ဆယ်စုနှစ် တစ်ခုပြီးတစ်ခုမှာ အမျိုးသမီးတို့ရဲ့ ဓမ္မတာအပြောင်းအလဲများ
ဆယ်စုနှစ် တစ်စုပြီးတစ်စုအတွင်းမှာ ဗိုက်အနည်းအကျဉ်းအောင့်ရာကနေ၊ သွေးအများကြီးဆင်းရာကနေ၊ စိတ်အတက်အကျမြန်တာတွေအထိကို ပြောင်းလဲမှုတွေအကြောင်းကို ပြောပြပါမယ်နော်။ ပြီးတော့ ဘယ်လိုပြောင်းလဲမှုတွေက စိုးရိမ်ရမလဲဆိုတာကိုလည်း သိသင့်တာပေါ့။
ဓမ္မတာလာချိန်ဟာ တစ်လတာအတွက် စိတ်အညစ်ရဆုံး အဖြစ်အပျက်ဖြစ်နေတတ်တယ်။ အထူးသဖြင့် စောလိုက်၊ နောက်ကျလိုက်၊ ၄ ရက်လာနေကျကနေ တစ်ပတ်ဖြစ်သွားလိုက်နဲ့ အမျိုးမျိုးဖြစ်နေခဲ့ရင် ပိုဆိုးတာပေါ့။ အကိုက်အခဲပျောက်ဆေးတွေသာ မသောက်ထားရင် ဗိုက်ထဲက အောင့်အောင့်နေတတ်ပေမယ့် အကိုက်အခဲပျောက်ဆေးလေး သောက်ထားရင်တော့ ဘာမှမဖြစ်သလိုနေနိုင်တယ်။ ဓမ္မတာစက်ဝန်းအမျိုးမျိုး ဖြစ်နေခဲ့ရင် ခန့်မှန်းရခက်တတ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ကြတယ်။
ဒါပေမဲ့ တတ်နိုင်သမျှ ကျင့်သားရအောင်နေပါလို့သာ ပြောလို့ရတယ်။ အသက်ကြီးလာတာနဲ့အမျှ အသက်အလိုက် ဟော်မုန်းအပြောင်းအလဲတွေ၊ ကိုယ်ဝန်ဆောင်၊ သွေးဆုံးခါနီး စသဖြင့် အတွေ့အကြုံတွေကြောင့် အနည်းနဲ့အများ အပြောင်းအလဲတွေ ဖြစ်တတ်ကြတယ်။ ဒါကြောင့် နောက်ပိုင်း အသက်အပိုင်းအခြားတွေမှာ ဘာတွေဖြစ်နိုင်တယ်ဆိုတာ သိထားနိုင်ဖို့ ပြောပြပါမယ်။
Dolfenal 1

>> အသက် ၂၀ အပိုင်းအခြားတွင်းမှာ -
ဆယ်ကျော်သက်အရွယ်မှာ ရုတ်တရက် ထထပေါ်တတ်တဲ့ ဓမ္မတာကြောင့် စိတ်ညစ်ရတတ်ပေမယ့် ဒီအသက်အပိုင်းအခြား ရောက်လာရင်တော့ ပိုပြီးခန့်မှန်းရလွယ်လာပါပြီ။ ဘာလို့လဲဆိုတော့ မိန်းကလေးငယ်ငယ်လေးတွေဟာ မှန်မှန်သားဥကြွေလေ့ မရှိဘူး။ မှန်မှန်သားဥမကြွေတဲ့အခါ ဓမ္မတာလည်း ကမောက်ကမ ဖြစ်တတ်တယ်။ နောက်တစ်ဖက်မှာလည်း ဓမ္မတာအနည်းနဲ့အများ တစ်လတစ်ခါလောက် မှန်မှန်လာနေပြီဆိုရင်လည်း ရာသီမလာခင်လက္ခဏာတွေ၊ ဗိုက်အောင့်တာ၊ ရင်သားတွေ နာတာမျိုးတွေ ဖြစ်လာတတ်တယ်။ ဒီလိုမျိုးလက္ခဏာတွေနဲ့ လတိုင်း မရင်းနှီး မကျွမ်းကျင်သေးမီမှာတော့ စိတ်ညစ်စရာကောင်းပါလိမ့်မယ်။
အသက် ၂၀ တွင်းမှာဖြစ်တတ်တဲ့ နောက်အပြောင်းအလဲတစ်ခုကတော့ သန္ဓေတားဆေးနဲ့ ဆိုင်ပါတယ်။ အိမ်ထောင်အတည်တကျ ဖြစ်လာပေမယ့်လည်း ကလေးယူဖို့အဆင်မပြေသေးချိန်မှာ သန္ဓေတားဆေးသုံးဖို့ လိုအပ်လာတယ်။ တားဆေးသောက်တဲ့အခါ ပုံမှန်ရာသီမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ သွေးဆင်းတာပို နည်းလာတာမျိုး၊ အရင်ထက် ရာသီပိုမှန်လာပြီး နာတာ ကျင်တာ၊ ရာသီမလာခင်ပြဿနာတွေ ပိုအဖြစ်နည်းတာတွေတွေ တွေ့ကြုံ ရနိုင်ပါတယ်။
ပြောရမယ်ဆိုရင် သားအိမ်ထဲထည့်ဆေးတို့၊ ၃ လခံဆေးတို့ို မျိုးတားဆေးတွေဟာ ရာသီကိုတောင် ပျောက်သွားစေနိုင်ပါတယ်။ တားဆေးတွေဟာ သားဥမကြွေအောင် တားဆီးပေးထာတာကြောင့် ကြွေကျစရာသားအိမ်အလွှာ ထပ်မရှိတဲ့အခါ ရာသီမလာတော့ဘူးပေါ့။
Dolfenal 2

>> အသက် ၃၀ အပိုင်းအခြားကို ရောက်တဲ့အခါ -
ဒီအချိန် အပိုင်းအခြားတွင်းမှာ ရာသီတော်တော်မှန်နေပါပြီ။ ရုတ်တရက် သွေးဆင်းတာ များလာတာ၊ ပုံမှန်ထက် ပိုအောင့်လာတာမျိုးတွေက အောက်ခံပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်။ ဥပမာအားဖြင့် သွေးအဆင်းများစေတဲ့ သားအိမ်အသားလုံးတွေဟာ အသက် ၃၀ ပိုင်းတွင်းမှာ အဖြစ်များပါတယ်။ ဒါ့အပြင် တစ်လလုံးလုံး ဗိုက်အပြင်းအထန်နာတတ်တဲ့ သားအိမ်အတွင်းလွှာ နေရာမှားနေတဲ့ပြဿနာလည်း ရှိတတ်သေးတယ်။
နောက်ထပ်အပြောင်းအလဲကြီးတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဓမ္မတာမလာတာတော့ အားလုံးသိကြမှာပါ။ ဒါပေမဲ့ မိခင်နို့မတိုက်တဲ့အမေတွေမှာ ကလေးမွေးပြီး ၆ ပတ်လောက်အထိ ဓမ္မတာမလာဘူးဆိုတာတော့ သိချင်မှသိကြမယ်။ အမေနို့တိုက်တဲ့မိခင်တွေဆိုရင် နို့မဖြတ်မချင်း၊ ဒါမှမဟုတ် နို့တိုက်ချိန်မလျော့မချင်း ရာသီမလာတာမျိုး ဖြစ်တတ်ပါတယ်။
ဒါ့အပြင် ကလေးမွေးလိုက်ခြင်းက ရာသီစက်ဝန်းမှာ ရေရှည်အပြောင်းအလဲတွေ ဖြစ်လာစေတတ်တယ်။ ကိုယ်ဝန်ဆောင်ချိန်ကို ဖြတ်ကျော်ပြီးချိန်မှာ နာတာကိုက်တာ သက်သာသွားတတ်တယ်လို့ အမျိုးသမီးအများစုက ပြောတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေ အများကြီးရှိနိုင်တဲ့ထဲကမှ အဖြစ်နိုင်ဆုံးကတော့ သားအိမ်ခေါင်းအဝ အနည်းငယ် ကျယ်လာတာကြောင့် သားအိမ် ကောင်းကောင်းညှစ်စရာမလိုဘဲ သွေးကောင်းကောင်းဆင်းနိုင်တာပါပဲ။
>> အသက် ၄၀ အပိုင်းအခြားအတွင်းမှာ -
အသက် ၄၀ အရွယ်ဟာ သွေးမဆုံးခင် ဟော်မုန်းအတက်အကျ စဖြစ်တဲ့အချိန်ပါပဲ။ ၄၀ လောက်ဟာ သွေးမဆုံးခင် ၈ နှစ်ကနေ ၁၀ နှစ်လောက် လိုသေးတဲ့အချိန်ဖြစ်ပေမယ့် သွေးဆုံးဖို့အတွက် စပြင်ဆင်နေပြီပေါ့။
ဟော်မုန်းအပြောင်းအလဲတွေ ဖြစ်တဲ့အခါ သားဥကြွေတာ ပိုကမောက်ကမဖြစ်လာပြီးတော့ ရာသီသွေးပျောက်တာ၊ သွေးဆင်းများတာ၊ ရာသီချိန်မဟုတ် သွေးစဆင်းတာ၊ ရာသီမလာခင် စိတ်အတက်အကျဖြစ်တာ ပိုများတာမျိုးတွေနဲ့ လာတတ်တယ်။ သွေးမဆုံးခင်အချိန်မှာ ဘယ်ဟာမှ မသေချာမရေရာဘူးနော်။ သားဥကြွေတာသာ ကမောက်ကမဖြစ်နေတာ၊ ကိုယ်ဝန်တော့ ရနိုင်သေးတာကို မမေ့နဲ့နော်။ တစ်နှစ်တိတိ လုံးဝရာသီရပ်သွားတာ မဟုတ်မချင်း သွေးဆုံးပြီလို့ ပြောမရဘူးနော်။
ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ဓမ္မတာဟာ ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှုရှိနေတယ်ဆိုတာကို သိထားဖို့ လိုတယ်နော်။ ဒါကြောင့် ပုံမမှန်တဲ့လက္ခဏာတစ်ခုခု ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုအပ်တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























