/
node/10814

ရာသီလာခါနီးနှင့် ရာသီလာနေစဉ်တွင် အလွန်အမင်း ကိုက်ခဲနာကျင်ခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတိုင်းလိုလိုဟာ ရာသီလာခါနီးမှာ လေပွတာ၊ ဝက်ခြံထွက်များလာတာနဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်တာကို ခံစားဖူးကြမှာပါ။ ရာသီလာခါနီးနဲ့ လာနေစဉ်မှာ ကိုက်ခဲနာကျင်ခြင်းတွေဟာ တကယ့်ကို စိတ်ရှုပ်စရာကိစ္စဆိုတာ ကြုံဖူးသူတိုင်း သိကြပါလိမ့်မယ်။

>>  ရာသီလာစဉ် ကိုက်ခဲနာကျင်မှုဆိုတာ ဘာကိုဆိုလိုတာပါလဲ?
ရာသီလာခါနီးနဲ့ လာနေစဉ်မှာ ကြွက်သားတွေနာကျင်ခြင်းဖြစ်တာကို ဆိုလိုတာပါ။ ၇၅% သော အမျိုးသမီးတွေမှာ ဆီးစပ်ကိုက်တာ၊ ခါးအောက်ပိုင်းနာတာတွေကို ခံစားရလေ့ရှိပါတယ်။  ဒီလိုဆီးစပ်ကိုက်တာဟာ သန္ဓေမအောင်တဲ့အခါ သန္ဓေသားလောင်းလေး ကပ်တွယ်ဖို့ မလိုတော့လို့ ထူနေတဲ့သားအိမ်နံရံကတစ်သျှူးတွေကို ကွာကျစေဖို့အတွက် သားအိမ်ညှစ်တာကြောင့် ဖြစ်ပါတယ်။ တချို့တွေမှာ ကိုက်ခဲနာကျင်ခြင်းဟာ သိပ်မဆိုးပေမယ့် တချို့တွေမှာတော့ မခံမရပ်နိုင်အောင် နာကျင်တတ်ကြပါတယ်။

Dolfenal 1

ရာသီလာစဉ် ကိုက်ခဲနာကျင်ခြင်းကို Primary dysmenorrhoea နဲ့ Secondary dysmenorrhoea ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

>>  Primary dysmanorrhoea
ကိုက်ခဲနာကျင်ခြင်းကိုဖြစ်စေတဲ့ ဘာနောက်ခံအကြောင်းရင်းမှမရှိရင် primary dysmenorrhoea လို့ခေါ်ပါတယ်။ ရာသီလာခါနီးမှာ နာလေ့ရှိပြီး ရာသီသွေးစဆင်းပြီး (၈) နာရီကနေ (၇၂) နာရီအကြာမှာတော့ သက်သာသွားတတ်ပါတယ်။

>>  Secondary dyamenorrhoea
မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ ရောဂါတစ်ခုခုရှိလို့ ကိုက်ခဲနာကျင်ရတာပါ။ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကတော့ endometrisis လို့ခေါ်တဲ့ သားအိမ်အလွှာ နေရာလွဲမှားရောက်နေခြင်း၊ သားအိမ်ထဲတွင် အသားလုံးတည်ခြင်း၊ မျိုးပွားအင်္ဂါအဖွဲ့အစည်း ပိုးဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သားအိမ်ထဲ ကိုယ်ဝန်တားပစ္စည်း (IUD) ထည့်ထားရင်လည်း ဖြစ်တတ်ပါတယ်။

>>  ဘယ်လိုလူတွေမှာ ရာသီလာစဉ် ကိုက်ခဲနာကျင်လေ့ရှိပါသလဲ?
အသက် (၃၀) အောက်အမျိုးသမီးများ၊ ရာသီမမှန်ခြင်း၊ ရာသီသွေးဆင်းတဲ့ပမာဏများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မျိုးပွားအင်္ဂါအဖွဲ့အစည်းတွင် ရောဂါတစ်ခုခုရှိနေခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

>>  နောက်ဆက်တွဲဆိုးကျိုးများ
●  အရမ်းနာကျင်တဲ့အခါ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ဖို့ ပျက်ကွက်လာမယ်။ အလုပ်ပျက်၊ ကျောင်းပျက်တာတွေ ဖြစ်လာမယ်။
●  ပျို့အန်ခြင်း၊ ခါးကိုက်ခြင်းနဲ့ ကြွက်သားတွေအားနည်းပြီး နုံးချိခြင်းတွေ ဖြစ်လာမယ်။
●  Secondary dysmenorrhoea ကြောင့်ဆိုရင် ကိုယ်ဝန်မရနိုင်တာ၊ နေရာလွဲသန္ဓေတည်တာအထိတွေ ဖြစ်လာနိုင်ပါတယ်။

Dolfenal 2

>>  ဘယ်လိုကုသမှုတွေ ခံယူသင့်သလဲ?
၁။  နာကျင်မှုကို သက်သာစေသည့်ဆေးများ
အကိုက်အခဲပျောက်ဆေးများ၊ ဟော်မုန်းပါဝင်တဲ့ ကိုယ်ဝန်တားဆေးတွေဟာ ရာသီလာစဉ် ကိုက်ခဲနာကျင်ခြင်းကို သက်သာစေပါတယ်။

၂။  နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်း
●  စိတ်ဖိစီးမှုနည်းအောင်လို့ တရားထိုင်ပေးပါ။ ယောဂကျင့်ပေးပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အရည်များများ သောက်ပါ။ အာဟာရစုံလင်စွာ စားသောက်ပါ။ ဆေးလိပ်ဖြတ်ပါ။
●  ဝမ်းဗိုက်အောက်ပိုင်းကို ရေနွေးအိတ်ကပ်ပေးခြင်း၊ ရေနွေးနွေးလေးနဲ့ရေချိုးခြင်း စတာတွေကလည်း နာကျင်မှုကို သက်သာစေပါတယ်။
●  မိမိကိုနှစ်သိမ့်အားပေးနိုင်တဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးပါ။

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ?
ရာသီစလာပြီး (၇၂) နာရီကျော်တာတောင်မှ နာကျင်တာ မသက်သာဘူးဆိုရင်တော့ မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ ရောဂါတစ်ခုခုရှိလို့ ဖြစ်နိုင်ပါတယ်။ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီး နာကျင်မှုကိုဖြစ်စေတဲ့ အကြောင်းရင်းကို ရှာဖွေကုသပေးဖို့ လိုအပ်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)