/
node/10577

ဆောင်းရာသီမှာ ကျန်းမာအောင်နေဖို့

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

ဆောင်းဥတုက တချို့ကျန်းမာရေးပြဿနာတွေကို ပိုဆိုးစေနိုင်ပြီး ဆိုးဆိုးရွားရွား နောက်ဆက်တွဲပြဿနာတွေကိုပါ ဖြစ်စေနိုင်တတ်ပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ်နဲ့အထက် ဖြစ်နေတယ်၊ နာတာရှည်ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုရင်ပေါ့။

>>  ဘယ်သူတွေက ပိုဆိုးတတ်သလဲ?
●  အသက် ၆၅ နှစ်နဲ့အထက်
●  မွေးကင်းစနဲ့ အသက် ၅ နှစ်အောက်ကလေးတွေ
●  ဝင်ငွေနည်းပါးတဲ့သူတွေ
●  နာတာရှည်ကျန်းမာရေးပြဿနာရှိနေသူတွေ
●  ကိုယ်လက်အင်္ဂါချို့ယွင်းသူတွေ
●  ကိုယ်ဝန်ဆောင်တွေ
●  စိတ်ကျန်းမာရေးရောဂါရှိသူတွေ စတဲ့သူတွေမှာပိုဆိုးတတ်ကြပါတယ်။

>>  နေမကောင်းဘူးလို့ ခံစားရရင် ဆရာဝန်နဲ့ပြပါ
အသက် ၆၅ နှစ်နဲ့အထက် ဖြစ်နေတယ်၊ ဒါမှမဟုတ် အပေါ်မှာပြောတဲ့ တခြားအချက်တွေ ရှိနေတယ်ဆိုရင် နေမကောင်းဘူးဆိုတာနဲ့ ဆရာဝန်နဲ့ပြပါ။

>>  ဘယ်သူ့ဆီက အကူအညီယူနိုင်သလဲဆိုရင် -
●  ဆေးဝါးကျွမ်းကျင်ပညာရှင် : ရိုးရိုးဖျားနာတာလောက်ကိုတော့ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေဆီက အကူအညီယူနိုင်ပါတယ်။ ဆရာဝန်နဲ့ပြဖို့ လိုရင်လည်းလိုတယ်ဆိုတာကို ပြောပြပေးနိုင်ပါတယ်။
●  အထွေထွေရောဂါကုဆရာဝန်
●  အရေးပေါ်ဌာန စတာတွေကို သွားနိုင်ပါတယ်။
စောစောစီးစီးပြလေလေ ပိုကောင်းလေလေပါပဲ။

>>  တုပ်ကွေးကာကွယ်ဆေး ထိုးပါ
တုပ်ကွေးဆိုတာ ဒီတိုင်းပျောက်သွားနိုင်တယ်ဆိုပေမယ့် တချို့တွေမှာတော့ ဆိုးဆိုးရွားရွား နောက်ဆက်တွဲတွေ ဖြစ်စေနိုင်တတ်ပါတယ်။ ဒါကြောင့် ဆရာဝန်က တုပ်ကွေးကာကွယ်ဆေး ထိုးသင့်တယ်လို့ အကြံပေးရင် ထိုးဖို့မမေ့ပါနဲ့။
တုပ်ကွေးကာကွယ်ဆေးဟာ စိတ်ချရသလို အကျိုးလည်းရှိပါတယ်။ အပေါ်မှာဖော်ပြခဲ့တဲ့ ရောဂါပိုဆိုးတတ်တဲ့သူတွေမှာ အဓိကထိုးသင့်တာပေါ့။
တုပ်ကွေးစမပြန့်ခင် ဆောင်းဦးမှာ အဓိကထိုးသင့်ပါတယ်။ နောက်ပိုင်းမှာ ထိုးချင်လည်းရပါတယ်။

>>  အိမ်ကို နွေးနွေးထွေးထွေးထားပါ
မိမိကိုယ်တိုင်ရော၊ မိသားစုကိုပါ နွေးနွေးထွေးထွေး နေကောင်းစေဖို့ ဒီအချက်ကလေးတွေကို လိုက်နာပေးပါ။
●  ကောင်းကောင်း မလှုပ်ရှားနိုင်ဘူး၊ အသက် ၆၅ နှစ်နဲ့အထက် ဖြစ်နေတယ်၊ နှလုံး၊ အဆုတ်ရောဂါစတဲ့ ကျန်းမာရေးချို့ယွင်းမှုတစ်ခုခု ရှိနေတယ်ဆိုရင် အိမ်ကို အနည်းဆုံး အပူချိန် ၁၈°C လောက်မှာ ထားပေးပါ။
●  တစ်ညလုံးမှာလည်း အခန်းကို ၁၈°C လောက် အပူချိန်မှာထားပြီး အခန်းတံခါးတွေအားလုံး ပိတ်ထားပါ။
●  အသက် ၆၅ နှစ်အောက်ဖြစ်တယ်၊ ကျန်းလည်းကျန်းမာ၊ လှုပ်လည်း လှုပ်ရှားနိုင်တယ်ဆိုရင် အိမ်ကို ၁၈°C အောက် ထားချင်လည်း ရပါတယ်။ ကိုယ်ကိုယ်တိုင် သက်သောင့်သက်သာရှိမယ့်အပူချိန်လောက်ဆို ဖြစ်ပါတယ်။
●  ရေနွေးအိတ်ကလေး ကပ်ပေးလို့လည်း ရပါတယ်။
●  တစ်နေ့ကို အနည်းဆုံး ဟင်းပူပူလေးတစ်နပ်လောက် စားပေးပါ။ ကိုယ်ခန္ဓာ နွေးနေအောင် အစား ပုံမှန်စားပေးပါ။
●  အရည်ပူပူလေး မှန်မှန်သောက်ပေးပါ။
●  ပုခက်ထဲ ကလေး ရုတ်တရက်သေဆုံးခြင်းဆိုတဲ့ SIDS ရောဂါကို ကာကွယ်ဖို့ ကလေးအိပ်တဲ့အပူချိန်ကို ၁၆-၂၀°C လောက်မှာ ထားပေးပါ။
●  နေဝင်ရီတရောရောက်ရင် လိုက်ကာတွေ အကုန်ဆွဲပိတ်ထားပါ။

>>  အိမ်နီးနားချင်းတွေကို စောင့်ရှောက်ပါ
သက်ကြီးရွယ်အိုတွေ၊ အဆုတ်၊ နှလုံးရောဂါစတဲ့ နာတာရှည်ရောဂါရှိသူ အိမ်နီးနားချင်း၊ ဆွေမျိုးမိတ်ဆွေတွေကို
●  လုံခြုံပြီး နေကောင်း နေ၊ မနေ
●  အထူးသဖြင့် ညဘက်တွေမှာ နွေးထွေး နေ၊ မနေ
●  အိမ်မှာ အစားအသောက်တွေ၊ ဆေးဝါးတွေ လုံလုံလောက်လောက် ရှိ၊ မရှိ စောင့်ကြည့်/စောင့်ရှောက်ပေးပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)