/
node/10859

ကလေးတွေ ချောင်းဆိုးတဲ့အခါ

Category
ကလေးများနှင့်ကျန်းမာရေး

ရာသီဥတုအေးလာပြီဆို အဖြစ်အများဆုံးက ဖျားတာရယ်၊ ချောင်းဆိုးတာရယ်ပါပဲ။ ကလေး ချောင်းဆိုးပြီဆိုရင် မေမေဖေဖေတို့ဟာ တစ်ခုခုများဖြစ်ပြီလား စိုးရိမ်တတ်ကြပါတယ်။ ချောင်းဆိုးတာရှည်လာရင် ပိုဆိုးတာပေါ့။

ချောင်းဆိုးတယ်ဆိုတာ ...
နှာခေါင်းအရင်းကနေ အသံကြိုးထိကို အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းလို့ခေါ်ပြီး လေပြွန်မကြီးကနေ လေပြွန်ငယ်နဲ့ လေအိတ်လေးတွေအထိကို အသက်ရှူလမ်းကြောင်းအောက်ပိုင်းလို့ ခေါ်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲကို လေကလွဲလို့ တခြားအချွဲလိုမျိုး အရာတစ်ခုခုရှိနေရင် သူက ဖယ်ရှားဖို့ကြိုးစားတာကြောင့် ချောင်း စဆိုးလာတာပါ။ ကလေးတွေမှာတော့ နှာရည်ကနေ အသက်ရှူလမ်းကြောင်းကို ကျလာတာကြောင့် ချောင်းဆိုးတာ များပါတယ်။

Atussin Kids 1

ချောင်းဆိုးသက်သာအောင် ဘယ်လိုလုပ်ရမလဲ?
နမိုးနီးယား၊ ထိပ်ကပ်နာ၊ ကြက်ညှာချောင်းဆိုးတွေအတွက် ပိုးသတ်ဆေးပေးထားတယ်ဆိုရင် ဆေးပတ်လည်အောင် သောက်ပါ။ အတော်များများကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ ပိုးသတ်ဆေးပေးလည်း ဘာမှမထူးပါဘူး။ ဒါကြောင့် ကလေး သက်သာအောင် လုပ်ပေးနိုင်မယ့်နည်းလမ်းလေးတွေ ပြောပြပါ့မယ်။
1.  နှာခေါင်းပိတ်တာ သက်သာအောင် နှာခေါင်းအစက်ချဆေး ထည့်ပါ။
2.  ချွဲပျော်အောင် ရေများများသောက်ပါ။
3.  လည်ချောင်းယားတာ၊ နာတာသက်သာအောင် ရေနွေးနဲ့ ပျားရည်တိုက်ပါ။ (အသက် ၁ နှစ်အထက် ကလေးများသာ)
4.  အသက် ၄ နှစ်အထက် ကလေးတွေမှာ ချောင်းဆိုးပျောက်ဆေးရည် တိုက်ပါ။
5.  ဆေးလိပ်ငွေ့နဲ့ ဝေးဝေးထားပါ။
6.  ရေနွေးငွေ့ရှူပါ။
7.  နှာစေးပျောက်ဆေးနဲ့ ချောင်းဆိုးပျောက်ဆေးတွေကို အသက် ၆ နှစ်နဲ့အထက်ကလေးတွေမှာပဲ ပေးပါ။

Atussin Kids 2

ဘယ်တော့စိုးရိမ်ရမလဲ?
ချောင်းဆိုးတာ ၁၀ ရက်ကျော်လာရင်၊ အသက်ရှူကြပ်လာတယ်၊ ရင်ဘတ်အောင့်လာတယ်ဆိုရင် ဆရာဝန်နဲ့ပြပါ။ အသက်ရှူ မြန်/မမြန်၊ ရင်ကြားလေးတွေ အသက်ရှူတိုင်း ချိုင့်/မချိုင့် စောင့်ကြည့်ပါ။ အသက်ရှူတိုင်း ဝီစီသံထွက်နေတာ၊ တစ်ရွှီရွှီ မြည်နေ/မနေ နားထောင်ပါ။ ဒီလိုတွေရှိရင်တော့ ဆရာဝန်နဲ့ပြပါ။ အသက်ရှူရ အရမ်းခက်ပြီး နှုတ်ခမ်းလေးတွေ ပြာနေပြီဆိုရင်တော့ အရေးပေါ်ကို သွားဖို့လိုပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)