/
node/10674

ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်းတာ အန္တရာယ်များလား၊ ဘာတွေသတိထားဖို့လိုသလဲ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

ဒီခေတ်မှာ အမျိုးသမီးတိုင်းက အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီးတော့ အလုပ်လုပ်နေရတော့ ကိုယ်ဝန်ရှိလည်း ခွင့်မရခင်အချိန်ထိကတော့ ပုံမှန်အလုပ်ကို ဆက်လုပ်နေကြရတာပါပဲ။ အလုပ်ကို ကားမောင်းပြီးသွားရင် ကိုယ်ဝန်ရှိတဲ့အချိန်မှာလည်း ကားဆက်မောင်းရမယ်၊ ဆိုင်ကယ်မောင်းရမယ်။
တချို့ကျတော့ ဆရာဝန်က ကိုယ်ဝန် (သို့) ကလေးမှာ နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ချေ များတယ်လို့ထင်ရင် ကိုယ်ဝန်ဆောင်ကို ခရီးမသွားဖို့တားတာတွေ ရှိတတ်ပါတယ်။ ဒီလိုမျိုးကိစ္စကလွဲရင်တော့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ပုံမှန်အတိုင်းမောင်းနှင်နိုင်ပါတယ်။

>> ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်းတာက အန္တရာယ်ကင်းရဲ့လား?
လုံးဝအန္တရာယ်ကင်းပါတယ်။ ကိုယ်ဝန်ဆောင်နောက်ဆက်တွဲဆိုးကျိုးတွေမရှိဘူး၊ ကိုယ်ဝန်က ကောင်းကောင်းဖွံ့ဖြိုးလာနေတယ်ဆိုရင် ပုံမှန်လုပ်နေကျအလုပ်တွေလုပ်ဖို့ ဘာမှစိုးရိမ်ဖို့မလိုပါဘူး။

>> ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်းရင် ဘာတွေ အထူးဂရုစိုက်ဖို့လိုလဲ?
ကိုယ်ဝန်ရှိပြီဆိုကတည်းကတော့ အရာရာမှာ ပုံမှန်ထက် ပိုဂရုစိုက်ဖို့ လိုလာပါပြီ။ ကိုယ်ဝန်ဆောင် ဒုတိယ သုံးလပတ်အစကတည်းက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ စဖြစ်နေပြီးတော့ ပျို့အန်တာတွေ၊ အိပ်ချင်စိတ်၊ စိတ်ခံစားချက်အပြောင်းအလဲ စတဲ့ ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်မှာမရှိတာတွေ ဖြစ်တတ်ပါတယ်။

>> ကိုယ်ဝန်ဆောင်ချိန်မှာ ကားမောင်းတာက အန္တရာယ်ကင်းပေမယ့်လည်း ဒီအချက်တွေကိုတော့စိတ်ထဲမှာအမြဲမှတ်ထားပေးပါ။
1. ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သေချာလိုက်နာပါ။
အရင်ကတော့ မီးဝါရင် အမြန်မောင်းတာ၊ လူရှင်းတဲ့လမ်းတွေဆိုရင် အရှိန်တင်ပြီးတော့ မောင်းတာမျိုးရှိပေမယ့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာတော့ ဒီလိုလုံးဝမလုပ်ပါနဲ့။ ရုတ်တရက် လမ်းဖြတ်ကူးတဲ့အရာတစ်ခုခုကြောင့် ကားရောလူရောအပေါ်မှာ သက်ရောက်နိုင်ပါတယ်။

2. သက်သောင့်သက်သာဖြစ်တဲ့ အဝတ်အစားတွေကို ဝတ်ပါ။
ကားမောင်းတဲ့အချိန်မှာ ခြေထောက်တွေနဲ့ ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရပြီးတော့ သက်သောင့်သက်သာရှိမယ့် အဝတ်အစားတွေကို ဝတ်ပါ။ လိုအပ်ရင် ရောက်တဲ့နေရာရောက်မှ သင့်တော်တဲ့အဝတ်အစား လဲဝတ်လို့ရပါတယ်။

3. အမြဲအားအင်ပြည့်ဝနေပါစေ။
အားကုန်လွယ်တယ် (သို့) ခဏခဏ ဗိုက်ဆာတတ်တယ်ဆိုရင် သရေစာလေးတွေ၊ ကားမောင်းရင်းနဲ့လည်း စားလို့လွယ်တဲ့ အစားအစာလေးတွေကို အမြဲဆောင်ထားပါ။ အာဟာရလည်းပြည့် အရသာလည်းရှိပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ လန်းဆန်းစေမှာလေးတွေကိုတော့ ရွေးဆောင်ထားဖို့လိုတယ်နော်။

4. ရေဓာတ်ပြည့်ဝအောင်နေပါ။
လိုအပ်ရင် ရေဘူးတွေ၊ သစ်သီးဖျော်ရည်တွေ ဆောင်ထားပါ။ ကားမောင်းရင်း သောက်တယ်ဆိုရင်တော့ ပိုက်လေးနဲ့ စုပ်ပြီးတော့သောက်ပါ။

5. ဖုန်းကိုလည်း အမြဲအသင့်ဖြစ်နေအောင် ပြင်ထားပါ။
ဖုန်းအားရှိအောင်လို့ထားပါ လိုအပ်ရင် power bank ဆောင်သွားပါ။ ကားမောင်းရင် Bluetooth နားကြပ်နဲ့ ဖုန်းပြောပါ။

6. မမျှော်လင့်တာတွေ ဖြစ်လာတတ်တယ်ဆိုတာကို အမြဲမျှော်လင့်ထားပါ။
တာယာပေါက်သွားရင်၊ ကားပျက်သွားရင် စတဲ့ မမျှော်လင့်တဲ့တစ်ခုခုဖြစ်လာရင် ဘာလုပ်မယ်ဆိုတာကို အမြဲပြင်ဆင်ထားပါ။

7. ကားမှာလေအိတ်ပါဖို့ အရေးကြီးပါတယ်။
ကားဝယ်တဲ့အခါမှာ လေအိတ်ပါတဲ့ကားတွေ ရွေးဝယ်ပါ။ ဖြစ်နိုင်ရင် ထိုင်ခုံလေအိတ်တပ်ထားပါ။

8. မျက်လုံးကို ကာကွယ်ပါ။
ခရိးရှည်ကားမောင်းရတဲ့အခါ (သို့) နေ့လယ်ဘက် နေစူးတဲ့အချိန်မှာ ကားမောင်းရင် နေကာတဲ့အပြားကို ချထားပါ၊ နေကာမျက်မှန်တပ်ပါ။

9. ကိုယ်ကြိုက်တဲ့အနံ့တစ်မျိုးမျိုးကို လက်လှမ်းမှီတဲ့နေရာမှာထားပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်အချိန်မှာ ပျို့အန်ချင်မလဲဆိုတာကို မသိနိုငတဲ့အတွက်ကြောင့် သံပရာသီး၊ ကိုယ့်ကြိုက်တဲ့အနံ့ရှိတဲ့ ဆပ်ပြာလေးတွေ၊ air freshener လေးတွေကို အနားမှာဆောင်ထားပါ။

10. ထိုင်ခုံခါးပတ်ပတ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။
ဗိုက်ကြီးနဲ့ဆိုတော့ ခါးပတ်ပတ်ရတာ သက်သောင့်သက်သာမဖြစ်တာနဲ့တော့ ခါးပတ်ကို မပတ်ဘဲမနေပါနဲ့။ လိုအပ်ရင် ခါးပတ်ကို ချဲ့လို့ရပါတယ်။

11. ထိုင်ခုံအမြင့်ကိုလိုသလို ချိန်ညှိပါ။
ဗိုက်နဲ့ လက်ကိုင်ကွင်း တိုက်နေရင် ထိုင်ခုံကို လိုသလိုချိန်ညှိလို့ရပါတယ်။ ဒါပေမဲ့ ရှေ့ကိုမမြင်ရလောက်အောင်တော့ ထိုင်ခုံကို အရမ်းနှိမ့်မထားပါနဲ့။

12. လမ်းကောင်းတဲ့နေရာတွေကို တတ်နိုင်သမျှ ရွေးမောင်းပါ။
ကိုယ်သွားမယ့်နေရာအတွက် ပိုမြန်ပြီးတော့ တိုတဲ့လမ်းတွေရှိနိုင်ပေမယ့် လမ်းဆိုးနေရင်တော့ လမ်းကောင်းကပဲ ရွေးမောင်းပါ။

>> ဘယ်အချိန်မှာ ကားမောင်းရပ်ဖို့လိုလဲ?
သက်သောင့်သက်သာမဖြစ်တော့ဘူး (သို့) ပင်ပန်းနွမ်းနယ်လာပြီ (သို့) ကားမောင်းဖို့အတွက် လန်းလန်းဆန်းဆန်း ဖြစ်မနေတော့ဘူးဆိုရင်တော့ ကားမမောင်းတာ အကောင်းဆုံးပါပဲ။

Dr. Mya Myo Myo Swe (www.drmyanmar.com)