/
node/10552

အမျိုးသမီးတိုင်း မလွဲမသွေလုပ်သင့်တဲ့ စစ်ဆေးမှု (၅) မျိုး

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

တစ်နေ့တစ်နေ့ အလုပ်တွေပိ၊ အလုပ်တွေရှုပ်နေတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ မိသားစုနဲ့ အလုပ်အကိုင်ကို ဦးစားပေးနေရတဲ့အတွက် ကိုယ့်ကိုယ်ခန္ဓာကို ဂရုမစိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ ပြနေတဲ့ရောဂါလက္ခဏာတွေကို ဂရုမစိုက်မိဘဲ ဆေးခန်းသွားဖို့ကို နေ့ရွှေ့ညရွှေ့လုပ်နေမိတာ၊ ကျန်းမာရေးကို လျစ်လျူရှုထားတာမျိုး လုပ်မိတတ်ပါတယ်။
ဒါကြောင့်မို့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ အရေးကြီးတာပါ။ အင်္ဂလန်မှာတော့ နိုင်ငံအဝှမ်း ကျန်းမာရေးစစ်ဆေးမှုပရိုဂရမ်တွေရှိပြီး ကိုယ့်ခန္ဓာထဲက အပြောင်းအလဲတွေကို သိနိုင်ဖို့ နှစ်ပေါင်းများစွာ စစ်ဆေးထားတဲ့ အချက်အလက်တွေနဲ့ ယှဉ်ကြည့်ပါတယ်။ ဒီနည်းအားဖြင့် ရောဂါရှိရင်လည်း ရောဂါကို စောစောစီးစီး သိရှိနိုင်ပြီး ရောဂါမရှိရင်လည်း စိတ်အေးရတာပေါ့။
ကျန်းမာရေးစစ်ဆေးမှုတွေဟာ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွေလိုပဲ ကျန်းမာရေးအတွက် တစ်စိတ်တစ်ဒေသ အရေးကြီးတယ်လို့ ဟော်မုန်းကျန်းမာရေးဌာနမှူး Dr. Jessica Baron က ဆိုပါတယ်။ တစ်ခုခု လွဲမှားနေပြီဆိုရင် ချက်ချင်းသိပြီး ချက်ချင်းကုသနိုင်ဖို့ ရည်ရွယ်ပါတယ်။

Dolfenal 1

●  သွေးစစ်ဆေးမှုများ
သွေးစစ်ဆေးမှုကနေ သိနိုင်တဲ့အချက်အလက်တွေ အများကြီးရှိပါတယ်။ ဟော်မုန်းပမာဏကို တိုင်းတာဖို့၊ ဗီတာမင်နဲ့သတ္တုဓာတ် လုံလောက်မှု ရှိ၊ မရှိ တိုင်းတာဖို့၊ ရောဂါဘယတွေရှာဖွေဖို့ အသုံးပြုနိုင်ပါတယ်။
သားဥအိမ်ကင်ဆာကို စစ်ဆေးရာမှာ CA125 လို့ခေါ်တဲ့ ကင်ဆာအညွှန်းဓာတ်ကို စစ်ဆေးပါတယ်။ သားဥအိမ်မှာရှိတဲ့ကင်ဆာဆဲလ်တွေကနေ ထွက်လာတဲ့ဓာတ်ကို စစ်ဆေးတာပေါ့။
အမျိုးသမီးတိုင်းရဲ့သွေးထဲမှာ CA125 တွေ ရှိနေနိုင်ပေမယ့် ရှိရမယ့်ပမာဏထက် တက်နေရင်တော့ ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။
ဒါပေမဲ့ ဒီပမာဏဟာ တခြားအကြောင်းရင်းတွေဖြစ်တဲ့ သားအိမ်အတွင်းသား နေရာလွဲမှားခြင်း၊ ဓမ္မတာလာခြင်း၊ အရည်အိတ်တည်ခြင်း၊ သဘာဝအတိုင်းများနေခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် တက်နေနိုင်ပါတယ်။ ဒါကြောင့်မို့ သွေးစစ်ဆေးမှုအပြင် အာထရာစောင်းပါ ရိုက်ဖို့လိုတာပါ။

●  အာထရာစောင်း
အာထရာစောင်းဟာ ကိုယ်တွင်းကအရာတွေကို အသံလှိုင်းကိုသုံးပြီး ကြည့်ရတဲ့နည်းပညာတစ်ခုပါ။ လင်းနို့တွေ အမှောင်ထဲမှာ အသံလှိုင်းကိုသုံးပြီး မြင်သလိုပါပဲ။ အမျိုးသမီးတွေမှာ တင်ပဆုံပိုင်းအာထရာစောင်းရိုက်ပြီး သားဥအိမ်နဲ့သားအိမ်မှာ အသားလုံး၊ အရည်အိတ်၊ အရည်အိတ်ငယ်များတည်ရောဂါစု၊ တင်ပါးဆုံကွင်းတွင်းရောင်ရမ်းခြင်းများကို ရှာဖွေနိုင်ပါတယ်။
သားဥအိမ်စစ်ဆေးမှုအနေဖြင့် CA125 စစ်ဆေးမှုနဲ့ အတူတူလုပ်နိုင်ပါတယ်။

Dolfenal 2

●  DEXA scan ဓာတ်မှန်ရိုက်ခြင်း
Dexa scanဆိုတာ အရိုးသိပ်သည်းဆတိုင်းတာတဲ့ ဓာတ်မှန်တစ်မျိုးပါ။
အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ အရိုးသိပ်သည်းဆ လျော့နည်းလာပါတယ်။ မိသားစုရာဇဝင်၊ အရွယ်မတိုင်မီ သားအိမ်ဖြတ်တောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း စတဲ့အချက်တွေအပြင် သွေးဆုံးခြင်းကြောင့်လည်း အရိုးပွနိုင်ခြေ များလာပါတယ်။

●  သားအိမ်ခေါင်းချွဲစစ်ဆေးခြင်း
သားအိမ်ခေါင်းအချွဲယူပြီး ကင်ဆာဆဲလ် ရှိ၊ မရှိ စစ်ဆေးမှုကနေ အခုဆိုရင် HPV လို့ခေါ်တဲ့ ကြွက်နို့ပိုးကို စစ်ဆေးလိုက်ရုံနဲ့ သိနိုင်ပါပြီ။ အသက် ၂၅-၆၄ နှစ်အတွင်း အမျိုးသမီးတွေကို စစ်ဆေးပေးပါတယ်။
အသက် ၂၅ နှစ်ကနေစပြီး ၆၄ နှစ်အထိကို ၃နှစ်တစ်ကြိမ် ဒီစစ်ဆေးမှုကို စစ်ဆေးဖို့ လိုပါတယ်။

●  HPV သားအိမ်ခေါင်းကြွက်နို့ရောဂါပိုး စစ်ဆေးခြင်း
ဒီစစ်ဆေးမှုဟာ သားအိမ်ခေါင်းချွဲယူချိန်မှာ တစ်ပြိုင်နက် စစ်ဆေးပါတယ်။ သားအိမ်ခေါင်းကြွက်နို့ပိုး HPV ဟာ သားအိမ်ခေါင်းမှာရှိတဲ့ ဆဲလ်တွေကို ပြောင်းလဲမှုဖြစ်စေတဲ့ပိုးတစ်မျိုးပါ။ သားအိမ်ခေါင်းချွဲ ကင်ဆာဆဲလ်စစ်ဆေးမှု အစားထိုးသုံးနေပါပြီ။

Dr. Mya Phoo Ngon (www.drmyanmar.com)