/
node/10319

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့ သိထားသင့်တဲ့ ကိုဗစ်-၁၉

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

လတ်တလော ကိုယ်ဝန်ဆောင်နေတာပဲဖြစ်ဖြစ်၊ ကလေးမွေးထားတာပဲဖြစ်ဖြစ်၊ နို့တိုက်နေတာပဲဖြစ်ဖြစ် မေမေတို့ဟာ ကိုယ့်ကလေးအတွက် စိတ်ပူနေကြမှာပါပဲ။

>>  ကိုယ်ဝန်ဆောင်ချိန်မှာ ကိုဗစ်-၁၉ ကူးစက်နိုင်ခြေ ဘယ်လောက်ရှိသလဲ?
ဗဟိုရောဂါထိန်းချုပ်ရေးအဖွဲ့အစည်းရဲ့ အဆိုအရဆိုရင် ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကိုယ်ဝန်မဆောင်ထားသူတွေထက်စာရင် အထူးကြပ်မတ်ကုသမှု လိုလောက်သည်အထိ အရေးပေါ်အခြေအနေ ဖြစ်နိုင်ခြေ ပိုများပါတယ်။
ကိုယ်ဝန်ဆောင်ချိန် ကိုဗစ်-၁၉ ဆိုးဆိုးရွားရွား ကူးစက်ခံရနိုင်ခြေရှိသူတွေကတော့ သက်ကြီးကိုယ်ဝန်တွေ၊ ကိုယ်အလေးချိန်များသူတွေ၊ နဂိုဆီးချို၊သွေးတိုးအခံရှိသူတွေပါပဲ။
ကိုယ်ဝန်ဆောင်ချိန် ကိုဗစ်-၁၉ ကြောင့် ဘယ်လိုပြဿနာတွေဖြစ်မယ်၊ မွေးပြီးနောက်ကလေးပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိမယ်ဆိုတာကတော့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အချို့လေ့လာမှုတွေအရတော့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ လမပြည့်ဘဲ ကလေးစောစောမွေးနိုင်ပြီး မွေးကင်းစကလေးငယ်တွေဟာလည်း ကလေးဆောင်မှာ တက်ရဖို့များတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ လက္ခဏာတွေရှိနေရင်ပဲဖြစ်ဖြစ်၊ ကိုဗစ်-၁၉ လက္ခဏာရှိသူနဲ့ ထိတွေ့မိရင်ပဲဖြစ်ဖြစ် ကျန်းမာရေးဝန်ထမ်းနဲ့ ဆက်သွယ်ပါ။ ပိုးကူးစက်မှု ရှိ၊ မရှိကို စမ်းသပ်စစ်ဆေးကြည့်ဖို့ လိုပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ရောဂါလက္ခဏာတွေ သက်သာအောင်သာ အဓိက ကုသရတာဖြစ်ပြီး ရေများများသောက်၊ အနားကောင်းကောင်းယူ၊ အဖျားကျအောင်၊ နာတာကျင်တာ သက်သာအောင်၊ ကိုက်ခဲတာ သက်သာအောင် ဆေးသောက် စတာတွေလောက်သာ ကုသရပါတယ်။ အရမ်းဖျားနေရင်တော့ ဆေးရုံ တက်ဖို့လိုပါတယ်။

Obimin 1

>>  ကိုယ်ဝန်ဆောင်ချိန် ရက်ချိန်းပြသမှုပေါ် ကိုဗစ်-၁၉ က ဒီလိုအကျိုးသက်ရောက်မှု ရှိပါတယ်။
လူထုထဲ ကိုဗစ်-၁၉ ပျံ့နှံ့မှုကို ထိန်းချုပ်နည်းလမ်းတွေကြောင့် ကိုယ်ဝန်ဆောင် ရက်ချိန်းသွားပြဖို့ အခက်အခဲဖြစ်နေမှာပါ။ ဒါကြောင့် လူချင်းမတွေ့ဘဲ ကိုယ်ဝန်ပြလို့ ရ မရ၊ သွေးပေါင်တိုင်းစက်လိုမျိုး အိမ်မှာဆောင်ထားလို့ရတဲ့စက် ရှိ မရှိ၊ ဒီလို လူချင်းမတွေ့ဘဲ ပြသတဲ့အခါမျိုးမှာလည်း မေးရမယ့်မေးခွန်းတွေကို သေချာရေးချထားပြီး ပြနေတုန်း ပြောသမျှကို သေချာရေးမှတ်ထားဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ သတိထားရမယ့် အခြေအနေတစ်ခုခု ရှိနေရင်တော့ ဆရာဝန်ကို ဘယ်လိုပြရမယ်ဆိုတာ မေးမြန်းဖို့ လိုပါတယ်။

>>  ကလေးမွေးတဲ့အခါ
ကလေးမွေးခါနီးအထိ ကျန်းကျန်းမာမာတုန်းပဲဆိုရင် ပုံမှန်မွေးရိုးမွေးစဉ်အတိုင်း မွေးနိုင်ပါတယ်။
ကလေးကိုခွဲမွေးဖို့ ဒါမှမဟုတ် သားအိမ်ပွင့်ဆေးထည့်မွေးဖို့ အစီအစဉ်ရှိတယ်ဆိုရင်တော့ အဖော်လူနာစောင့်တစ်ယောက်တော့ လိုမှာပါ။ ရောဂါလက္ခဏာရှိတာပဲဖြစ်ဖြစ်၊ ကိုဗစ်-၁၉ ပိုးတွေ့တာပဲဖြစ်ဖြစ် ခွဲမွေးဖို့၊ သားအိမ်ပွင့်ဆေးထည့်ဖို့ နှောင့်နှေးသွားစေမှာပါ။
ကလေးရော အမေရော ကျန်းမာရေးအတွက် လူနာစောင့်အရေအတွက်ကို လျှော့ချဖို့လိုပါတယ်။ ဆေးရုံတက်နေစဉ်မှာလည်း လူနာရော၊ လူနာစောင့်ပါ ရောဂါလက္ခဏာ ရှိ၊ မရှိကို အမြဲစောင့်ကြည့်နေဖို့ လိုပါတယ်။
ကိုဗစ်-၁၉ ရှိနေတာပဲဖြစ်ဖြစ်၊ ရောဂါလက္ခဏာရှိလို့ အဖြေစောင့်နေတာပဲဖြစ်ဖြစ် ကလေးကိုကြည့်တဲ့အချိန်မှာ လက်ဆေးဖို့နဲ့ နှာခေါင်းစည်းတပ်ဖို့ လိုပါတယ်။ ကလေးပုခက်ကိုမေမေ့အိပ်ရာနားမှာထားလို့ရပေမယ့် သင့်တင့်တဲ့ အကွာအဝေးတော့ရှိဖို့ လိုပါတယ်။ ဒီလိုနည်းလမ်းတွေကိုသာ လိုက်နာမယ်ဆိုရင် ကလေးကို ပိုးကူးစက်နိုင်ခြေ အင်မတန်နည်းပါတယ်။ လေ့လာမှုတွေအရ ကလေးမွေးခါနီးမှ ကိုဗစ်-၁၉ ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်တွေရဲ့ မွေးကင်းစကလေး ၂-၅% လောက်ကသာ မွေးပြီး နောက်တစ်နေ့မှာ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ကိုဗစ်-၁၉ ကူးစက်ပြီး ဆိုးဆိုးရွားရွား နေမကောင်းဖြစ်နေတယ် ဆိုရင်တော့ ကလေးနဲ့ ခဏတဖြုတ် ခွဲနေသင့်ပါတယ်။

>>  ကလေးမွေးပြီးချိန်
ကလေးမွေးပြီးနောက် ကလေးကို လူကိုယ်တိုင် မပြရမယ့်အချိန်၊ ပြရမယ့်အချိန် ရက်ချိန်းကို သေချာယူပါ။
ဒီလိုအချိန်မှာ ကိုယ်ကိုယ်တိုင်အတွက်ရော၊ ကလေးအတွက်ပါ စိတ်ပူပန်သောက ပိုများနေမှာပါ။ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ လူမှုကွန်ရက်တွေ၊ ဖုန်းတွေနဲ့ စကားပြောဆို တိုင်ပင်ပါ။
ကလေးမွေးပြီး မကြာခင်မှာပဲ စိတ်အတက်အကျ မြန်နေတယ်၊ အစားအသောက်ပျက်တယ်၊ အရမ်းကြီးကို နုန်းနေတယ်၊ လောကကြီးကို စိတ်ကုန်နေတယ်ဆိုရင် မီးတွင်းစိတိကျရောဂါ ဖြစ်နိုင်ပါတယ်။ ဒီလိုလက္ခဏာတွေ ခံစားနေရပြီး မပျောက်သွားရင်၊ ကလေးတောင် မထိန်းနိုင်တော့ရင်၊ နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေ မလုပ်နိုင်တော့ရင် ကိုယ့်ကိုယ်ကို၊ ကလေးကို ဘေးဖြစ်စေနိုင်တဲ့ အခြေအနေမျိုးရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Obimin 2

>>  ကလေးနို့တိုက်တာနဲ့ ပတ်သက်ပြီး
ကိုဗစ်-၁၉ ဟာ မိခင်နို့ကနေတစ်ဆင့် ကူး၊ မကူးတော့ သေချာ အတိအကျ မသိရသေးပါဘူး။ လေ့လာမှုတချို့အရတော့ မိခင်နို့ထဲ ပိုးမတွေ့ရဘူးလို့ ဆိုပါတယ်။ ပိုပြီးသတိထားရမှာက နို့တိုက်နေရင်း အသက်ရှူရာကနေ ကူးစက်နိုင်ခြေပါ။
ဒါကြောင့် ပိုးရှိနေတာပဲဖြစ်ဖြစ်၊ စောင့်ကြည့်လူနာပဲဖြစ်ဖြစ် ကလေးကို မကူးစက်ရအောင် သတိထားဖို့ လိုပါတယ်။ ကလေးကို မကိုင်ခင် လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာမျိုးပေါ့။ နို့ကို ညှစ်တိုက်တာဆိုရင်လည်း သေချာ သန့်သန့်ရှင်းရှင်း ကိုင်တွယ်ပြီး ညွှန်ကြားထားတဲ့အတိုင်း ဆေးကြောဖို့ လိုပါတယ်။ ညှစ်ထားတဲ့နို့ကိုလည်း ဖြစ်နိုင်ရင် တခြားတစ်ယောက်ယောက်က တိုက်ပေးရင် ပိုကောင်းပါတယ်။

>>  ဘာတွေလုပ်လို့ရမလဲ?
အခုချိန်မှာတော့ ကာကွယ်ဆေးလည်း မပေါ်သေးပါဘူး။ ရောဂါကူးစက်နိုင်ခြေနည်းအောင် ဖျားနာနေသူတွေနဲ့ နီးနီးကပ်ကပ် မထိတွေ့ဘဲ အနည်းဆုံး ၆ ပေအကွာမှာ နေပါ။ အပြင်မှာ၊ အလုပ်မှာ နှာခေါင်းစည်းတပ်ပါ။ တခြားလူတွေနဲ့ တတ်နိုင်သမျှ မထိတွေ့ပါနဲ့။ ဗီဒီယိုနဲ့သာ ဆက်သွယ်ပြောဆိုပါ။ ဆပ်ပြာနဲ့ လက်ကို စက္ကန့် ၂၀ ကြာ ဆေးပါ။ ဒါမှမဟုတ် အရက်ပြန် ၆၀% ပါတဲ့ လက်ဆေးရည်နဲ့ ဆေးကြောပါ။
နောက်ဆုံးကတော့ ကိုယ်ကိုယ်တိုင်ရော၊ ကလေးကိုပါ ဂရုစိုက်ပါ။ စိုးရိမ်တာရှိရင် ကျန်းမာရေးဝန်ထမ်းနဲ့ တိုင်ပင်ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)