အလုပ်သွားရတဲ့မေမေတွေ မိခင်နို့ကိုညှစ်ပြီး ဘယ်လိုထားခဲ့ကြမလဲ - ဆောင်ရန်၊ ရှောင်ရန်များ
နို့တိုက်မိခင်တွေအနေနဲ့ လုပ်ငန်းခွင် ပြန်ဝင်ရတဲ့အခါမှာ အိမ်မှာထားခဲ့ရမယ့် ရင်သွေးလေးအတွက် နို့ညှစ်ပြီး ထားခဲ့ကြပါတယ်။ ဒီလိုညှစ်ပြီးထားခဲ့ရတဲ့ မိခင်နို့ကို ဘယ်လိုစနစ်တကျ သိမ်းထားရမယ်ဆိုတာက အရေးကြီးပါတယ်။ ဒီတော့ မိခင်နို့သိမ်းတဲ့နေရာမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို သိထားဖို့လိုပါတယ်။
>> ညှစ်ထုတ်ပြီးတဲ့နို့ရည်တွေကို ဘယ်လိုခွက်ထဲမှာ ထည့်မလဲ?
နို့မညှစ်ခင်၊ နို့ကိုမကိုင်ခင်မှာလက်ကိုရေ၊ ဆပ်ပြာတို့နဲ့ သေချာစင်ကြယ်အောင် ဆေးကြောပါ။ ပြီးတော့ ညှစ်ထားတဲ့နို့ရည်ကို သန့်ရှင်းတဲ့အဖုံးပါသော BPA ကင်းစင်တဲ့ ဖန် (သို့) ပလတ်စတစ်အမာခွက်ထဲမှာ ထည့်ပါ။ နို့ရည်သိုလှောင်သိမ်းဆည်းဖို့အတွက် ပြုလုပ်ထားတဲ့ အထူးပလတ်စတစ်အိတ်တွေထဲမှာလည်း ထည့်သိမ်းနိုင်ပါတယ်။ ဒါပေမဲ့လည်း နို့ရည်ထည့်သိမ်းတဲ့ ပလတ်စတစ်အိတ်တွေက ပြဲနိုင်တယ်၊ စိမ့်ထွက်နိုင်တယ်၊ ပြီးတော့ ခွက်တွေနဲ့ယှဉ်ရင် ရောဂါပိုးဝင်နိုင်ချေပိုများတယ်လို့ ဆိုပါတယ်။
>> ညှစ်ထုတ်ထားတဲ့နို့ရည်တွေကို သိမ်းဖို့အတွက် အကောင်းဆုံးနည်းလမ်းကဘာလဲ?
ရေစိုခံတဲ့မင်တွေကိုသုံးပြီး နို့ညှစ်ထားတဲ့အချိန်ကို ဘူးတစ်ခုချင်းပေါ်မှာ သေချာရေးမှတ်ထားပါ။ ကလေးကို ကလေးပြုစုစောင့်ရှောက်တဲ့နေရာမှာ အပ်ခဲ့မယ်ဆိုရင် နို့ရည်ထည့်ထားတဲ့ဘူးမှာ ကလေးရဲ့နာမည်ပါ သေချာတပ်ထားပါ။ နို့ဘူးကို ရေခဲသေတ္တာရဲ့ အအေးဆုံးဖြစ်တဲ့ နောက်ဆုံးဘက်မှာထားပါ။ တကယ်လို့ ရေခဲသေတ္တာထဲထည့်ဖို့ အဆင်မပြေသေးဘူးဆိုရင် အအေးခံတဲ့အိတ်ထဲမှာ ခေတ္တထည့်ထားပါ။
နို့တစ်ဘူးဆီမှာ ကလေး တစ်ခါသောက်စာ ညှစ်ထည့်ထားပါ။ နို့ဘူးက ခဲလာတဲ့အခါမှာ ဖောင်းလာတတ်တဲ့အတွက် နို့ကို ဘူးဝထိရောက်အောင် ဘယ်တော့မှမထည့်ပါနဲ့။
Obimin 1

>> အခုမှ ညှစ်လိုက်တဲ့နို့ရည်ကို အရင်ကတည်းကညှစ်ပြီး သိမ်းထားတဲ့နို့ရည်ထဲကို ရောထည့်လို့ရလား?
အခုမှညှစ်ထုတ်လိုက်တဲ့နို့ရည်ကို တစ်နေ့တည်းမှာ ညှစ်ပြီးသိမ်းထားတဲ့ အအေးခံပြီးသား (သို့) ခဲပြီးသားနို့ဘူးထဲကို ထည့်လို့ရပါတယ်။ ဒါပေမဲ့ ရောမထည့်ခင်မှာ လောလောလတ်လတ် ညှစ်ထားတဲ့နို့ကို ရေခဲကပ်ပြီး အေးအောင် အရင်လုပ်ထားပါ။ ပူနွေးနေတဲ့နို့ကို အအေးခံ (သို့) အခဲခံထားတဲ့နို့ထဲကို တိုက်ရိုက်ထည့်လိုက်ရင် အအေးခံပြီးသားနို့ ပျက်သွားတတ်ပါတယ်။
>> ညှစ်ပြီးသားနို့ရည်ကို ဘယ်လောက်ကြာကြာ သိမ်းထားလို့ရလဲ?
ဘယ်လောက်ကြာကြာ မပျက်စီးဘဲ သိမ်းထားနိုင်လဲဆိုတာက သိမ်းတဲ့နည်းစနစ်အပေါ်မှာ မူတည်ပါတယ်။ ကလေးရဲ့ကျန်းမာရေးအတွက် အောက်ပါယေဘုယျလမ်းညွှန်ချက်တွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
● အခန်းအပူချိန် - လောလောလတ်လတ် ညှစ်ထုတ်ထားတဲ့နို့ရည်ကို အခန်းအပူချိန်မှာ ၆ နာရီလောက်အထိ ထားလို့ရပါတယ်။ သို့သော်လည်း ၄ နာရီမတိုင်ခင်မှာ စနစ်တကျသိမ်းဖို လိုပါတယ်။ အခန်းက ပူနွေးနေတယ်ဆိုရင် နို့က ၄ နာရီလောက်ပဲ ခံနိုင်ပါတယ်။
● အအေးခံဘူး - လောလောလတ်လတ် ညှစ်ထုတ်ထားတဲ့နို့ရည်ကို အအေးခံဘူးထဲမှာ ရေခဲနဲ့ထည့်ထားမယ်ဆိုရင် တစ်ရက်ခံပါတယ်။
● ရေခဲသေတ္တာ - လောလောလတ်လတ် ညှစ်ထုတ်ထားတဲ့နို့ရည်ကို သန့်ရှင်းတဲ့အခြေအနေမှာ ရေခဲသေတ္တာရဲ့အအေးဆုံးနေရာဖြစ်တဲ့ နောက်ဆုံးမှာထားမယ်ဆိုရင် ၅ ရက်အထိ ခံပါတယ်။ သို့သော်လည်း ၃ ရက်အတွင်းမှာ ခဲခန်းထဲမှာ ထားနိုင်မယ်ဆိုရင် ကောင်းပါတယ်။
• ခဲခန်း - လောလောလတ်လတ် ညှစ်ထုတ်ထားတဲ့နို့ရည်ကို ခဲခန်းရဲ့အအေးဆုံးနေရာဖြစ်တဲ့ အနောက်မှာထားမယ်ဆိုရင် ၁၂ လအထိ ခံပါတယ်။ သို့သော်လည်း အခဲခံထားတဲ့နို့ရည်ကို ၆ လအတွင်း သုံးတာက အကောင်းဆုံးပါ။
Obimin 2

သုတေသီတွေ ပြောထားတဲ့ မှတ်သားရမယ့်အချက်တစ်ခုကတော့ ရေခဲသေတ္တာထဲပဲဖြစ်ဖြစ်၊ ခဲခန်းထဲပဲ ထည့်သိမ်းထားတဲ့အချိန် ကြာလေလေ နို့ထဲမှာပါဝင်တဲ့ ဗီတာမင် C ဆုံးရှုံးမှုများလေလေလို့ ဆိုပါတယ်။ နောက်အရေးကြီးတဲ့အချက်ကတော့ မွေးခါစအချိန်မှာ ညှစ်ထားတဲ့နို့ရည်က လသားအရွယ် ကလေးငယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို အပြည့်အဝရနိုင်မှာ မဟုတ်ပါဘူး။ ဒီနို့ရည်ထိန်းသိမ်းတဲ့လမ်းညွှန်ချက်က လမစေ့ဘဲမွေးတဲ့ကလေးတွေ၊ နေမကောင်းတဲ့ကလေးငယ်တွေနဲ့ ဆေးရုံတက်ရတဲ့ ကလေးငယ်တွေအတွက် ကွဲပြားနိုင်ပါတယ်။
>> ခဲနေတဲ့နို့ကို ဘယ်လိုအရည်ပျော်အောင်လုပ်မလဲ?
အကြာဆုံးနို့ကို အရင်သုံးပါ။ နို့ကို အသုံးမပြုမီ တစ်ညအလိုကတည်းက နို့ကိုခဲခန်းကနေ အအေးခန်းထဲကို ပြောင်းထည့်ထားပါ။ နို့ဘူးကို ရေနွေးအောက်မှာထားခြင်း (သို့) ရေနွေးထည့်ထားတဲ့ခွက်ထဲမှာ ထည့်ထားပြီးလည်း ဖြည်းဖြည်းချင်း အရည်ပျော်အောင် လုပ်လို့ရပါတယ်။
ခဲနေတဲ့နို့ဘူးကို မိုက်ကရိုဝေ့မီးဖို (သို့) မီးဖိုပေါ်မှာတင်ပြီး မြန်မြန်အရည်ပျော်အောင် လုံးဝမလုပ်ပါနဲ့။ နို့ရဲ့တချို့နေရာတွေက ပူပြီးတချို့နေရာတွေက အေးနေနိုင်ပါတယ်။ သုတေသနအချို့အရ မြန်မြန်အပူပေးခြင်းက နို့ရဲ့ပဋိပစ္စည်းအပေါ်မှာ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
အရည်ပျော်အောင်လုပ်ပြီးသားနို့ကို ပြန်အခဲခံပြီး အသုံးပြုလို့ရသလားဆိုတာကို သုတေသနတွေ ဆက်လုပ်နေပေမယ့်လည်း ကျွမ်းကျင်သူအများအပြားက ခဲနေတဲ့နို့ကို အရည်ပျော်အောင်လုပ်ပြီးလို့ ၂၄ နာရီအတွင်း အသုံးမပြုရင် လွှင့်ပစ်လိုက်ဖို့ အကြံပေးထားပါတယ်။
>> ခဲနေတဲ့နို့ကို အရည်ပျော်အောင်လုပ်ထားတဲ့နို့ရည်က လောလောလတ်လတ် ညှစ်ထားတဲ့နို့ရည်နဲ့ အနံ့၊ ပုံစံ ကွဲပြားမှုရှိပါသလား?
မိခင်စားတဲ့အစားအစာအပေါ် မူတည်ပြီး နို့အရောင်က ပြောင်းပါတယ်။ ဒီလိုပဲအရည်ပျော်အောင် ပြန်လုပ်ထားတဲ့ နို့ရည်ကလည်း လောလောလတ်လတ် ညှစ်ထားတဲ့နို့နဲ့ မတူကွဲပြားနိုင်ပါတယ်။ ဒါက စနစ်တကျ သိမ်းထားတာဆိုရင် အန္တရာယ်ကင်းပါတယ်။ ကလေးက အရည်ပျော်အောင် ပြန်လုပ်ထားတဲ့နို့ကို မသောက်ဘဲ ငြင်းတယ်ဆိုရင် သိမ်းထားတဲ့အချိန်ကို လျှော့ချလိုက်ပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























