/
node/10898

ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းကမောက်ကမ ဖြစ်နေပြီဆိုရင်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းကမောက်ကမ ဖြစ်နေပြီဆိုရင် ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

၁။  စိတ်ခံစားမှုအတက်အကျမြန်ခြင်း
ဓမ္မတာမလာခင်အချိန်မှာ ဟော်မုန်းအတက်အကျတွေ ဖြစ်တဲ့အတွက်ကြောင့် စိတ်ခံစားမှု အပြောင်းအလဲတွေနဲ့ ကြုံရတတ်ပါတယ်။

၂။  ဓမ္မတာများခြင်း၊ အရမ်းနာခြင်း
တခြားလက္ခဏာတွေဖြစ်တဲ့ ဗိုက်အောင့်တာ၊ ဆီးခဏခဏသွားချင်တာ၊ ခါးအောင့်တာ၊ ဝမ်းချုပ်တာ၊ အတူနေရင်နာကျင်တာ စတာတွေရှိရင်တော့ သားအိမ်အသားလုံးကို စဉ်းစားရပါမယ်။ ဒီသားအိမ်အသားလုံးတွေဟာ ကင်ဆာမဟုတ်တဲ့ရိုးရိုးအသားလုံးဖြစ်ပြီး ဘာကြောင့်မှန်းမသိပေမယ့် အီစထရိုဂျင်ရဲ့လှုံ့ဆော်မှုကြောင့်လို့ ယူဆပါတယ်။ မိသားစုရာဇဝင်ရှိရင် ဖြစ်ဖို့ပိုများပါတယ်။

Dolfenal 1

၃။  လိင်စိတ်ဆန္ဒလျော့နည်းခြင်း
လိင်စိတ်ဆန္ဒ လျော့နည်းခြင်းဟာ သွေးမဆုံးခင်ကာလနဲ့ သွေးဆုံးပြီးနောက်မှာ အီစထရိုဂျင်ဟော်မုန်းနဲ့ တက်စတိုစတီရုန်းဟော်မုန်းတွေ လျော့နည်းသွားလို့ဖြစ်တာပါ။ တခြားလက္ခဏာတွေဖြစ်တဲ့ ညဘက်ချွေးစေးပြန်တာ၊ နုံးတာ၊ စိတ်ဓာတ်ကျတာ၊ စိတ်လှုပ်ရှားတာတွေကလည်း လိင်မှုကိစ္စမှာ အနှောင့်အယှက်ပေးနိုင်ပါတယ်။

၄။  အိပ်မပျော်ခြင်း၊ အိပ်ရေးမဝခြင်း
သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်မှာ သားဥအိမ်ကနေ အီစထရိုဂျင်နဲ့  ပရိုဂျက်စထရုန်းဟော်မုန်းတွေ အနည်းအကျဉ်းသာ ထုတ်ပါတော့တယ်။ ဒီဟော်မုန်းတွေဟာ အိပ်စက်ခြင်းကို အားပေးတဲ့ဟော်မုန်းတွေပါပဲ။ အီစထရိုဂျင်ပမာဏ လျော့နည်းလာခြင်းကြောင့် ညဘက်ကို ချွေးတွေထွက်ပြီး အိပ်ရေးပျက်စေတဲ့အတွက်လည်း နုံးပြီး အားအင်ချိနဲ့စေနိုင်ပါတယ်။

၅။  အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်တက်လာခြင်း
ဟော်မုန်းဆိုင်ရာပြဿနာတွေဖြစ်တဲ့ သိုင်းရိုက်ဓာတ်အားနည်းတာ၊ သားဥအိမ်အရည်အိတ်ငယ်လေးများ တည်တဲ့ရောဂါစု၊ သွေးဆုံးခြင်း စတဲ့ အခြေအနေတွေအားလုံးဟာ ကိုယ်အလေးချိန် ကျစေနိုင်ပါတယ်။

၆။  အရေပြားပြဿနာများ
တာရှည်ဝက်ခြံတွေ တောက်လျှောက်ပေါက်နေတာဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စထရုန်းနည်းပြီး တက်စတိုစတီရုန်းများနေတာ၊ သားဥအိမ်မှာ အရည်အိတ်ငယ်များ စုဝေးနေတဲ့ရောဂါစု စတာတွေကို ဖော်ပြပါတယ်။ ဒီနည်းတူပဲ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်မှာ အသားတွေ ယားယံသလို သွေးဆုံးချိန်နဲ့ သိုင်းရွိုက်ပြဿနာတွေကြောင့်လည်း အသားခြောက်နိုင်ပါတယ်။

Dolfenal 2

၇။  သန္ဓေတည်ခြင်းပြဿနာများ
အမျိုးသမီးတွေမှာ ကလေးမရနိုင်တဲ့ အဓိကအကြောင်းရင်းတွေထဲမှာ ဟော်မုန်းမညီမျှတာပါသလို ဟော်မုန်းအတက်အကျတွေကြောင့်လည်း အသက် ၃၅ နှစ်ကျော်ရင် ကလေးရနိုင်ခြေ လျော့နည်းလာတာပါ။ FSH ဆိုတဲ့ ဟော်မုန်းများလေလေ ကလေးရနိုင်ခြေ နည်းလေလေဖြစ်သလို သားဥကြွေစေပြီး ပရိုဂျက်စထရုန်းဟော်မုန်းတွေ ထွက်စေတဲ့ LH ဟော်မုန်းလျော့နည်းလာရင်လည်း ကလေးရနိုင်ခြေ နည်းပြန်ပါတယ်။ အရွယ်မတိုင်မီသွေးဆုံးခြင်းနဲ့ သားဥအိမ်မှာ အရည်အိတ်ငယ်များ တည်တဲ့ရောဂါစုတွေကလည်း မျိုးပွားနိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။

၈။  ခေါင်းကိုက်ခြင်း
အမျိုးသမီး အတော်များများဟာ ကိုယ်ဝန်ဆောင်ချိန်၊ ဓမ္မတာလာချိန်၊ သွေးဆုံးချိန်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခေါင်းကိုက်တတ်ကြပါတယ်။

၉။  အရိုးအားနည်းခြင်း
သွေးမဆုံးခင်ကာလနဲ့ သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင်ပမာဏ လျော့နည်းလာတာကြောင့် အရိုးဆုံးရှုံးမှုတွေ ဖြစ်လာတတ်ပါတယ်။

၁၀။  မိန်းမကိုယ်ခြောက်သွေ့ခြင်း
အမျိုးသမီးတွေမှာ အထူးသဖြင့် သွေးမဆုံးခင်ကာလနဲ့ သွေးဆုံးပြီးနောက်မှာ အီစထရိုဂျင်ဟော်မုန်း ကျဆင်းလာတာကြောင့် မိန်းမကိုယ် ခြောက်သွေ့လာတတ်ပါတယ်။ တားဆေးသောက်တာ၊ စိတ်ကျရောဂါပျောက်ဆေးတွေသောက်တာ စတာတွေကြောင့် ဟော်မုန်းတွေပြောင်းလဲပြီး မိန်းမကိုယ် ခြောက်သွေ့နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)