အကြောင်းရင်းထဲကတစ်ခုလည်း ဖြစ်ပါတယ်။ အချို့သောလေ့လာမှုတွေမှာတော့ နှလုံးရောဂါနဲ့ သွားဖုံးရောဂါကြားမှာ ဆက်စပ်မှုရှိတယ်လို့ ပြောထားကြတာကို တွေ့ရပါတယ်။
လူတိုင်းမှာ သွားဖုံးရောဂါ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက် ၃၀ ကျော်မှာ ပိုအဖြစ်များပါတယ်။ ဆေးလိပ်သောက်တာက သွားဖုံးရောဂါ အဖြစ်စေနိုင်ဆုံးသောအချက် ဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ ပါးစပ်ခြောက်တာကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ သွားဖုံးရောဂါရဲ့ လက္ခဏာတွေကတော့ ခံတွင်းအနံ့ဆိုးတာ၊ သွားဖုံးနီရဲပြီး ရောင်ရမ်းနေတာ၊ သွားဖုံးသွေးထွက်နေတာ၊ သွားကျဉ်တာ၊ ဝါးလိုက်မိရင် နာကျင်တာတွေ ဖြစ်ပါတယ်။ သွားဖုံးရောဂါရဲ့ အဓိကဖြစ်စဉ်နှစ်ခုကတော့ သွားဖုံးရောင်ရမ်းတာနဲ့ သွားဖုံးတွင်းပိုးဝင်တာပဲ ဖြစ်ပါတယ်။ သွားသန့်ရှင်းရေးကို နေ့တိုင်းလုပ်ပြီး တစ်နေ့နှစ်ကြိမ် သွားတိုက်ကာ ပုံမှန်သွားကို စစ်ဆေးမယ်ဆိုရင်တော့ သွားဖုံးရောဂါဖြစ်တာကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၄။ ခံတွင်းကင်ဆာ
ခံတွင်းကင်ဆာဆိုတာ လူသန်းပေါင်းများစွာဖြစ်နေတဲ့ ပြင်းထန်ပြီး အသက်ကို ဆုံးရှုံးစေတဲ့ရောဂါ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ခံတွင်းကင်ဆာကြောင့် တစ်နာရီတိုင်းမှာ လူတစ်ယောက် သေဆုံးနေတယ်လို့ ခံတွင်းကင်ဆာဖောင်ဒေးရှင်းက ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ စောစောသိရင်တော့ ထိထိရောက်ရောက် ကုသနိုင်ပါတယ်။ ခံတွင်းကင်ဆာဟာ အသက် ၄၀ ကျော်လူတွေမှာ အတွေ့များလာပါတယ်။
အဖြစ်စေဆုံးအရာတွေကတော့ ဆေးရွက်ကြီးဝါးတာအပြင် ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံခြင်းက ကူးစက်တတ်တဲ့ ကြွက်နို့ဗိုင်းရပ်စ်ကလည်း ဖြစ်စေပါတယ်။
လက္ခဏာတွေကတော့ လည်ချောင်းနာတာ၊ အလုံးအကြိတ်တွေထွက်လာတာနဲ့ ပါးစပ်မှာ ကြမ်းတမ်းတဲ့နေရာတွေ ဖြစ်လာတာတွေ ဖြစ်ပါတယ်။
သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပြသတာက ပါးစပ်ကင်ဆာဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
၅။ ပါးစပ်အနာဖြစ်ခြင်း
ပါးစပ်အနာတွေက အမျိုးအစားတွေ အများကြီးရှိပြီး လူကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ တကယ်လို့ ပါးစပ်အနာတစ်ခုက နှစ်ပတ်အတွင်းမှာ ပျောက်ကင်းသွားရင်တော့ စိတ်ပူစရာမလိုပါဘူး။ အတွေ့များတဲ့အနာကတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ပါးစပ်အနာဖြစ်ပြီး နှုတ်ခမ်းပေါ်မှာမဖြစ်ဘဲ ပါးစပ်အတွင်းထဲမှာ ဖြစ်ပါတယ်။ ဒီအနာတွေက မကူးစက်နိုင်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ်ပြီး နှစ်ပတ်အတွင်း မပျောက်မှသာ စိုးရိမ်ရမှာ ဖြစ်ပါတယ်။
ရေယုန်လေးတွေကတော့ Herpes လို့ခေါ်တဲ့ ရေယုန်ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။ နှုတ်ခမ်းတွေရဲ့ထောင့်စွန်းတွေမှာ ဖြစ်တတ်ပြီးတော့ ကူးစက်တတ်ပါတယ်။ ပါးစပ်မှိုစွဲတာကြောင့်လည်း ပါးစပ်အနာတွေ ဖြစ်နိုင်ပါတယ်။ မှိုဆွဲတာဟာ မွေးကင်းစကလေးတွေ၊ အံကပ်ဝတ်တဲ့သူတွေ၊ ဆီးချိုရှိတဲ့သူတွေနဲ့ ကင်ဆာရောဂါ ကုသမှုခံယူနေချိန်အတွင်းမှာ ဖြစ်တတ်ပါတယ်။
၆။ သွားပိုးစားခြင်း
သွားပိုးစားတာက သွားတည်ဆောက်မှု ပျက်စီးတာကြောင့်ဖြစ်ပြီး သွားကြွေလွှာကို ဖျက်ဆီးတဲ့ အက်စစ်ကြောင့် ဖြစ်စေပါတယ်။ လက္ခဏာတွေကတော့ သွားကျဉ်တာကနေစပြီး သွားအက်ကွဲတာအထိ ဖြစ်နိုင်ပါတယ်။ သွားပိုးစားခြင်းဟာ တကယ်တော့ လူတွေထင်တာထက်ပိုပြီး ဖြစ်လွယ်သလို လွယ်ကူစွာလည်း ကာကွယ်နိုင်ပါတယ်။
၇။ သွားကျဉ်ခြင်း
သွားကျဉ်ခြင်းက လူသန်းပေါင်းများစွာမှာ ဖြစ်နေတဲ့ အတွေ့များတဲ့ပြဿနာတစ်ခု ဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ သွားကျဉ်တယ်ဆိုတာ အချိုတွေ၊ လေအေး၊ ပူတဲ့အရည်တွေ၊ အအေးတွေ၊ ရေခဲမုန့်နဲ့ သွားကိုထိမိတဲ့အခါ နာကျင်မှု ခံစားရတာ ဖြစ်ပါတယ်။ အချို့လူတွေမှာဆိုရင် သွားတိုက်နေချိန်မှာတောင်မှ သွားကျဉ်တာကို ခံစားရပါတယ်။ ကောင်းတဲ့အချက်ကတော့ သွားကျဉ်တာဟာ ကုသနိုင်ပါတယ်။
သွားကျဉ်ခြင်းက သွားအက်ကွဲနေတာ ဒါမှမဟုတ် သွားပြည်တည်တာရဲ့ လက္ခဏာလည်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြစ်နေပြီဆိုရင်တော့ သွားဆရာဝန်နဲ့ ပြသကုသမှသာ သွားကျွတ်တာ၊ မေးရိုးထဲကို ပိုးဝင်တာကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
၈။ သွားကိုက်ခြင်းနဲ့ အရေးပေါ်သွားပြဿနာများ
တော်တော်များများ သွားကိုက်တာနဲ့ အရေးပေါ်သွားပြဿနာတွေက သွားဆရာဝန်နဲ့ ပုံမှန်ပြသခြင်းဖြင့် အလွယ်တကူ ကာကွယ်နိုင်ပါတယ်။ အရေးပေါ်သွားပြဿနာရှိတာက အလွန်နာကျင်စေနိုင်ပြီး ကြောက်စရာကောင်းပါတယ်။ သွားဆရာဝန်နဲ့ အရေးပေါ်ပြသရမယ့်ပြဿနာတွေကတော့ သွားအက်ကွဲတာ၊ သွားကျွတ်တာ၊ သွားပြည်တည်တာ၊ မတော်တဆ သွားကျွတ်ထွက်တာတွေ ပါဝင်ပါတယ်။
အကယ်၍ မေးရိုးကျိုးတာ၊ မေးရိုးလွဲတာ၊ လျှာ၊ နှုတ်ခမ်း၊ ပါးစပ်တွေမှာ အပြင်းအထန် ပြတ်ရှတာတွေ ဖြစ်ရင်တော့ အရေးပေါ်ဌာနကို အမြန်သွားပြသင့်ပါတယ်။ မျိုရခက်ပြီး သွားပြည်တည်နေတာ၊ မျက်နှာရောင်ပြီး ဖျားနေတာတွေ ဖြစ်နေရင်လည်း ဆေးရုံကို အမြန်သွားပြသင့်ပါတယ်။
၉။ ဆွဲဆောင်မှုမရှိသောအပြုံး
ဆွဲဆောင်မှုမရှိတဲ့အပြုံးက သွားနဲ့ဆိုင်တဲ့ပြဿနာမဟုတ်ပေမယ့် လူတွေကတော့ သွားဆရာဝန်နဲ့ပြသပြီး ကုသဖို့ လုပ်နေတာပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုမရှိတဲ့အပြုံးက လူတစ်ယောက်ရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုကို လျော့နည်းစေပါတယ်။ ကံကောင်းစွာပဲ ယနေ့ခေတ်ရဲ့ နည်းပညာနဲ့ဖွံ့ဖြိုးမှုတွေကြောင့် လူတိုင်းဟာ လှပတဲ့အပြုံးကို ပိုင်ဆိုင်နိုင်ကြပြီဖြစ်ပါတယ်။ သွားကို ဖြူအောင်လုပ်တာ၊ သွားစိုက်တာ၊ အခြားသောအလှအပဆိုင်ရာ သွားနဲ့ပတ်သက်တဲ့အလုပ်တွေကို သွားဆရာဝန်နဲ့တိုင်ပင်ပြီး လုပ်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ကျန်းမာသန့်ရှင်းသောခံတွင်း၊ လှပညီညာသောသွားလေးတွေကို ပိုင်ဆိုင်ချင်ရင်တော့ သွားကျန်းမာရေးကို ပုံမှန်အလေးထားဆောင်ရွက်ပြီး လိုအပ်ပါက သွားဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ကြောင်း အကြံပြုလိုက်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























