ရာသီသွေးဆင်းတာ နည်းနေသလား
တစ်လတစ်ခါ ရာသီလာတဲ့အခါ အမျိုးသမီးတစ်ယောက်ရဲ့ ရာသီသွေးဆုံးရှုံးမှုပမာဏဟာ ၃၀ မှ ၈၀ မီလီလီတာလောက် ရှိပါတယ်။ မြင်သာအောင်ပြောရရင် စားပွဲတင်ဇွန်း နှစ်ဇွန်း၊ သုံးဇွန်းခန့်ပမာဏပါ။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဆုံးရှုံးတဲ့ပမာဏချင်း မတူကြပါဘူး။
တချို့က နည်းနည်းလာတတ်တယ်။ တချို့က များများလာလေ့ရှိတယ်။ ရာသီလာတဲ့အချိန် ပမာဏနည်းတဲ့သူတွေက များများလာတဲ့သူတွေနဲ့ နှိုင်းယှဉ်ပြီးတော့ မိမိကိုယ်ကို ရာသီလာတာ နည်းနေပြီလို့တော့ မယူဆသင့်ပါဘူး။
Dolfenal 1

>> ဘယ်လိုအခြေအနေကို ရာသီလာတာနည်းနေပြီလို့ သတ်မှတ်ရမလဲ?
ဒီနေရာမှာ အရေးကြီးတာတစ်ခုက သူများနဲ့ မနှိုင်းယှဉ်ပါနဲ့။ မိမိကိုယ်ကိုနဲ့သာ ပြန်နှိုင်းယှဉ်ပါ။
1. အရင်လထက်စာရင် ရက်နည်းသွားသလား - အရင်လတွေမှာ ခုနှစ်ရက်လောက် ရာသီလာလေ့ရှိတဲ့သူက ဒီလမှာမှ သုံးရက်လောက်ပဲ လာတော့တာလား။
2. လစဉ်သုံးပစ္စည်း သိပ်မလဲရတော့ဘူးလား - ပုံမှန် တစ်နေ့ကို လေးကြိမ်လောက် လဲရတဲ့သူက တစ်နေ့ နှစ်ကြိမ်လောက်ပဲ လဲရတော့သလား။
3. ပထမတစ်ရက်၊ နှစ်ရက်မှာကတည်းက ပမာဏနည်းနေတာလား - ပုံမှန်ဆိုရင် အမျိုးသမီးတစ်ယောက် ရာသီလာတဲ့အခါ ပထမတစ်ရက်၊ နှစ်ရက်မှာ ပမာဏအများဆုံးပါ။ နောက်ပိုင်း တဖြည်းဖြည်း နည်းသွားပြီးတော့ နောက်ဆုံးရက်ဆိုရင် စွန်းရုံလောက်ပဲလာတတ်ပါတယ်။ ဒီလိုမဟုတ်ဘဲ ပထမရက်မှာကတည်းက နဂိုလာနေကျထက် နည်းနေတာလား။
4. နေ့တိုင်း နည်းနည်းချင်းပဲ လာနေတာလား - အပေါ်တစ်ချက်မှာ ပြောထားသလိုပါပဲ။ ရာသီလာတယ်ဆိုတာ စလာတဲ့ရက်မှာများပြီး နောက်ပိုင်းမှ တဖြည်းဖြည်း နည်းသွားရမှာပါ။ ဒီလိုမဟုတ်ဘဲ စလာတဲ့ရက်ကနေ တောက်လျှောက် လစဉ်သုံးပစ္စည်းစွန်းရုံ (သို့) လစဉ်သုံးပစ္စည်း အသုံးပြုစရာမလိုလောက်အောင် အတွင်းခံစွန်းရုံလောက်ပဲ လာနေတာလား။
Dolfenal 2

>> ဒီလိုအချက်တွေရှိနေပြီဆိုရင်တော့ ရာသီလာတာနည်းနေပြီလို့ သတ်မှတ်လို့ရပါတယ်။
ဘာကြောင့်ရာသီလာတာ နည်းရတာလဲ။ အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။
1. အသက် (၂၀) နဲ့ (၃၀) ကြားကာလမှာ ရာသီလာတာ ပုံမှန်အဖြစ်ဆုံးပါ။ (၃၀) နှောင်းပိုင်းနဲ့ (၄၀) ထဲ ရောက်ပြီဆိုရင်တော့ ရာသီမမှန်တာ၊ ရာသီလာတာနည်းတာတွေဖြစ်ဖို့ အခွင့်အရေး များလာပါပြီ။ သွေးဆုံးချိန်နီးလေ ရာသီလာတာ ပိုနည်းလေပါပဲ။
2. ပုံမှန်ရာသီလာဖို့ဆိုရင် သားဥအိမ်ကနေ သားဥကြွေပေးရပါတယ်။ ဒီလိုသားဥကြွေတာ မရှိခဲ့ရင်တော့ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ရာသီလာနည်းတာ၊ ရာသီမမှန်တာတွေ ခံစားရနိုင်ပါတယ်။
3. စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်ရဲ့ဟော်မုန်းမျှခြေကို ပျက်စီးစေတဲ့အတွက်ကြောင့် ရာသီလာနည်းခြင်း၊ ရာသီမမှန်ခြင်းတို့ကို ဖြစ်စေပါတယ်။
4. မိမိခံနိုင်ရည်ရှိသလောက်မလုပ်ဘဲ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုအခြေအနေထဲ ရောက်စေတာနဲ့ တူပါတယ်။ ဒါကြောင့် အပြင်းအထန် လေ့ကျင့်ခန်းလုပ်တဲ့သူတွေဟာ ရာသီလာတာနည်းတတ်ပါတယ်။ တစ်ခါတလေ ရာသီ လုံးဝမလာတာမျိုးတောင် ရှိနိုင်ပါတယ်။
5. ပိန်လွန်းတဲ့သူတွေမှာ ရာသီနည်းတာ ဖြစ်တတ်ပါတယ်။ အစားအသောက်ရှောင်ခြင်း၊ အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်း၊ နာမကျန်းဖြစ်ခြင်းတို့ဟာ ပိန်ရတဲ့အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းရင်းတွေကလည်း ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုဖြစ်စေလို့ ဟော်မုန်းမျှခြေပျက်စီးပြီး ရာသီလာနည်းရတာပါ။
6. တချို့ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ PCOS လို့ခေါ်တဲ့သားဥအိမ်မှာ အရည်အိတ်တွေ ဖြစ်နေတဲ့ရောဂါမှာဆိုရင် သားဥမကြွေနိုင်တဲ့အတွက်ကြောင့် ရာသီလာတာနည်းလေ့ရှိတယ်။ သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါတွေမှာလည်း ရာသီလာတာ နည်းတတ်ပါတယ်။
7. ကိုယ်ဝန်ဆောင်တားဆေးသောက်လို့လည်း ဖြစ်နိုင်ပါတယ်။ တားဆေးတွေဟာ သားဥကြွေတာကို တားဆီးပေးတဲ့အတွက်ကြောင့် ရာသီလာနည်းရတာပါ။ သောက်ဆေးအပြင် တခြားသားဆက်ခြားနည်းတွေဖြစ်တဲ့ သုံးလခံတားဆေးထိုးခြင်း၊ သားအိမ်ထဲ (သို့) လက်မောင်းထဲ ပစ္စည်းထည့်ခြင်းတွေဟာလည်း ရာသီလာနည်းခြင်းကို ဖြစ်စေပါတယ်။
8. နို့တိုက်မိခင်တွေမှာလည်း ရာသီလာတာ နည်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် ရာသီမပေါ်ဘဲ ကလေးမွေးပြီးသွားတဲ့အခါမှ ဖြည်းဖြည်းချင်း ရာသီပြန်ပေါ်လေ့ရှိတော့ စပေါ်တဲ့အချိန်တွေမှာ ရာသီလာတာနည်းတတ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်သလဲ?
● ဒီလိုရာသီလာနည်းတာဟာ ရံဖန်ရံခါမဟုတ်ဘဲ တောက်လျှောက်ဖြစ်နေမယ်ဆိုရင်
● ရာသီလာတာနည်းတဲ့အပြင် တစ်လတစ်ခါ ပုံမှန်မလာတော့ဘူးဆိုရင်
● တခြားရောဂါလက္ခဏာတွေပါ တွဲရှိနေရင် (ဥပမာ - ဆီးစပ်ကိုက်ခြင်း၊ မိန်းမကိုယ်ကနေ အနံ့နံသောအရည်ဆင်းခြင်း)
ဒီလိုကိစ္စတွေ ကြုံလာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)






























