/
node/10459

ကိုဗစ်ကာလမှာ ကိုယ်ဝန်ဆောင်တို့ သတိထားစရာအချက်များ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

အခုလို ကိုဗစ်ကာလမှာ လူတိုင်းဟာ ရောဂါကူးစက်မှာကို ကြောက်ရွံ့နေကြပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း အတူတူပါပဲ။ ဒီအချိန်မှာ ကိုယ်ဝန်ဆောင်မိခင်တိုင်းလိုလို စိုးရိမ်မိတာတစ်ခုက မိမိနဲ့ရင်သွေးလေးအပေါ် ကိုဗစ်ရောဂါ ကူးမလားဆိုတာပါပဲ။

>>  ကိုယ်ဝန်ဆောင်တွေဟာ ကိုဗစ်ရောဂါ ကူးစက်နိုင်ချေ ပိုများလား?
ကိုယ်ဝန်ဆောင်တွေဟာ သာမန်လူတွေနဲ့ယှဉ်ရင် ကိုဗစ်ရောဂါ ကူးစက်နိုင်ချေ ပိုများတယ်လို့ သက်သေအထောက်အထားပြနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်တွေမှာ ကိုဗစ် ဖြစ်ခဲ့ရင်တော့ ပိုပြင်းထန်နိုင်ပါတယ်။

>>  ကိုဗစ်ဟာ မိခင်ကနေ ကလေးကို ကူးနိုင်သလား?
တချို့သောဖြစ်ရပ်တွေမှာ ကိုဗစ်ရောဂါရှိတဲ့မိခင် မီးဖွားတဲ့အခါ ကလေးမှာ ရောဂါကူးစက်မှုရှိတာကို တွေ့နေရပါတယ်။ ဒါပေမဲ့ ဒီလိုကူးစက်တာဟာ မီးမဖွားခင်ကူးတာလား၊ မီးဖွားပြီးမှ ကူးတာလားဆိုတာကို သေချာတော့ မပြောနိုင်သေးပါဘူး။ ဗိုင်းရပ်စ်ပိုးဟာ ကိုယ်ဝန်ဆောင်စဉ်မှာ အချင်းကိုဖြတ်ပြီး မိခင်ကနေ ကလေးကို ကူးနိုင်ခြင်း ရှိ၊ မရှိတော့ မသိသေးပါဘူး။ ဒါပေမဲ့ ကိုဗစ်ရောဂါရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ လမစေ့ခင် ကလေးမီးဖွားတာ အဖြစ်များပါတယ်။ ဒါ့အပြင် အသက်မရှင်တဲ့ကလေး မီးဖွားနိုင်ချေလည်း ရှိနေပါတယ်။

>>  ကိုဗစ်ကာလမှာ ကိုယ်ဝန်ဆောင်ရင် ဘာတွေလိုက်နာဖို့ လိုအပ်သလဲ?
အရေးကြီးဆုံးကတော့ ကိုယ်ဝန် ပုံမှန်အပ်ပါ။ ကိုဗစ်ကြောက်လို့ ဆေးရုံ၊ ဆေးခန်း မသွားတာမျိုး မလုပ်ပါနဲ့။ ကိုဗစ်ရောဂါအတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို သေချာလိုက်နာပြီး ရက်ချိန်းအတိုင်း ကိုယ်ဝန်စောင့်ရှောက်မှု ပုံမန်ခံယူပါ။  မကြာခဏ လက်ဆေးပါ။ လူစုလူဝေး ရှောင်ရှားပါ။ အပြင်သွားလျှင် နှာခေါင်းစည်းတပ်ပါ။ ကိုဗစ်ကာလမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အနေနဲ့ ရောဂါမကူးစက်အောင် ကာကွယ်ဖို့ အရေးကြီးသလို ကိုယ်ဝန်စောင့်ရှောက်မှုခံယူဖို့လည်း အရေးကြီးပါတယ်။

>>  ဆေးရုံမှာ ကလေးမီးဖွားရင် ကိုဗစ် ကူးနိုင်သလား?
ဆေးရုံတိုင်းမှာ ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ ကာကွယ်မှုစည်းကမ်းတွေ ချမှတ်ထားပါတယ်။ မိမိဘက်ကလည်း ကာကွယ်မှုတွေ သေချာဆောင်ရွက်ပါ။ ဆေးရုံတက်နေစဉ်ကာလမှာ နှာခေါင်းစည်းတပ်ပါ။ ဧည့်သည်အဝင်အထွက် ကန့်သတ်ထားပါ။ အာဟာရစုံလင်စွာစားပြီး ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ။ ဒီလိုကြိုတင်ကာကွယ်မှုတွေ လုပ်ထားမယ်ဆိုရင် ကိုဗစ်ရောဂါ ကူးစက်နိုင်ချေ နည်းသွားပါလိမ့်မယ်။

>>  ကိုဗစ်ကာလမှာ စိုးရိမ်ပူပန်မှုတွေ ဝမ်းနည်းမှုတွေကို ဘယ်လိုကျော်လွှားရမလဲ?
သာမန်အချိန်မှာ ကိုယ်ဝန်ဆောင်ရင်တောင် ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးပါ အနည်းနဲ့အများဆိုသလို ထိခိုက်တတ်ပါတယ်။ ဒီလို ကပ်ရောဂါကာလမှာ ကိုယ်ဝန်ဆောင်ပြီး ကလေးမီးဖွားတယ်ဆိုတာ အမျိုးသမီးတွေရဲ့ စိတ်ကျန်းမာရေးကို တော်တော်လေး ထိခိုက်နိုင်ပါတယ်။ မိမိမှာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေရှိနေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒါ့အပြင် မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ စကားများများပြောပါ။ ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှုမျိုး လုပ်ပါ။ အွန်လိုင်းကနေတစ်ဆင့် တခြားသော ကိုယ်ဝန်ဆောင်မိခင်များ၊ မီးဖွားပြီးခါစ မိခင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါ။ ဒီလိုမျိုးလုပ်ခြင်းဟာလည်း စိတ်ကျန်းမာရေး ကောင်းမွန်ဖို့ အထောက်အကူပေးနိုင်ပါတယ်။
အခုလို ကမ္ဘာ့ကပ်ရောဂါဖြစ်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်မိခင်တိုင်း မိမိနဲ့ရင်သွေးကို ရောဂါကူးမလားလို့ စိုးရိမ်တတ်ကြတာဟာ သဘာဝပါ။ ဒါပေမဲ့ အရမ်းစိုးရိမ်ပူပန်တာမျိုး မဖြစ်ကြပါနဲ့။ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပြီး စနစ်တကျ ကာကွယ်မှုတွေ ပြုလုပ်ကြပါ။ ကိုယ်ဝန်ပုံမှန်အပ်ဖို့လည်း မမေ့ပါနဲ့။ ကိုယ်ဝန်စောင့်ရှောက်မှု သေချာခံယူပြီးတော့ မိမိရော ရင်သွေးလေးပါ ကျန်းမာရေးကောင်းအောင် ဂရုစိုက်သင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)